Friday, May 23, 2014

Neem ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့

မြန်မာ့အရေးမှာ နိုင်ငံတကာကသုံးသပ်သူတွေနဲ့ မြန်မာပြည်သားတွေရဲ့ ကနေ့ပစက္ခ အပြောင်းအလဲတွေအပေါ် ဆန်းစစ်တာ ကောက်ချက်ချတာတွေက တချို့နေရာတွေမှာ မတူကြပါ။ နိုင်ငံတကာဆိုတာက ကျယ်ပြန့်လို သူတို့ကြားမှာလဲ ကွဲပြားတယ်။ အကျိုးစီးပွါးလဲ ခြားနားလို့ပါ။ မြန်မာနိုင်သား နည်းနည်းလေးအထဲမှာ ကွဲလွဲတာက ရိုးရှင်းတယ်။ အဟောင်းသမားတွေက အဟောင်းကို ချီမွမ်းတသကြတယ်။ အသစ်ဖြစ်ချင်သူတွေက အားမရကြပါ။ သည်ကြားထဲမှာ မဟောင်း-မသစ်တွေက အားလိုအားရ အုပ်စိုးသူဘက်က လိုက်ပါကြတယ်။ ခေတ်တိုင်းမှာ ရှိတတ်တာပါ။ ‘သခင်အားရ’ လို့အထိ ကလိရင် ခံချင်ပါ့မလားမမေးနဲ့။ ပြုံးရယ်မပျက်၊ အရှက်ဖက်နဲ့ ထုပ်ထားပြီးသူတွေ ဖြစ်တယ်။

အပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတာကိုတော့ သဘောမကွဲလွဲကြပါ။ အရင်သုံးနှစ်ကဆိုရင် ဒါမျိုး အပြောင်းအလဲတွေကို မျှော်လင့်လို့မရခဲ့၊ ကြိုတွက်လို့လည်း မရခဲ့ပါ။ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ ကလေးစစ်သားနဲ့ ကလေးအလုပ်သမားအပါအဝင် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေလို အရေးကြီးတဲ့ကိစ္စရပ်တွေမှာ အလှည့်အပြောင်းတွေ ကြုံခဲ့ပါပြီ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာပေါ်လာပြီ။ ရေးကောက်ပွဲတွေလည်း လုပ်တယ်။ ဒုတိယကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီ။ ဒုတိယအထွေထွေ ရွေးကောက်ပွဲကြီး ကလဲ ပြက္ခဒိန်တခါထုတ်သာ လိုပါတော့တယ်။

နိုင်ငံခြားသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အလေးပေးပြောရပါတယ်။ ဗမာပြည်က အလားအလာကောင်းတွေကို မျှော်ကြည့်ချင်တယ် ဆိုရင်ဖြင့်၊ ကျော်လွန်ပြီး မျှော်လင့်လို့ မရနိုင်တဲ့ အကန့်အသတ်တွေကို သိကြမှဖြစ်မယ်လို့ စေတနာစကားလဲ ပါးလေ့ရှိပါတယ်။ လွတ်လပ်ရေးရကတည်းက ဗမာ့နိုင်ငံရေးမှာ ထိပ်ကခေါင်းဆောင်တွေကသာ အခရာကိစ္စတွေကိုကိုင်ထားပြီး၊ တခြားနိုင်ငံအများအပြားမှာလို နိုင်ငံရေး ပါတီတွေက အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိရှာကြပါဘူး။ ဦးနု၊ ဦးနေဝင်း၊ ဦးသန်းရွှေတို့ပြီးရင် ဦးသိန်းစိန်က ‘အကြီးအကဲ’ ဖြစ်သင့်တာပါ။ ဒါပေမဲ့ ဒါလုံးဝမှန်တယ်လို့ မပြောနိုင်ပါဘူး။ သမ္မတအပြင် ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ထိပ်ဆုံးမှာက အငြိမ်းစားရထားပြီးဆိုသူလဲ ရှိသေးတယ်။ သူတို့အားလုံးရဲ့ အပြင်စည်းဟာ လက်ရှိအခြေခံဥပဒေဖြစ်ပါတယ်။

အားမနာတမ်းမေးရတဲ့ မေးခွန်းတခုကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ကနေ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဖို့ရာ တောင်းဆိုနေကြတာဖြစ်တယ်။ ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး ကုလသမဂ္ဂနဲ့ ပြည် ပနိုင်ငံတွေဖိအာားပေးခံရတာ ဘယ်နိုင်ငံရှိပါလဲလို့ မေးရင် ဖြေတဲ့သူမရှိဘူး။

လွန်ခဲ့နှစ်အနည်းငယ်အတွင်းမှာ စစ်အစိုးရရဲ့ လက်တွဲဖော်ဟောင်းတွေအနက်၊ တရုတ်ပြည်က သေနင်္ဂဗျူဟာသစ်နဲ့ နည်းပရိယာယ်သစ်တွေကို ဖော်စပ်လာတယ်။ တရုတ်ကနေ နိုင်ငံရေးပါတီတွေ၊ လှုပ်ရှားတက်ကြွသူတွေကို ဖိတ်နေတယ်။ တရုပ်က မြန်မာနိုင်ငံအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ရပ်တွေကိုလည်း စသုံးလာတယ်။ ‘အထူးသံ’ ဆိုတာလည်း ခန့်အပ်ခဲ့တယ်။ ကုလသမဂ္ဂရယ်၊ အမေရိကားရယ် တရုတ်ရယ်ပဲ ဗမာပြည်ကို ဒီလိုမျိုး အထူးသံခန့်တာ သတိပြုစရာပါ။

နောက်ဆုံး အထူးသံဆိုတာ OIC ကတဲ့။ ဒီဟာကိုတော့ အတော်ကြီး သတိကြီးကြရပါလိမ့်မယ်။ စစ်အစိုးရနှစ်ဆက် တုံးကတော့ ကုလသမဂ္ဂအထူးသံနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ်ရဲ့ အထူးသံရယ်ဘဲရှိတာပါ။ တစုံတရာ ပြောင်းလာတော့မဲ့ အရိပ်အယောင်ပြတဲ့အခါ အမေရိကားနဲ့ အီးယူက အထူးသံတွေ ထပ်တိုးတာတယ်။ မြစ်ဆုံကနေ တရုပ်ကို အထူးသံခန့်ဘို့ဖြစ်လာတယ်။ ရခိုင်အရေးအပြီး OIC တပ်တိုးလာပြန်ပြီ။ နောက်ထပ် အတူးသံတွေ ဘယ်လောက်များအုံးမလဲ မသိသေးပါ။ ဒါတွေဟာ မြန်မာ့သမိုင်းထဲကို တိုးဝင်လာကြတဲ့ အသစ်တွေပါ။ တချို့က အသစ်တိုင်း ကောင်းမယ်ထင်ကြတယ်။ မှားပါတယ်။

စိန်ခေါ်မှုအသစ်တွေကို လျှော့မတွက်သင့်ပါ။ နောက်တိုးတွေထဲမှာ နိုင်ငံသစ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်သစ်တွေသာ မကပါ၊ INGO တွေ NGO တွေပါ ပါတယ်။ အသိပညာအသစ်တွေ၊ နိုင်ငံတကာဓလေ့လို့ ခေါ်တာတွေကို ရေးကြီးသုတ်ပြာ တင်သွင်းလာကြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ ပညာငတ်မွတ်နေရှာကြတဲ့ လူငယ်မျိုးဆက် (တချို့မှာ) အစာမကြေဖြစ်ကြတယ်။ တချို့လည်း အစာဆိပ်သင့်ဖြစ်ရတယ်။ မြန်မာအများစုအဖို့ အဲလိုအသစ်အဆန်းတွေနဲ့ ပတ်သက်ရင် ကိုယ်ခံအားမှ မကောင်းသေးလို့ဖြစ်တယ်။ တချို့လူငယ်တွေက ကိုယ့်စံ၊ ပေတံတွေကို မသိကြလေတော့ ရှေ့တန်းရောက်ပေ့ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေကို ယူမိတာ့ ခွကျတော့တာပေါ့။

လူရွယ်တွေ ပါးစပ်ဖျားကနေ ‘အရွေ့’ ဆိုတဲ့စကားလုံးမပါရင် စာမဖတ်သူ အထင်ခံရမှာစိုးလို့လားမသိ၊ အတော်များများက ပြောနေကြတယ်။ အမှတ်တခုကနေ တခြားအမှတ်တခုကို ရွေ့သွားတာကို ရူပဗေဒဝေါဟာရနဲ့ မြန်မာလို ‘အရွေ့’ လို့ သတ်မှတ်ထားတယ်။ ၁၉၆ဝ ကျော်ကတည်းက သိပ္ပံဘာသာရပ်တွေကို စပြီးမြန်မာမှုပြုစဉ်ကတည်းက သုံးနေတာပါ။ ခေတ်စကားလို့ ထင်နေကြသလားမသိပါ။

ဇီဝဗေဒအရလဲ သက်ရှိလောကကြီးဟာလဲ တည်မနေပါ။ အမြဲရွေ့နေတာပါ။ ပြောင်းနေတာပါ။ ဟောင်းနေ၊ သေသွားပြီး၊ အသစ်တွေ ဖြစ်လာနေတာပါ။ မြန်မာ့နိုင်ငံရေးကလဲ အဟောင်းနေရာမှာ အသစ်တွေဝင်လာနေတာ မရပ်မနားဖြစ်ပါတယ်။ သေတာတွေက သေကြပြီ။ အသစ်တွေပေါက်လာကြတယ်။ သိထားဘို့က ‘တမာမျိုးကနေ ခါးတဲ့အသစ်’၊ ‘ငရုပ်မျိုးကနေ စပ်တဲ့အသစ်’ သာ ဖြစ်လာနိုင်တာပါ။ ဓါတုဗေဒလိုပြောကြရင်လဲ ‘ရုပ်ပြောင်းလဲခြင်း’ သဘောသာဖြစ်ပြီး ‘ဓါတ်ပြောင်းတာ’ မဟုတ်ပါ။

ရူပဗေဒမှာ ‘မိုးရှင်း’ ခေါ်တယ်။ ‘ချိန်း’ မဟုတ်ပါ။ အမှတ်တခုကနေ နောက်အမှတ်တခုကို ရွေ့သွာတယ်။ အရှိန်၊ လားရာ နဲ့ အချိန်အပေါ်မှာမူတည်တယ်။ ကိုယ်ထည်နဲ့ နေရာပြောင်းတာကို သိရမယ်။ အခုဟာက ကိုယ်ထည်အတူတူ နေရာပြောင်းတာသာ ဖြစ်တယ်။

ကျွန်တော်တော့ ‘အကွေ့’ လိုသာမြင်တယ်။ “အချိုးအကွေ့မှာ အဆိုးတွေမတွေ့အောင် လုပ်ကြရပါမယ်”။ မျိုးရိုးဗီဇဆိုတာ ပြောင်းမရပါ။ ချိုတာလိုချင်ရင် တမာ ထပ်မစိုက်ပါနဲ့။ ခါးသီးတဲ့ဘဝတွေက လွတ်မြောက်ကြပါစေ။

ဒေါက်တာတင့်ဆွေ