Saturday, May 10, 2014

Crazy names ‘နာမည်’ ကို ‘နံမယ်’ လို့လဲဖတ်ကြတယ်

မြို့နာမည်၊ ရွာနာမည်၊ လမ်းနာမည်၊ စတာတွေမှာ နိုင်ငံရေးပါတီနာမည် တပ်ထားတဲ့ အလေ့အထဟာ တနည်းဆိုရရင် မဲစည်းရုံးရေးအတွက် အသုံးချတာဖြစ်တယ်။ အာဏာရှိလို့ ငါလုပ်တာဘာဖြစ်လဲသဘောနဲ့ တမင်လုပ်တာဖြစ်တယ်။ ဘက်လိုက်မှုနဲ့ ပြောင်ပြောင်တင်းတင်းလုပ်တာဖြစ်တယ်။၊ ဥပဒေချိုးဖေါက်မှု ဟုတ်-မဟုတ် ဆန်းစစ်သင့်တယ်။ ဥပဒေနဲ့ တားထားတာ မရှိသေးရင် ဥပဒေလုပ်ရမယ်။

သူများနိုင်ငံတွေမှာ အဲလိုအများဆိုင်နေရာတွေ၊ အဆောက်အဦတွေကို နာမည်တခုပေးတော့မယ်ဆိုရင် စည်းကမ်း ထားတယ်။ ဆွေးနွေးငြင်းခုံမှုတွေ လုပ်ရတယ်။ လုပ်ပိုင်ခွင့် အဆင့်ဆင့်သတ်မှတ်ထားတယ်။ ဥပမာ မြို့တော်ဝန်ကနေ လုပ်နိုင်တာ၊ မြို့ကောင်စီ၊ ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့၊ နိုင်ငံတခုလုံးနဲ့ဆိုင်တဲ့ လွှတ်တော်၊ သမတလို တိုင်းပြည်ရဲ့ ဥသျှောင်။

အိန္ဒိယမှာ အများဆိုင်တာတွေကို နာမည်ပေးရင် ကြီးရင်ကြီးသလို အများစုက လက်ခံတာကိုသာ သုံးကြရတယ်။ ဂန္ဒီ၊ နေရူး၊ တိလတ်၊ ဆာဒါပတေး၊ စတာတွေ အများကြီး။ နိုင်ငံရေးမှာ အငြင်ပွါးစရာ ဖြစ်လောက်တဲ့ အင်ဒီရာဂန္ဒီ နိုင်ငံတကာလေဆိပ်။ အိန္ဒိယနိုင်ငံသား မဟုတ်တာတွေလဲ ရှိသေးတယ်။ မာသာထရီဇာ၊ နယ်လဆင်မန်ဒဲလား။ ဒါပေမဲ့ နိုင်ငံရေးပါတီနာမည်နဲ့တော့ တခုမှမရှိပါ။

မြန်မာပြည်မှာ နိုင်ငံရေးပါတီဆိုပြီး မဖွဲ့ခင်ကတည်းကနေ မြို့တွေ၊ ရွာတွေကို ကြံ့ခိုင်ရေးမြို့-ရွာဆိုပြီး ဆိုင်းဘုတ်တွေ ထောင်နေခဲ့တာ စစ်အစိုးရလက်ထက်ကတည်းကပါ။
- ကြံ့ခိုင်ရေးလဲ၊ စစ်အစိုးရဘဲ၊
- ပြည်ခိုင်ဖြိုးလဲ စစ်အစိုးရဘဲ၊
- လက်ရှိ အစိုးရလဲ စစ်အစိုးရဘဲ။
- လက်ရှိ လွှတ်တော်လဲ စစ်အစိုးရဘဲ။
- လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်ကလဲ စစ်အစိုးရဘဲ။
- လက်ရှိ အုပ်ချုပ်ရေးယန္တယားလဲ စစ်အစိုးရဘဲ။
- လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဆိုတာလဲ စစ်အစိုးရဘဲ။

၁၉၉ဝ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးယာဉ်တွေမှာ NLD အဖွဲ့ချုပ် အလံ၊ အမှတ်အသား ကပ်မထားရလို့လုပ်ခဲ့တယ်။ KNU ဌာနချုပ် မာနယ်ပလောမှာ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ဆိုင်ဘုတ်ထောင်ခွင့်ရှိတယ်။

မြို့တွေ၊ ရွာတွေမှာ ကြံ့ခိုင်ရေးမြို့-ရွာဆိုပြီး စိုက်ထူထားတာကို လွှတ်တော်မှာ မေးခွန်းထုတ်သင့်ပါပြီ။ ရွေးကောက်ပွဲ ကော်မရှင်က အရေးယူသင့်ပါပြီ။

အလားတူ တခြားနိုင်ငံရေးပါတီတွေကနေ အဲလိုဆိုင်းဘုတ်တွေ စိုက်ရင်ကော ရမလား။ ပြည်ခိုင်ဖြိုးနဲ့ ကြံ့ခိုင်ရေး မတူပါဘူးလို့ ပြောတာ ဝိနည်းလွတ်ပါသလား။ ဒါဆိုရင် -
- ရန်ကုန်ကို ‘ဒီမိုကရေစီမြို့တော်’ လို ဆိုင်းဘုတ်စိုက်မယ်ဆိုရင် ဖြုတ်ချပြီး တရားစွဲမှာလား။
- နေပြည်တော်မှာ ‘ခွပ်ဒေါင်းမြို့တော်’ လို့ ဆိုင်းဘုတ်ထောင်မယ်ဆိုရင် ဆွဲဖြုတ်ပြီး ထောင်ချမှာလား။

ဒေါက်တာတင့်ဆွေ
၁ဝ-၅-၂ဝ၁၄