Tuesday, April 8, 2014

Government size ‘၉၆ ပါးရောဂါ’ သို့မဟုတ် ‘အစိုးရအရွယ်အစား’

ကမ္ဘာမှာ အသေး-အကြီးဆိုတဲ့ပေတံနဲ့တိုင်းတာတဲ့ ‘အစိုးရအမျိုးအစား’ အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့နိုင်ငံက အစိုးရဟာ ဘယ်အစားထဲမှာ ပါသလဲ။

‘အစိုးရအသေးစား’ ဆိုတာ (လစ်ဘရယ်) အယူအဆမှာ အရေးပါတဲ့ခေါင်းစဉ်ဖြစ်တယ်။ သြစတြေးလျက ဥပမာတခု ဖြစ်ပါတယ်။ လေဘာပါတီကတော့ အစိုးရအရွယ်အစားကြီးပြီး၊ လစ်ဘရယ်ပါတီက အစိုးရသေးမယ်။ နယူးဇီလန်၊ ဆွစ်ဇာလန်နဲ့ ဟောင်ကောင်အစိုးရတွေက အစိုးရအသေးစားတွေ ဖြစ်ကြတယ်။ အစိုးရအဖွဲ့ဝင်ဦးရေးကိုသာမက အခွန်ကောက်ခံမှုနဲ့ အစိုးရအသုံးစရိတ်ကိုပါ ချိန်ထိုးပြီး နှိုင်းယှဉ်လေ့လာကြရပါတယ်။ သြစတြေလျမှာ အခွန်ကောက်ခံမှု အဆင့်က နဝမမြောက်အနည်းဆုံးဖြစ်ပေမဲ့ အစိုးရအသုံးစရိတ်မှာ သတ္တမမြောက် အနည်းဆုံးဖြစ်တယ်။

ယူကေ မှာ (မာဂရက်သက်ချား) လက်ထက်မှာ ကွန်ဆာဗေးတစ်ပါတီက အစိုးရအသေးစား အယူအဆကိုတင်တယ်။ အတိုက်အခံ လေဘာပါတီက ငြင်းချက်တွေထုတ်တယ်။ ယူနိုက်တက်စတိတ်မှာ ဖွဲ့စည်းပုံအရ အစိုးရအသေးစားကို ရည်ရွယ်ထားတယ်။ (ရော်နယ်ရီဂင်) လက်ထက်မှာ အစိုးရအသေးစားလှုပ်ရှားမှုကို မြှင့်တင်ခဲ့တယ်။ ‘Tea Party movement လက်ဖက်ရည်ပါတီ’ လို့ သုံးနှုန်းတယ်။

Nanny state ‘ကလေးထိန်းအစိုးရ’ ဆိုတာ ဗြိတိသျှကနေလာတယ်။ အစိုးရဖြစ်ဖြစ် သူ့ပေါ်လစီဖြစ်ဖြစ်ကို လိုတာထက်ပိုပြီး အကာကွယ်ပြုထားတယ်။ ဥပမာတွေထဲမှာ နယူးဇီလန်နဲ့ စင်္ကာပူအပြင် ဥရောပကော်မရှင်ကိုပါ အပြောင်သဘော အပြောခံရတယ်။

‘အကန့်အသတ်အစိုးရ’ အမျိုးအစားဆိုလဲ ရှိပါတယ်။ နိုင်ငံသားတွေကို ဒေသအစိုးရအလုပ်တွေမှာ ပိုပြီး လုပ်ပိုင်ခွင့် ပေးတယ်။ အစိုးရကနေ လူထုလွတ်လပ်ခွင့်တွေမှာ ဝင်စွက်မှာမျိုးကို ဥပဒေလုပ်ပြီး ကန့်သတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကို ထည့်ရေးတယ်။ ‘စံပြုထိုက်တဲ့အစိုးရ’ မျိုးရဲ့ လူတွေရဲ့ ညီမျှမှုတွေ အခွင့်အရေးတွေကို အကာကွယ်ပေးရမယ်ဆိုတာနဲ့ ဒီလိုအကန့်အသတ်ရှိတဲ့ အစိုးရပုံစံဟာ ပြောင်းပြန်ဖြစ်နေတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကန့်အသတ်အစိုးရ အယူအဆဟာ ဘုရင်တွေမှာ ‘ဘုရားသခင်ပေးထားတဲ့ အုပ်ခွင့်အာဏာ’ ရှိတယ် ဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ၁၉၆၂ ကတည်းက စခဲ့တာ ‘စစ်တပ်ကပေးတဲ့ အုပ်ချုပ်ခွင့်အာဏာရှိတယ်’ ဆိုတဲ့ အယူအဆဟာ ကနေ့အထိ မပြောင်းသေးပါ။

အစိုးရအကြီးစား ‘Big government’ အယူအဆကို ပိုပြီးသိသာအောင် စာလုံးပေါင်းတာတောင်မှ ‘Big Government’ လို့ ပေါင်းလေ့ရှိတယ်။ အစိုးရအဖွဲ့ဝင်တွေ များတာထက် စီးပွါးရေးမှာ အစိုးရချုပ်ကိုင်မှုလုပ်တာကို အလေးထားကြတယ်။ လူနေမှုဘဝထဲမှာ အစိုးရရဲ့ပါဝင်ပတ်သက်၊ လွှမ်းမိုး ချုပ်ကိုင်နေမှု၊ လုပ်ဆောင်ချက်တွေရဲ့ အရည်အသွေး၊ ဒီမိုကရေစီ အတိုင်းအတာ၊ သာမန်လူတွေရဲ့ ကိုယ်စားပြုနိုင်မှု (အရေအတွက် + အရည်အသွေး) စတာတွေကိုပါ စဉ်းစားချင့်ချိန် အကဲဖြတ်ရပါတယ်။

အစိုးရဝန်ကြီး အရေအတွက်၊ အစိုးရရုံးတွေက အရာထမ်းဦးရေ၊ အစိုးရအသုံးစရိတ် (ကုန်ကျစရိတ်) အပြင် အစိုးရရဲ့ စီးပွါးရေးအပေါ် လွှမ်းမိုးမှုဆိုတဲ့ သတ်မှတ်ချက်တွေကိုပါ ထည့်ပြီးသတ်မှတ်ရတယ်။ မြန်မာပြည်မှာဆိုရင် အရာအားလုံး အပေါ်မှာ အစိုးရကနေ ချုပ်ကိုင်-လွှမ်းမိုး-ချယ်လှယ်ဆဲပါဘဲ။ ‘အစိုးရနာမည်မတပ်ဘဲ ချုပ်ကိုင်ထားတာရှိတယ်’ လို့ပါ ယုံကြည်ကြတယ်။

ဗျူရိုကရေစီ ဝေဖန်ချက်ဆိုပြီးလဲ လုပ်ကြပါတယ်။ ပေါ်လစီတွေကို လူနည်းနည်းလေးနဲ့ အောင်မြင်ပြည့်မြောက်အောင် လုပ်နိုင်စွမ်းရှိတာကို ချီးကျူးတာက သဘာဝကျတယ်။ ဗျူရိုကရေစီယန္တယားကြီးလေလေ တာဝန်ယူမှု၊ တာဝန်ခံမှု လျော့နည်းလေ ဖြစ်တတ်တယ်။ ထိန်းညှိနိုင်မှုလဲ နည်းမယ်။ ‘အရွယ်ကျယ် အလယ်လတ်တာမျိုး’ ဖြစ်တတ်တယ်။ တွက်ချေကိုက်မှုကတော့ ဈေးတွက်အရ အရေးအကြီးဆုံးဖြစ်ပါတယ်။ အမှန်က စစ်မှန်တဲ့အကျိုးတရားတွေ လူတွေဆီရောက်တာက အဓိကဖြစ်တယ်။ ‘ခန့်ထားတဲ့လူတွေ ပေါခြင်းသောခြင်း’ ဆိုတာက အရေးမပါဘူး။

ဖက်ဒရယ်ပုံစံ အစီအစဉ်တွေကိုတော့ ဗဟိုအဆင့်အစိုးရကနေ အကောင်အထည်ဖေါ်ရတာဟာ သမားရိုးကျဖြစ်တယ်။
ပုဂ္ဂလိကကဏ္ဍ၊ အမြတ်အစွန်းမယူတဲ့ အဖွဲ့အစည်းတွေ၊ ဘာသာရေး အသင်းအပင်း စတာတွေရဲ့ ပါဝင်နိုင်မှုတွေကိုလဲ ထည့်တွက်ရပါသေးတယ်။

အစိုးရအကြီးစားတွေကို သတင်းဝေဖန်သုံးသပ်သူတွေကနေ နာမည်တပ်ခေါ်တာမျိုးတွေရှိတယ်။ ဥပမာ Big business စီးပွါးရေးသမားကြီး၊ Big labor အလုပ်သမားခေါင်းကြီး၊ Big oil လောင်စာဆီသည်ကြီး၊ Big tobacco ဆေး (ဆေးလိပ်) သမားကြီး၊ Big pharma ဆေး (ဆေးဝါး) သမားကြီး။

ဖွဲ့စည်းပုံနဲ့ အစိုးရ
အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံမှာပါနေတဲ့ ‘ချက်-အင်-ဘဲလင့်စ်’ စစ်ဆေး-ထိန်းညှိမှုရှိတယ်ဆိုတာ ဒီသဘော ဖြစ်တယ်။ ဒါပေမဲ့ အထူးသတိထားသင့်တဲ့ အချက်ကတော့ (၁) ‘ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ခွင့်’ ရှိပေးတာဖြစ်တယ်။ ဒါ့အပြင် (၂) ‘ရွေးချယ်ခံနိုင်ခွင့် အရည်အချင်း’ နဲ့ပါ ကျားကန်ပေးထားတယ်။ မြန်မာပြည်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီအချက်ကြီး နှစ်ချက်လုံးနဲ့ ဖီလာဆန့်ကျင် ဖြစ်နေပါတယ်။ ပြင်လို့လဲ မရနိုင်အောင်နဲ့ (သူတို့) မလိုလားသူလဲ သမတအဖြစ် အရွေးမခံနိုင်စေအောင် ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ၊ တမင်တကာ ရေးခဲ့တာပါ။

ဗခက နေဝင်း တော်လှန်ရေးကောင်စီစဖွဲ့တုံးက ဝန်ကြီး ၇ ယောက်ထဲနဲ့စတယ်။ လက်ရှိ မြန်မာအစိုးရမှာ ပြည်ထောင်စု ဝန်ကြီးပေါင်း ၃၆ ဦးနဲ့ ဒုဝန်ကြီးပေါင်း ၅၉ ဦး ရှိနေလို့ ဒုတိယသမတတွေကို ဖယ်ထားရင် သမတနဲ့ သူ့အစိုးရအဖွဲ့ စုစုပေါင်းဟာ ၉၆ ဦး ဖြစ်တယ်။ ကျွန်တော်ကတော့ ‘၉၆ ပါးရောဂါ’ ကို သတိရတယ်ဗျာ။ အစိုးရ (သမတ) အကြံပေး ဆိုတာတွေလဲ ရှိပြန်သေးတော့ ‘ခေတ်ပေါ်ရောဂါ’ လဲ ဝင်နေတဲ့ သဘောဘဲ။ အကုရခက်မယ်။

ရောဂါဝေဒနာတိုင်းမှာ ကုထုံးတွေရှိပါတယ်။ အရင်ကကုဘို့ခက်တာတွေအတွက်လဲ အသစ်တွေပေါ်ထွက်နေပါတယ်။ သမားတော်တွေဘက်က ကြိုးပမ်းကြရသလို ဝေဒနာရှင်ကလဲ စနစ်တကျကုသမှုခံယူတာ၊ အရင်ကနဲ့မတူတဲ့ လူနေမှုပုံစံ ပြင်တာနဲ့ စိတ်ဓါတ်ခွန်အား ခိုင်မာအောင်ထားနိုင်ရင် အသက်ရှည်ကျန်းမာပါမယ်။ မြန်မာနိုင်ငံသားမှန်သမျှ ကျန်းမာ-ချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ