Sunday, April 6, 2014

Flattering မြှောက်ပေးသင့်ရင် ပေးရတယ်

• မုံရွာက တူတယောက် မနေ့ညက ရန်ကုန်ကိုကားနဲ့သွားတော့ ဒရိုင်ဘာအစွမ်းပြလို့ ခရီးသည်တွေ ဘုရားတကြရတဲ့အကြောင်း ရေးတာဖတ်ရတယ်။
• ‘ကျတော်က ဒီလမ်းမမောင်းဖူးဘူးဗျ။ လမ်းအနေအထားလေး သိရအောင် စမ်းမောင်းမလို့’ တဲ့။ ပြောပြောပြီး နင်းတာ ကီလို ၁၃ဝ အထက်ပဲ။
• ‘တစ်ညလုံး သူ့မျက်နှာကို ထိုင်ကြည့်လာတာ သူ့မိန်းမတောင် အဲလောက် ကြည့်ဖူးမှာဟုတ်ဘူး။’

• ကျွန်တော် ငယ်ငယ် (ဆေးကျောင်းတက်ချိန်က) မုံရွာ-မန္တလေးကို ရထားနဲ့သွားကြတာများတယ်။ ရထားခက တယောက်မှ ၁ ကျပ်ခွဲ ပေးရတယ်။ ‘ရန်အောင်မန်း’ ဘတ်စ်ကားကြီးက ၃ ကျပ်။ နောက် ကားလေးသင်းတွေ အစီအရီ ပေါ်လာတယ်။ ဈေးပြိုင်သဘောမို့ ကားခအင်မတန်သက်သာတယ်။
• တခါက မြန်မာစာဆရာ ဘုတလင်ချစ်လေး မန္တလေးသွားတာကို စာမသင်ခင်မှာ ပြန်ပြောတယ်။ ကာသမားက အမြန်မောင်းလွန်းလို့ ခရီးသည်တွေက ဘုရားတကြတယ်။ ခရီးသည်တွေကကြောက်လို့ အော်လေလေ ကားဆရာက မောင်းလေလေတဲ့။
• ဒါနဲ့ ဆရာက မြှောက်ပေးတယ်။၊ ‘အေး မောင်းကွ၊ ချကွ’၊ ခဏနေတော့မှ မောင်းတဲ့အရှိန်လျော့ချသတဲ့။ ‘လူဆိုတာ ကြောက်မှန်းသိလေ ခြောက်ချင်လေ’ ဘဲဆိုတဲ့သင်္ခန်းစာကိုပေးတယ်။


• အခက်ခဲဆုံးကာလတွေတုံးက ဒေါ်စုရေးခဲ့တဲ့ Freedom from Fear ကို ဘာသာပြန်ပြီး၊ ကိုယ်တိုင်စာရိုက်၊ ဖါသာ ဖိုတိုကော်ပီကူးပြီး၊ ဖြန့်ဝေခဲ့ရတာကိုပါ အမှတ်ရတယ်။
• အခုလဲ ကြောက်စရာတွေက အဖမ်းခံရမှာထက်ဆိုးတာတွေ ရှိနေတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေးနဲ့ လူမှုရေးတွေမှာ မတရားလုပ်တာတွေ၊ အကုသိုလ်လုပ်တာတွေမှာ ကြောက်စရာတွေ အများကြီး။
• ဥပဒေဆိုတာကြတော့ မတရားတဲ့ မမျှတတဲ့ဥပဒေကိုသာ ကြောက်ရမယ်။ မတရားတာတွေ၊ မမျှတတာတွေကို တိုက်ဖျက်ဘို့တော့ မကြောက်ကြပါနဲ့။

• ဒရိုင်ဘာတွေ (ချုပ်မှူးကြီးတွေ၊ နာယကကြီးတွေ) ကို တခါတလေ မြှောက်ပေးနေရတယ်။ ဖြေးဖြေးမောင်းဘို့ မဟုတ်ပါ။ နေရာကလဲ ဖယ်မပေးသေးတာမို့ လမ်းမှားပြီး ချောက်ထဲကျသွားရင် အားလုံးဒုက္ခရောက်ကြမှာစိုးလို့ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၄