Wednesday, April 23, 2014

Colorful Country ဆေးရောင်စုံနဲ့ လှပနေတဲ့ မြန်မာပြည်

‘မြန်မာ့အရေး ဘာရောင်ပေးမလဲ’ ကိုရေးဘူးတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ၊ တချို့ဆို တော်လှန်ရေးတွေမှာ ပန်းတွေ၊ အရောင်နဲ့ ကင်ပွန်းတပ်ခံရတာတွေရှိတဲ့အကြောင်းနဲ့ အခုဖြစ်နေတဲ့ အပြောင်းအလဲဆိုတာကို ဘယ်အရောင်ပေးထိုက်သလဲဆိုပြီး ရေးတာပါ။ စာရဲ့နိဂုံးက သည်လိုပါ။

“အခုအပြောင်းအလဲကို မရင့်တရင့်အရောင်အမည်သာပေးသင့်ပါတယ်။ သံလွင်စိမ်းကိုတော့ စစ်တပ်အရောင် ဆိုပြီး အသုံးများတယ်။ အစိမ်းရောင်နဲ့ဆက်စပ်နေတဲ့ အရောင်ကွဲတွေ ရှိတယ်။ အင်္ဂလိပ်လို သစ်တောစိမ်း၊ ကညွတ်စိမ်း၊ ရေညှိစိမ်း၊ ထင်းရှူးစိမ်း၊ လက်ဖက်စိမ်း စသဖြင့်ရှိတယ်။ မြန်မာဆန်ဆန် နာမည် ရွေးပေးပါရစေ။ ‘ကြာတော်လှန်ရေး’ နဲ့ ‘ထော်လာဂျီတော်လှန်ရေး’ အပြင် The Corn is Green ဆိုတဲ့ရုပ်ရှင်လို ‘ပြောင်းဖူးစိမ်းအပြောင်းအလဲ’ လို့။”

• ကနေ့ ရန်ကုန်မှာ အပြာရောင်တွေ လွှမ်းသွားပါသတဲ့။ ၂ဝဝ၇ တုံးက သင်္ကန်းရောင်တွေ လွှမ်းခဲ့ပြီးတဲ့နောက်မှာ အခုတခါ ထောင်ဝတ်စုံအပြာရောင်တွေက မိုင်နဲ့ချီပြီး ရှည်လျားခဲ့တယ်လို့ သိရတယ်။
• လှုပ်ရှားမှုတခုအနေနဲ့ လုပ်ကြတာတော့မဟုတ်ပါ။ ကွယ်လွန်သွားတဲ့ ဦးဝင်းတင်ကို ဂုဏ်ပြုကြတဲ့သဘောပါ။ ဒါပေမဲ့ နာရေးထက် အများကြီး မြင့်မားသာလွန်ပါတယ်။ လူတွေ စိတ်နာနေကြတာရဲ့ ဖေါ်ပြချက်ဖြစ်မယ်။
• အဲသည် သက်ဝင်မှုပါတဲ့ အရောင်တွေဟာ အချည်းအနှီးမဖြစ်ပါ။ ‘ပါမင့်နင့်’ ဆေးရောင်တွေထက် ခိုင်တယ်။ ဖျက်ပြစ်လို့မရဘူး။ စွဲထင်တယ်။ စူးရဲတယ်။
• အရောင်ရဲ့ အရေအတွက်နဲ့ အရည်အသွေးဆိုတာတွေထက် ‘ဘာဆက်ဖြစ်လာစေနိုင်စွမ်းရှိသလဲ’ ဆိုတာက အဲဒီအရောင်တွေရဲ့ ‘အား’ ဖြစ်ပါတယ်။
• တနည်းပြောရရင် နောက်လာအုံးမဲ့ အရောင် (တွေ) ကိုပါ ဖိတ်ခေါ်နိုင်စွမ်းရှိတယ်။

မြန်မာပြည်မှာ နောက်တခါ ဘာရောင်လာမလဲ။
• အချိန်အကြာကြီးလွှမ်းခဲ့တဲ့ စစ်သွေးစစ်ရောင် တကြော့ပြန်မလာဘူးဆိုတဲ့ အာမခံချက်ကို လူထုက မယုံကြပါ။
• တချိန်က သွေးနီလွှမ်းသလို ထပ်ဖြစ်မလာလောက်အောင်အထိလဲ လူထုခင်မြာ ကံကောင်းသေးပုံမရပါ။
• ‘သက်တန့်ရောင် မြန်မာနိုင်ငံ’ ထဲမှာ သည်လိုရေးခဲ့ပါသေးတယ်။ “မတူတာတွေ (လူမျိုးစုတွေ၊ ကိုးကွယ်တဲ့ သာသာတွေ) စုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံဟာ ‘အလင်း’ နဲ့ တူတယ်။ ‘အဖြူရောင်’ တခုထဲသာ ထွက်အောင် သက်တန့်ရောင်တွေကို စနစ်တကျရောစပ်ပြီး၊ မှန်မှန်ကန်ကန် လည်ပတ်နေစေရမယ်။”
• အရောင်တွေ စုံအောင်ထွက်လာစေချင်တယ်။
• အရောင်အသွေးစုံနဲ့ လှပတင့်တယ်နေတဲ့ မြန်မာပြည် မကြာမီဖြစ်လာစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၄