Wednesday, April 23, 2014

Hero or not သူရဲကောင်း ‘ဘုတ်’ မတောင်းပါ

• ‘ဖေ့စ်ဘွတ်’ သုံးနေသူ အရေအတွက် ပြည်တွင်းမှာ ၈ သိန်းလောက်ရှိမယ်လို့ တလောက ကြားမိတယ်။ ‘အကောင့်’ တခုမှာ ‘ဖရင်း’ ၅ဝဝဝ အထိရှိနိုင်တယ်။ စာမျက်နှာလုပ်ထားရင်တော့ အကန့်အသတ်ရှိပုံမရဘူး။
• ‘ဖေ့စ်ဘွတ်’ ဆိုတာ ဆင်တူတွေသာစုဝေးရာလို့ ဆန်းစစ်မှုတခုက ဆိုပါတယ်။ အဆင်မပြေသူတွေကို ‘အမ်ဖရင်း’ လုပ်ပြစ်တာ၊ ‘ဘလော့ခ်’ လုပ်တာကြောင့် ကိုယ်နဲ့ ပလဲပနံသင့်သူတွေသာ ကျန်ရစ်နေတဲ့သဘောဖြစ်တယ်။

• ဖေ့စ်ဘွတ်ကို အထက်ကအောက် လျှောက်ဖတ်လိုက်ရင် တူပါတယ်ဆိုသူအထဲမှာ စုံးပြူးခေါ်ရမလား၊ မျက်လုံးပြူးစရာ တခါတခါတွေ့ပါတယ်။
• ဦးဝင်းတင် ကွယ်လွန်တဲ့သတင်း ထွက်လာပြီး၊ ၂၄ နာရီအတွင်းမှာ သည်စာလေးရေးဘို့ ဖြစ်လာတယ်။
• နိုင်ငံရေးနဲ့ ဖါသိဖါသာနေသူတွေကနေ သူတို့ဝတ်တာစားတာ၊ သွာတာလာတာတွေ တင်နေကြတာကို ထောက်ပြစရာလို့ သဘောမထားပါ။
• နိုင်ငံရေးထဲကဆိုရမဲ့သူတွေကြားမှာ အငြင်းပွားနေကြတာလေးတခု သိပြုမိပါတယ်။ ကွယ်လွန်သူကို ဘယ်အတိုင်းအတာအထိ တန်ဘိုးထားသလဲ ဆိုတာမှာပါ။
• ‘သူရဲကောင်း’ ဆိုတာကို လက်မခံသူတွေ တွေ့ပါတယ်။ လက်ခံကြပါဗျာလို့ မတိုက်တွန်းပါ။ ‘သူရဲကောင်း’ ဆိုတာ အဖွဲ့အစည်းတခုကနေပေးတဲ့ ဘွဲ့တံဆိပ် မဟုတ်ပါ။ သဘောထားမတူကြတာအတွက် စောဓကတက်စရာမရှိပါ။ ‘အာဇာနည်’ ဆိုတာလဲ အတူတူပါဘဲ။

• ကမ္ဘာ့အထင်ကရ ‘နိုဗယ်ဆု’ ကိုတောင်မှ ဝေဖန်ကြသေးတာဘဲ။ ‘သူရဘွဲ့’ စတာတွေကို အစိုးရလုပ်သူတွေက ပေးတာမို့ အစိုးရရဲ့ အကဲဖြတ်ချက်သာဖြစ်တယ်လို့သာ သဘောထားလိုက်ရင် မတန်ဘူး၊ တန်တယ်ပြောဘို့ရာ အကြောင်းမရှိပါ။ ဘာသာရေးနဲ့ လူမှုရေးဘွဲ့တံဆိပ်တွေကို ဖေါခြင်းသောခြင်းပေးတဲ့ကာလတခုရှိခဲ့တာအသိပါ။ အဲတာကိုလဲ သူ့တန်ဘိုးနဲ့သူလို့ ပယျာလကန်ထားလို့ရပါတယ်။
• လူတဦးကို ‘သူရဲကောင်း’ ဆိုပြီး ချီးမြှောက်တာဟာလဲ ချီးမြှောက်သူတွေရဲ့ အကဲဖြတ်ချက်သာ ဖြစ်တယ်။ သူများတွေကိုပါ လိုက်စည်းရုံးနေတာမဟုတ်ရင် ဘာအတွက် အမြင်ကပ်နေကြသလဲ မေးနေမိတယ်။

• ဦးဝင်းတင်ကို သူရဲကောင်းဘွဲ့ပေးဘို့ ‘မယ်ကမ္ဘာ’ ရွေးသလို ‘အွန်လိုင်း’ ကနေ ‘ဘုတ်’ တောင်းနေတာလဲမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၄
နံနက် ၁ နာရီ၊ ၃၅ မိနစ်။