Sunday, April 13, 2014

ဗမာ့နိုင်ငံရေး အပြောင်းအလဲ

၂ဝ၁၄ ခု၊ ဧပြီ ၁၁ ရက်နေ့က၊ ဇကီးရ် ဟူစိန် ဒေလီကောလိပ်မှာ ကျင်းပတဲ့ “အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ကြားကာလ” စာတမ်းဖတ်ပွဲမှာ ဒေါက်တာတင့်ဆွေ တင်သွင်းဖတ်ကြားတဲ့ စာတမ်းထဲက အနည်းအကျဉ်းကို ကောက်နုတ်ပြီး စကားလှယ်တင်ပြအပ်ပါတယ်။ [အမှားပါသွားရင် ကျွန်တော့်မှာသာ တာဝန်ရှိတာပါ။

အပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတာကို ကျွန်တော် သဘောမကွဲလွဲပါဘူး။ အရင် သုံးနှစ်ကဆိုရင် ဒါမျိုးအပြောင်းအလဲတွေကို မျှော်လင့်လို့မရခဲ့၊ ကြိုတွက်လို့လည်း မရခဲ့ပါ။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ ကလေးစစ်သားနဲ့ ကလေးအလုပ်သမား အပါအဝင် လူ့ အခွင့်အရေး ဖောက်ဖျက်မှုတွေလို အရေးကြီးတဲ့ကိစ္စရပ်တွေမှာ အလှည့်အပြောင်းတွေ ကြုံခဲ့ပါပြီ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာပေါ်လာပြီ။ ရေးကောက်ပွဲတွေလည်း လုပ်တယ်။ ဒုတိယ ကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီ။ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကြီးက အရိပ်မဲကြီးထိုးနေပြီ။

ဒီနေရာမှာ ကျွန်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာနဲ့ ပတ်သက်ပြီး ပိုပြီး ပြတ်ပြတ်သားသား အလေးပေး ပြောလိုပါတယ်။ သဘာပတိဖြစ်သူ သံအမတ်ကြီး သက်သျှဒရီ က ရွေးကောက်ပွဲတွေအကြောင်း ပြောခဲ့ပါတယ်။ ဗမာ ပြည်တွင်းက လာတဲ့ နောက်ဆုံးသတင်းကတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံမယ့်သူဟာ မိမိရဲ့မဲဆန္ဒနယ် အတွင်းမှာသာ မဲဆွယ်ခွင့်ရှိ သင့်တယ်လို့ အရိပ်အမြွက်ထုတ်ပြောလာတာပါပဲ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံအနှံ့ ခရီးမလှည့်နိုင်အောင် ကန့်သတ်တာပဲဆိုတာ လူတိုင်းသိပါတယ်။ လွှတ်တော်နားချိန်တွေမှာဆိုရင် ဒေါ်စုက လူနည်းစုဒေသတွေကိုတောင် ခရီးထွက်တတ်ပါတယ်။

ဗမာပြည်က အလားအလာကောင်းတွေကို မျှော်ကြည့်ချင်တယ်ဆိုရင်ဖြင့်၊ ကျော်လွန်ပြီးမျှော်လင့်လို့ မရနိုင်တဲ့ အကန့်အသတ်တွေကို ကျွန်တော်တို့ သိမှဖြစ်မယ်။ လွတ်လပ်ရေးရကတည်းက ဗမာ့နိုင်ငံရေးမှာ ထိပ်က ခေါင်းဆောင်တွေကသာ အခရာကိစ္စတွေကို ကိုင်ထားပြီး အိန္ဒိယနဲ့ တခြားနိုင်ငံ အများအပြားမှာလို နိုင်ငံရေး ပါတီတွေက အဆုံးအဖြတ် ပေးပိုင်ခွင့် မရှိရှာကြပါဘူး။ ဦးနု၊ ဦးနေဝင်း၊ ဦးသန်းရွှေတို့ပီးရင် ဦးသိန်းစိန်က (အကြီး အကဲ) ဖြစ်သင့်တာပေါ့လေ။ ဒါပေမဲ့ ဒါ လုံးဝမှန်တယ်လို့မပြောနိုင်ပါဘူး။ သမ္မတအပြင် ကာကွယ်ရေး ဦးစီး ချုပ်ရယ် ထိပ်ဆုံးမှာ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးရယ် ရှိသေးတယ်ဗျ။ အရင်နှစ်ပတ်လောက်က ဒေလီကို လာသွားတဲ့ ဗမာပြည်က NGO တစ်ဖွဲ့က ကျွန်တော့်ကို မေးတယ်။ ဦးသန်းရွှေ သက်ရှိထင်ရှားရှိ နေသေးသမျှ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲ ရှိနိုင်မှာမဟုတ်ဘူးလို့ ထင်သလားတဲ့။ ထင်တယ်လို့ ဖြေလိုက်တယ်။ ကျွန်တော် ယူဆတာက့ [ဒေါက်တာတင့်ဆွေ ကိုယ်တိုင် Facebook မှာ ဗမာလို တစ်စွန်းတစ်စ ဖော်ပြပြီး]

စစ်အစိုးရရဲ့ လက်တွဲဖော်ဟောင်းတွေအနက၊် တရုတ်ပြည်က သေနင်္ဂဗျူဟာသစ်နဲ့ နည်းပရိယာယ်သစ်တွေကို ဖော်စပ်လာရပြီ။ တရုတ်က နိုင်ငံရေးပါတီတွေ၊ ပညာတတ်တွေ လှုပ်ရှားတက်ကြွသူတွေကို ဖိတ်ခဲ့တယ်။ အထူးသံဆိုတာကိုလည်း ခန့်အပ်ခဲ့တယ်။ ကုလသမဂ္ဂရယ်၊ အမေရိကားရယ် တရုတ်ရယ်ပဲ ဗမာပြည်ကို ဒီလိုမျိုး အထူးသံခန့်တာ သတိပြု စရာပဲ။ ပြည်သူ့ဆက်ဆံရေးလုပ်ရပ်တွေကိုလည်း စသုံးလာတယ်။ လွှတ်တော်ပြော ခွင့်ရလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ လည်းဖြစ်တဲ့ ဦးရွှေမန်းက အခုတရုတ်ပြည်မှာ အလည်အပတ်ရောက်နေတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ကလည်း နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဖို့ တောင်းဆိုနေကြတယ်။ ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံတွေဖိအာားပေးခံရတဲ့ ဘယ်နိုင်ငံကိုမှ မကြားဖူးပါ။ အစိုးရက ချင့်ချင့်ချိန်ချိန် လုပ်လာတော့ လူထု တစ်စိတ်တစ်ပိုင်းရဲ့ ထောက်ခံမှုပိုရသွားတာပေါ့။

စိန်ခေါ်မှုအသစ်တွေကို လျှော့မတွက်သင့်ပါ။ နောက်တိုးတွေထဲမှာ နိုင်ငံသစ်တွေ၊ စီးပွားရေးလုပ်ငန်းရှင် အသစ်တွေ တွင်မကဘူး၊ INGO တွေ NGO တွေ ပါပါတယ်။ အသိပညာအသစ်တွေ၊ နိုင်ငံတကာဓလေ့လို့ ခေါ်တာတွေကို ရေးကြီး သုတ်ပြာ တင်သွင်းလာကြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်တချို့ အစာမကြေဖြစ်၊ တချို့လည်း အစာဆိပ်သင့်ဖြစ်။ ဗမာအများစုအဖို့ အဲလိုအသစ် အဆန်းတွေနဲ့ ပတ်သက်ရင် ကိုယ်ခံအားမှ မကောင်းသေးပဲကိုး။ တချို့ဗမာလူငယ်တွေက ကိုယ့်စံ၊ ပေတံတွေကို မသိကြတော့ ရှေ့တန်းရောက်ပေ့ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေကို ယူမိတော့ ကိုယ့်ဆီမှာ ခွကျတော့တာ။

ဒေါ်လာတွေ သောက်သောက်လဲကုန်ကျတဲ့ ငြိမ်းချမ်းရေး စီမံချက်ကြီးကိုတော့ လုပ်နေပါပြီဗျာ။ ခရီးလည်း အတန် အသင့်တွင်ပါရဲ့။ မနေ့ကမှ ရလိုက်တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးမူကြမ်းလည်း အပါအဝင်ပေါ့လေ။ ဒါပေမဲ့ ရိုးရိုး သားသား ပြောတာနော် ဒါ ကြာကြာခံမယ့်ပုံတော့မရှိဘူး။ တရုတ်အနံ့မွှေးတဲ့ အင်အားအကြီးဆုံး UWSA နဲ့ မိုင်းလားတစ်တို့က အဲဒီထဲမှာ လက်တွေ့ကျကျပါဝင်မှု မရှိဘူး။ ကချင်ဒေသမှာ အခုထိ မတည်ငြိမ်ဘူး။ ငြိမ်းချမ်းရေးရဖို့ အများကြီး လုပ်ရဦးမှာ။ မရေရာမှုတွေက ဖြစ်နိုင်စရာရှိနေလေရဲ့။

နိဂုံးချုပ်ကြပါစို့။ ပြင်ပကမ္ဘာကတော့ လက်ရှိအစိုးရနဲ့ အလုပ်လုပ်ရတာ ပျော်ကြလို့။ ဆွေးနွေးပြောဆိုသွားသူ တစ်ဦးဖြစ်တဲ့ သိဒ္ဓတ္ထ ဝရဒါရဇန်က ထောက်ပြသွားတယ်။ လက်ရှိအပြောင်းအလဲတွေကို ကျေနပ်နေတဲ့သူတွေ ရှိတယ်လို့ IRI လေ့လာမှုကဆိုတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ပြင်ဆင်မယ့် ပုံမမြင်ကြလို့ပါ။

သို့သော် မထင်တာတွေ ဖြစ်တတ်ပါတယ်။ အဆိုပြုထားတဲ့အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို မပြင်ရင် ဘာဖြစ်လာမလဲဆိုတာ စိတ်ဝင်စား စရာပါ။ အဲဒီဝှက်ဖဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထဲမှာပါ။ မပြင်ရင် NLD က တစ်ခုခုလုပ်ရ လိမ့်မယ်လို့ သူ ပြောဖူးပါတယ်။ အကောင်းဆုံးကို မျှော်လင့်ကြရအောင်ဗျာ။ ကျေးဇူး အများကြီးတင်ပါတယ်။

(ဘာသာပြန်သူ တင်လေး)