Tuesday, March 18, 2014

Danger Risk of falling ကျရောက်နေပြီး အန္တရာယ်

“ဆရာ လက်ပံတောင်းစီမံကိန်းကို မကယ်နိုင်ကြတော့ဘူးလာဗျာ။ ဒုက္ခတကယ်တွေ့မှာ”။

• မလွယ်ဘူးဗျ။ လက်ပံတောင်းလို ဂျောင်းရမှာတွေက အများကြီး။ တရုပ် + ဦးပိုင် + စစ်အစိုးရ (၃) ခုလုံးက မြန်မာပြည်ကို ဝိုင်းပြီးအမဲဖျက်နေကြတယ်။
• တရုပ်က သူ့ကွန်မြူနစ်ဝါဒကို ဘေးဖယ်ချပြီး၊ တိုင်းပြည်နဲ့ သူ့လူမျိုး အကျိုးအတွက် မဟာဗျူဟာချထားတယ်။
• မြန်မာစစ်အုပ်စုက စစ်တပ်အုပ်စီးရေးကို ထိပ်ကနေမချဘဲ၊ တိုင်းပြည်အတွက်၊ လူမျိုးအကျိုးလို့ပြောတာဟာ မဖြစ်နိုင်တာနဲ့ မလုပ်ချင်တာသာဖြစ်တယ်။
• တရုတ်ဟာ တကမ္ဘာလုံးကို စီးပွါးရေးမျက်စိနဲ့လုပ်နေခဲ့တာ ဆယ်စုနှစ်တွေကြာနေပြီ။ ထိုးဖေါက် အုပ်စီးနိုင်လာတာ တိုက်ကြီး အားလုံးကိုရောက်နေပြီ။ အိမ်နီးချင်းနိုင်ငံငယ်တွေကတော့ သူ့အတွက် မခက်လှဘူး။ မလေးရှား၊ ထိုင်းနဲ့ စင်္ကာပူတွေမှာ တရုပ်သွေးလူမျိုးတွေ များများလာလို့ တပမ်းသာတယ်။ ဗီယက်နမ်နိုင်ငံကသာ ခံထားနိုင်သေးတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကတော့ ကျွန်းပိုင်ကိစ္စ အချင်းများနေတယ်။
• မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်ထားတာ တရုပ်အတွက် အကွက်ကောင်းကို နှိုက်မိသလိုဘဲ။ စစ်အစိုးရတွေ (အခုအစိုးရအပါအဝင်) ဟာ ကြိုက်သလိုအုပ်ချုပ်နေတာ ဆယ်စုနှစ်တွေကြာပေမဲ့၊ လောဘဇောကို မသတ်နိုင်ကြဘူး။ ဘယ်သူဌေးသူကြွယ်မှ ပင်စင်ရယ်လို့ ယူတာမရှိသလိုပါဘဲ။
• ဦးပိုင်ကုမ္ပဏီကိုထောင်ပြီး ပေါင်စားတယ်၊ ပေါင်းစားတယ်၊ မြှောင်စားတယ်၊ ပြောင်စားတယ်။ နောင်လဲစားကြအုံးမယ်။
• ဒီမိုကရေစီလို့ပြောပြော၊ မျိုးချစ်လို့အော်အော်၊ သူတို့စားပေါက်အတွက် ပြောတာ၊ အော်တာသာဖြစ်တယ်။

• မြန်မာစစ်အုပ်စုဟာ သူတို့အကျိုးအမြတ်အတွက်သာ ကြည့်တယ်။ သူတို့အိတ်က မစိုက်ရတာတွေတော့ ယူကြပေါ့။ ဖမ်းထားသူတွေကို လွှတ်ပေး၊ ရေးချင်တာလဲရေး။ အဝေးနေသူတွေကိုပြန်ခေါ်၊ တော်တော့ ဟာတွေကိုလျှော့၊ ပြော့သူတွေကို ဆွဲကပ်၊ အမတ်အရွေးခံခွင့်လဲ ပေးသနားတယ်။
• တရုပ်စတဲ့ နိုင်ငံခြားစီးပွါးရေးသမားတွေကလဲ ဆေးခန်းလေး၊ ကျောင်းလေးဆောက်ပေး။ လျော်ကြေးဆိုတာ ပေးပြီး၊ ဒေသခံတွေကို အဝေးနှင်မယ်။ သူတို့ကတော့ မြေပြင်၊ မြေအောက်၊ မြစ်တလျှောက်၊ ပင်လယ်အောက်၊ လက်တဆုံးရောက်မယ်။ သစ်တောနဲ့ သစ်တဲ့မိန်းကလေး၊ လယ်တောနဲ့ မလည်တဲ့ မိန်းကလေး၊ ယာတောနဲ့ အညာခံရတဲ့မိန်းကလေး ရွေးယူမယ်။ မျိုးစောင့်ဥပဒေ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။

• အပြောင်းအလဲတရပ်မှာလဲ အကပ်ခံချင်သူတွေက လက်ယပ်ခေါ်ကြတယ်။ အပေါင်းခံချင်သူတွေက ရေလာမြောင်းပေး၊ ဆိုရှယ်လစ်အရေးနဲ့ စစ်အုပ်ချုပ်ရေးလဲ မှေးလိုက်ခဲ့သူတွေက နေရာယူတတ်ကြတယ်။
• အာမခံ မရက်ရောပါ။ စစ်အုပ်စုမဟုတ်တဲ့အစိုးရ တက်လာလဲ ခက်နေအုံးမှာဘဲ။ သည်ထက်တော့ အများကြီး သက်သာမယ်။ အပြင်ကလာတဲ့ အန္တရာယ်လှိုင်းကို ဝိုင်းပါမှ တော်ကာကျတယ်။
• ‘ကာချုပ်’ ဆိုတာ သူ့တာသာ ကာနိုင်ပေမဲ့၊ ချုပ်ထားတာက တပြည်လုံး။ တပြည်လုံးက ဦးနှောက်တွေသုံးပြီး၊ တပြည်လုံးကို ကာရမှာဖြစ်တယ်။
• ‘စတိတ်ဟိုလ်ဒါ’ ဆိုတာတွေက ကိုယ့်အတွက်သာ ကိုယ်ကြည့်နေကြရင် အားလုံးမြိုခံရမယ်။ ‘ခရိုင်းမီးယား’ ရောဂါ မြန်မာပြည်မှာမရှိပါစေနဲ့။

• အခုလို တရွေ့ရွေ့ပြောင်းလဲဖြစ်စဉ်က တပါးသူတွေကို ပိုလွယ်ကူစေတယ်။ ‘ဝင်း-ဝင်း’ ဆိုပြီး၊ ချီးကျူးထောပနာ ပြုကြတယ်။ စစ်တပ်လဲ ‘ဝင်း’၊ ဒီမိုကရေစီတွေလဲ ‘ဝင်း’၊ တကမ္ဘာလုံးက စီးပွါးရေးသမားတွေလဲ ‘ဝင်း’၊ ‘ထရစ်ပယ် ဝင်း’ ဖြစ်တယ်။
• ကျွန်တော်ကတော့ ‘တွင်း’ ထဲကျတာလို့ထင်တယ်။ အလိုရမက်နဲ့ အတိုတကွက်သာ မကြည့်သင့်ကြတော့ပါ ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၄