Thursday, March 27, 2014

ကလေးအရေး ဆွေးနွေးကြသည်

• ဆန္ဒပြပွဲမှာ ကလေးပါတာကို မှတ်ချက်တွေပေးကြတယ်။ တချို့က ဆန့်ကျင်ရေးကြတယ်။ အသုံးချတာမသင့်ဘူး၊ ပညာသာသင်သင့်တယ်၊ ကလေးစစ်သားနဲ့အတူတူဘဲ၊ ကလေးဆိုတာ မိဘတွေနဲ့ မတူကြဘူး၊ စသဖြင့်။ သဘောတူသူတွေရဲ့ ကိုယ်တွေ့ထောက်ပြချက်တွေကိုသာမက ဆန့်ကျင် ဆွေးနွေးတာတွေကိုပါ၊ ကျေးဇူးတင်ပါတယ်။
• ကျွန်တော်ရေးတဲ့စာကြောင်းတွေကို အသေအချာဖတ်ရင် တရားသေကောက်ချက် ဟုတ်-မဟုတ် သိပါမယ်။ မိဘတိုင်းနဲ့ သားသမီးတိုင်းသည် အားလုံးတူကြ၏လို့ မရေးပါ။
• ကလေးတွေ ပညာသင်ပြီးမှ နိုင်ငံရေးစတာလုပ်ပါဆိုရင် ဘယ်နှစ်တန်းလို့ ပြောကြမလဲ။ ကျောင်းမနေရတဲ့ ကလေးတွေကော။ အတန်းပညာနည်းပြီး ထူးချွန်တဲ့ခေါင်းဆောင်တွေ အနမတဂ္ဂရှိပါတယ်။
• ကလေးတွေကို နိုင်ငံရေးနယ်ပယ်မှာ ခေါ်မလာသင့်ဘူးဆိုရင် လူမှုရေးနယ်ပယ်နဲ့ ဘာသာရေးမှာကောလို့ မေးစရာ ရှိလာမယ်။ မင်္ဂလာဆောင်ပွဲ၊ အလှူပွဲ၊ ဆိုင်ရာဘာသာရေး အထွတ်အမြတ်နေရာတွေကို ခေါ်သွားကြပါတယ်။ သဘောချင်း အတူတူသဘောပါ။ ဒါလဲ ရာနှုန်းပြည့်လို့ မဆိုလိုပါ။
• (မဆလ) ခေတ်တုံးကလို ဘာလူငယ်၊ ညာလူငယ်အသင်းထဲမဝင်ရင် ခွဲခြားမှုလုပ်တာနဲ့ မတူပါ။
• တချို့ နမူနာတွေမှာလို အခကြေးငွေပေးပြီး၊ နိုင်ငံရေးပွဲတွေကို လူလာစေအောင်လုပ်တာမှာ ကလေးတွေကိုပါ ငွေပေးတယ်မထင်ပါ။
• ကလေးစစ်သားနဲ့ မတူပါ။ ကလေးစစ်သားဆိုတာ နိုင်ငံတကာဥပဒေနဲ့ တားမြစ်ထားပါတယ်။
• ဆန္ဒပြနိုင်တဲ့ အနည်းဆုံးအသက်ကို ဥပဒေနဲ့ ကန့်သတ်ထားတာ မရှိကြောင်းထဲ ရေးပါသေးတယ်။ အရွယ်ရောက်တဲ့အသက် သတ်မှတ်ချက် မရောက်သေးတဲ့ ကလေးတွေကို မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေက တာဝန်ယူရတယ်။ မိဘနဲ့ အုပ်ထိန်းသူတွေက သူတို့သဘောအရ ဥပဒေက ခွင့်ပြုထားတာတွေကို လုပ်ပိုင်ခွင့် ရှိကြပါတယ်။
• ဒီမှာ ဆန္ဒပြပွဲတွေလုပ်ရင် မိဘတွေကသူတို့ကလေးတွေကို ပါစေချင်တာကို စီစဉ်သူတွေကနေ တားပိုင်ခွင့်မရှိပါ။ အတင်းအကြပ်လဲ လာပါလို့ပြောတာလဲ မရှိပါ။ ဒီမိုကရေစီလဲရှိတယ်။ စည်းကမ်းကလနားလဲ ထားကြပါတယ်။
• ဒီမိုကရေစီသဘောအရသာ မဟုတ်ပါ၊ ဘယ်နေရာမှာဖြစ်ဖြစ် လူအားလုံး တသဘောတည်း မရှိကြပါ။ အမြင်မတူကြတာကို မတူရကောင်းလား သဘောထားသူမျိုးက အများနဲ့ဆိုင်တာမျိုးကို လုပ်ချင်လဲ မအောင်မြင်ဘူး။ လူတချို့က အရင်က မှန်တယ်ထင်တာကို တချိန်မှာ မှားမှန်းသိလာသူတွေလဲ ရှိတယ်။ ကျွန်တော်ကတော့ ဆန့်ကျင်တဲ့မှတ်ချက်တွေဖတ်ပြီးလဲ အမြင်မပြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄