Wednesday, March 26, 2014

ကလေး အရေးမကြီးဘူးလား

• ဖွဲ့စည်းပုံပြင်ဆင်ပေးဘို့ဆန္ဒပြပွဲတခုက ဓါတ်ပုံကိုတင်ပြီး၊ ပုံထဲကကလေးတွေက ဘာနားလည်လို့လဲစသဖြင့် ရှုတ်ချတာ ဖတ်ရတယ်။
• ကျွန်တော်လဲ မနေနိုင်တာနဲ့ အဲလိုဘဲ ဆန္ဒပြပွဲတွေမှာ ဆောင်ပုဒ်ကပ်ပြားကိုင်ခဲ့ဘူးတဲ့ လူငယ်လေးတွေ တခြားနိုင်ငံကို ရောက်သွားပြီး အထက်တန်းပညာတွေသင်နေချိန်မှာ ဒီမိုကရေစီရေးအတွက် တက်ကြွသူတွေ ဖြစ်လာပါတယ်လို့ တုန့်ပြန်မှတ်ချက်ရေးမိတယ်။
• တန်ပြန်မှုက ဆက်လိုက်လာပါတယ်။ ‘အဲဒီကလေးတွေဟာ အခြေခံဥပဒေပုဒ်မ တခုလောက်များ သိသလား’ လို့ ကဲ့ရဲ့သဂြုင်္ိဟ်ပြုတယ်။
• ကျွန်တော်လဲ အိန္ဒိယမှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲပေါင်း ရာထောင်နဲ့စီစဉ်ခဲ့ဘူး၊ တက်ခဲ့ဘူးတာမို့ နည်းနည်းလေး ပြန်ရေးချင်လာတယ်။
• အဲဒီပုံနဲ့စာတင်သူကိုတော့ (ဖရင်း) စာရင်းထဲက အရင်ဖြုတ်လိုက်ပါတယ်။

• ဒေလီဆန္ဒပြပွဲတွေမှာဆိုရင် ကလေးတွေကို ရှေ့ဆုံးတန်းမှာ နေရာပေးကြတယ်။ မီဒီယာကလဲ စိတ်ဝင်စားလို့ သူတို့ပုံတွေကို ရိုက်ယူပြီး၊ သတင်းစာတွေမှာ ဖေါ်ပြကြတယ်။ ဆန္ဒပြတယ်ဆိုတာ ကိုယ့်လိုအင်ဆန္ဒတွေကို သူများတွေသိအောင် ထုတ်ဖေါ်ကြရတာ ဖြစ်တယ်။ မီဒီယာက စိတ်ဝင်စားလို့တင်ပေးမှ ကိုယ်လုပ်တာကို လူပိုသိတယ်။ သတင်းစာတွေကို သမတတွေ၊ ဝန်ကြီးချုပ်တွေလဲ ဖတ်ကြရတယ်။ စတုတ္ထမဏ္ဍိုင်ကို အားကိုးကြရတယ်။
• ကလေးတွေ အော်တတ်တာကတော့ ‘ဒီမိုကရေစီရရှိရေး ဒို့အရေးသာဖြစ်ပါတယ်။ ဒဏ်မခံနိုင်လို့ သူများ တိုင်းပြည်မှာ ဒုက္ခသည်ဖြစ်နေကြရပေမဲ့ စစ်အစိုးရ ဆိုးပုံဆိုးနည်းနဲ့ ဒီမိုကရေစီက ပိုကောင်းတာအထိတော့ မသိကြပါ။
• ကလေးတယောက်ပါတာကိုက အနည်းဆုံး သူ့အမေနဲ့ အဖေလဲ အတူတူဘဲလို့ မှတ်ယူရင်လဲ ရနိုင်သေးတယ်။

• ကျေးသားညီနောင် ပုံပြင်ထဲမှာ ကျေးနှစ်ကောင်လုံးဟာ ကျောင်းသင်္ခန်းနဲ့ ခိုးသားဓါးပြတွေဆီကို ကိုယ်စီကိုယ်စီ မရောက်မီမှာ အလိမ္မာနဲ့ ဆဲရေးတာတွေကို မတတ်ခဲ့ကြသေးပါ။ တနည်းအားဖြင့် ငယ်ကြပါတယ်။ ငယ်စဉ်အခါ ပေါင်းသင်းတဲ့ အသိုင်းအဝိုင်းဟာ အရေးပါတယ်။ ကလေးတိုင်းဟာလဲ အရေးပါတယ်။

• ၁၈ နှစ်ပြည့်မှ ဆန္ဒပြဆိုတဲ့ဥပဒေလဲမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၄