Tuesday, March 18, 2014

ကြမ်းခင်း တောင့်တင်းပါစေ

• ခုတလော သတင်းတွေထဲမှာ ထင်ပေါ်လာသူတယောက်ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆိုသူတဦး ဖြစ်တယ်။
• သူ့အသံတွေကို ရေဒီယိုကနေကြားကြားနေခဲ့တာကြာပြီ။ အင့်း့ ပြည်ခိုင်ဖြိုးထဲကနေ လူကြားထွက်ပြီး စကားများများပြောတာဆိုလို့ အရင်ကတော့ သမတရုံးဝန်ကြီးတွေဘဲအောက်မေ့တာ။ ဒီပုဂ္ဂိုလ်လဲပါတာကိုးလို့ မှတ်ချက်ချထားခဲ့တယ်။
• သူတို့တတွေ စကားတွေပြောတော့ သူတို့စိတ်ထဲဘာရှိလဲဆိုတာ ပိုသိရလို့ ကြိုဆိုချင်ပါတယ်။ အဲ့ ဆဲရေးတိုင်းထွာတဲ့ ဝန်ကြီးလို မဟုတ်ရင်ပေါ့။
• လူတိုင်းက စိတ်ထဲရှိတာသာပြောကြတာတော့ မဟုတ်ပါ။ ‘မဆလ’ ခေတ်ကအတိုင်း မိန့်ခွန်းရေးသူ ရေးထားတာ ဖတ်တာလဲ ရှိတယ်။
• ပြောသူတွေဟာ သူတို့ကို လေးစားအောင်၊ အထင်ကြီးအောင်၊ သဘောကျအောင်နဲ့ အခုနောက်ပိုင်းဆို မဲပေးချင်လာအောင် တမင်တကာ စကားလုံးတွေ ရွေးပြောလာကြတာ သတိထားမိကြမှာပါ။
• ဝန်ကြီးတယောက်ကတော့ တရုပ်ကနေချေးလို့ရထားတဲ့ သန်းတစ်ရာကို သူမဲဆန္ဒနယ်က လယ်သမားတွေကို လိုက်ချေးပေးနေတယ်။ ‘အမတော်ကြေး’ မဟုတ်ပါ။ ‘အမတ်တော်ကြေး’ ဖြစ်ပါတယ်။
• ငွေလိုပါဘဲ၊ စကားကလဲ ထိရောက်တာဘဲ။ ကိုယ်လိုရာဆွဲပြောနိုင်သူတွေက သူ့နောက်ကို လူတွေ ပါလာနိုင်တယ်။ ခြောက်ပြောရင်လဲ ကြောက်တတ်သူတွေက ကြောက်ကြတယ်။ မကြောက်တဲ့သူတွေက ရဲနဲ့တွေ့ရမယ်။
• ‘အပြောမတတ်တော့ ဆဲသလို’ ဆိုတာရှိတယ်။ ဟိုဝန်ကြီးကတော့ ဆဲကိုဆဲတာဆိုတော့ ‘အဆဲမတတ်တော့ ကွဲရော’။
• အခုလဲ အမတ်မင်း ကွဲကိန်းဆိုက်နေပြီ။ NLD ကနေတရားစွဲဘို့ တာစူနေတယ်။ အမတ်ဖြစ်လို့ လွှတ်တော် ဥက္ကဋ္ဌ ခွင့်ပြုမှ တရားစွဲလို့ရသတဲ့။ ဒီခေတ်ကအမတ်တွေမှာ အကာကွယ်အပြည့်နဲ့ပါလား။ ကျွန်တော်တို့ ခေတ်တုံးကတော့ အဲလိုကာကွယ်ဆေး မပေါ်သေးဘူး။ အမတ်ဖြစ်တာကိုက ရောဂါရလာသလိုဘဲ။
• တရာရုံးမှ မရောက်သေခင် အိတ်ဖွင့်ပေးစာထက်သာတဲ့ စောင့်ကြည့်သတင်းဂျာနယ်ထဲမှာ ပါလာတယ်။ ထောက်လှမ်းရေးအဖွဲ့ကနေ စစ်ဗိုလ်ဟောင်း အမတ်ကို သတိပေးပြီ။
• သူတို့အချင်းချင်း လွှဲချနေကြာတာပါလို့ ဝေဖန်ကြတယ်။ အမှန်ဘဲ အချင်းချင်းစစ်ခင်းနေကြပြီ။
• သူတို့တတွေ ရန်ဖြစ်တာကို အားရဝမ်းသာတော့ မဖြစ်ပါ။ ကျေးဇူးတော့ တင်နေတယ်။ သိချင်တာတွေ ပိုသိလာရလို့ပါ။
• အမတ်မင်းကနေ NLD ကို ပြစ်တင်၊ ဝေဖန်၊ ရှုံ့ချတာကို သူ့ပါတီကိုယ်၌က သတိပေးရဆိုဘဲ။ အဲလို ပါတီကနေ အရေးယူတာကို ရေဒီယိုမှာပြန်ပြောပုံက မုံရွာ ညောင်ပင်ကြီးဆိပ် ဆေးရောင်းတဲ့သူတွေအတိုင်းဘဲ။ ‘တခွန်းတည်းပြောမိပါတယ်။ မပြောနဲ့ဆို တခွန်းတောင်မပြောတော့ပါဘူး’ တဲ့။ သင်္ကြန်လဲနီးလို့ထင်တယ်။ ကိုယ်တိုင် တိုင်ပြီး၊ ကိုယ့်ဖါသာ ဖေါက်နည်းနဲ့ ပြောသွားတယ်။
• တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုယ်စား သတိပေးစကားထဲမှာ စိတ်ဝင်စားစရာတချို့တွေ့ရတယ်။ ၁၉၈၈ ကတည်းက တိုင်းပြည်မှာ အဆိုးမှန်သမျှကို ဖန်တီးသူဟာ တပ်မတော်အကြီးအကဲဆိုသူဖြစ်တယ်။
• တွင်း (၁)၊ တွင်း (၂) တွေက အကောင်အထည်ဖေါ်ပေးရသူတွေသက်သက်ဖြစ်တယ်။ ဒါကြောင့် တွင်းနှစ်တွင်းလုံးကို ရှင်းနည်းတမျိုးစီနဲ့ရှင်းပြစ်ခဲ့သူဟာလဲ တပ်မတော်အကြီးအကဲသာဖြစ်တယ်။
• အတိုက်အခံတွေကို ဖမ်းဆီး၊ တောင်ချ၊ ညှဉ်းဆဲ၊ သတ်ဖြတ်၊ သေကြောင်းကြံစည်တာမှန်သမျှလဲ တပ်မတော် အကြီးအကဲ တယောက်တည်း ဖြစ်တယ်။
• အခုလို အဝတ်အစားတမျိုးနဲ့ ဆက်အုပ်ချုပ်နေစေတာလဲ သူဘဲ။ ခုထိလဲ သူဘဲ။ ၂ဝဝ၈ တွေ၊ ပုဒ်မတွေ၊ ပုဒ်ထီးတွေ ဘာဖြစ်ဖြစ် သူတရားခံဘဲဖြစ်တာ ပိုထင်ရှားစေတယ်။
• ဒီပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေသ၍ ဘာမှ မပြောင်းသေးဘူးလို့ပြောရင် မလွန်ပါ။
• ကွဲမဲ့သူတွေ ထပ်ရှိလာမှာလဲ မလွဲပါ။ ဒါပေမဲ့ အောက်ကလူတွေကွဲယုံနဲ့ ဘာမှမဖြစ်ပါ။
• ဒီမိုကရေစီဆိုသူတွေ မကွဲဘို့အရေးကြီးတယ်။ အုတ်ကြွပ်မိုးတချပ်တလေကွဲတာ အရေးမကြီးပါ။ မှန်ပြူတင်းကွဲလဲ မထောင်းတာပါ။ ဝါးကြမ်းခင်းကွဲရင် နင်းစရာမရှိပါ။ ဒေါက်တာတင့်ဆွေ ၁၈-၃-၂ဝ၁၄