Tuesday, February 4, 2014

ပြည်ခိုင်ဖြိုး သို့မဟုတ် အမီးဘားပိုး

ရန်ကုန်မှာ ၂-၂-၂ဝ၁၄ နေ့ကလုပ်ခဲ့တဲ့ “အမျိုးသားရေးရှုဒေါင့်မှ ကာကွယ်စောင်ရှောက်ရမည့် ပုဒ်မ (၅၉)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ” အပေါ်သုံးသပ်ချက် ကြံ့ခိုင်ရေးပါတီ၊ NDF ပါတီ၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၊ မွတ်ဆလင် ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီနဲ့ ထေရဝါဒဓမ္မ ကွန်ရက် ဆိုတာတွေပါတယ်လို့ သိရတယ်။ (၁) ပြောကြဟောကြတာတွေ တခုခြင်းကို ပြန်ဖြေရှင်းဘို့ မတန်ဘူးလို့ထင်ပါတယ်။ (၂) NDF ပါတီက ခေါင်းဆောင်နှစ်ဦးဖြစ်ကြတဲ့ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေ တို့ကိုတော့ ပုဂ္ဂိုလ်ရေးအရ လေးစားပေမဲ့ နိုင်ငံရေးအရ အားမနာနိုင်ပါ။ ဂျာနယ်တခုမှာ ကျွန်တော့ဘဝဇာတ်ကြောင်းကို ဖြေခဲ့တာနဲ့ တိုက်ဆိုင်ပြီးတူနေတယ်။ “ကျွန်တော့် ပြည်ပနိုင်ငံရေး ဆောင်ရွက်တာမှာ မျှော်လင့်မထားတဲ့အဖြစ်အပျက်မျိုးရှိခဲ့တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မနီးစပ်သူတွေနဲ့က ပဋိပက္ခရယ်လို့မရှိပါ။ အနီးကပ်ဆုံးနေကြပြီး၊ ကျွန်တော်က လူယုံလို့ ပုံထားတဲ့ သူတွေကနေ ရန်သူလိုဖြစ်သွားခဲ့တာရှိပါတယ်။ ကိုယ်နဲ့ (၁၅) နှစ်မက တွဲလုပ်လာသူတွေ တချို့နဲ့ လမ်းခွဲရခြင်းပါ။ စစ်ထောက်လှမ်းရေး လက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ‘အနီးကပ် စက်ကွင်း’ က မလွတ်ကင်းခဲ့ပါ။” လို့ ဖြေခဲ့ပါတယ်။ အဲဒီသူတွေဟာ NLD ထဲမှာပါခဲ့သူတွေသာဖြစ်တယ်။ အခုပွဲမှာ သတင်းထောက်အမေးကိုဖြေခဲ့တဲ့ ရဲရဲတောက် အမတ်တယောက်လဲ ဒီပုတ်ထဲကဘဲ ဖြစ်နေလို့ NLD ကနေ ခွဲထွက်ခဲ့တဲ့ NDF ကို ဒီမိုကရေစီဘက်ကဘဲလို့ အရင်ကပေးထားခဲတဲ့ အမှတ်တွေကို လျော့ပစ်လိုက်ပါပြီ။ (၃) ဒီကနေ့ပွဲကို ဘာသာရေးအမည်အောက်ကနေ နှစ်ဖွဲ့သုံးဖွဲ့ ပါတာ တွေ့ရတယ်။ ကျွန်တော့်အမြင် ဒီအဖွဲ့တွေဟာ ဘာသာကြီးတွေကို ခုတုံးလုပ်ပြီး၊ အသေးစားနိုင်ငံရေးလုပ်နေတာလို့ သတ်မှတ်လိုက်ပါပြီ။ (၄) ဒီပွဲဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုသာဖြစ်တယ်လို့ မြင်ပါတယ်။ (၅) လာမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် (ကြံ့ခိုင်ရေး + NDF + ဘာသာရေးအမည်ခံ အဖွဲ့တွေ) ညွန့်ပေါင်းတခုအဖြစ် စုစည်းလိုက်တာဘဲလို့ မြင်ပါတယ်။ ဆရာဝန်ဖြစ်လို့ ဆေးပညာကိုဘဲ ခိုင်းနှိုင်းပါရစေ။ ဝမ်းကိုက်ရောဂါကိုဖြစ်စေတဲ့ပိုးကို Amoeba (အမီးဘား) လို့ ခေါ်တယ်။ သူ့မှာ ခြေရယ်လက်ရယ် အစစ်ရှိနေတာ မဟုတ်ပေမဲ့ သူ့ရွေ့ခြင်တဲ့ဘက်ကို Pseudopodia ခြေအတုတွေ ထွက်လာနိုင်စွမ်းရှိတယ်။ ဒီပိုးကဆိုးတယ်။ အသဲကိုလဲရောက်နိုင်တယ်။ ဦးနှောက်ကိုလဲရောက်နိုင်တယ်။ ဒီညွန့်ပေါင်းဟာ ကြံ့ခိုင်ရေးပါတီရဲ့ ခြေတံတဖက်ဖြစ်ပါတယ်။ လက်တံတွေ လာပါအုံးမယ်။ ဒေါက်တာတင့်ဆွေ ၃-၂-၂ဝ၁၄ ပြန်လည်ရုပ်သိမ်းခြင်း ၃-၂-၂ဝ၁၄ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က တခြားပါတီအဖွဲ့အစည်းတွေကို တိုက်ခိုက်တာတို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ မလုပ်ကြဘို့ ပြောလိုက်တဲ့အတွက် ကျွန်တော်ရေးတင်တဲ့ “ပြည်ခိုင်ဖြိုး သို့မဟုတ် အမီးဘားပိုး” ထဲက ပါတီနာမယ်နဲ့ လူနာမည်တွေကို ပြန်လည်ရုပ်သိမ်းပါတယ်။ ဒေါက်တာတင့်ဆွေ ၃-၂-၂ဝ၁၄