Tuesday, February 4, 2014

ဒုံပျံသတင်းကို ဒုံးဆံလိုမြန်အောင် ပြောကြတာလဲရှိတယ်

အနုမြူ၊ ဓါတုနဲ့ ဒုံးကျည် ခေါင်းစဉ်အောက်မှာ မှတ်ချက်ပေးသူတွေ ဆက်ရှိတယ်။ အားလုံးထဲက ကျွန်တော်နဲ့ သဘောမတူတာ တချို့ကိုသာ ထုတ်နုတ်ပါရစေ။ • စစ်အင်အားကောင်းမှ ဘယ်သူမှမစော်ကားရဲမှာ။ အခု တရုပ်ကတစ်မျိုး ကုလားကတစ်ဖုံ၊ ဘင်္ဂလားကလဲ စော်ကားချင်နေပြီလေ။ • ခေတ်အဆက်ဆက်ကိုပြန်ကြည့်ရင် တပ်မတော် အင်အားတောင့်တင်းတဲ့ ဘုရင်တွေလက်ထက်မှာ ဘယ်သူမှ မထိပါးရဲပါဘူး။ စစ်အင်အား မတောင့်တင်းတဲ့ ကုန်းဘောင်ခေတ်နှောင်း မင်းတွေလက်ထက်မှာ ကျွန်ဖြစ်ခဲ့ရပါတယ်။ အမြင်ကျယ်ကျယ်နဲ့ တိုင်းပြည်အတွက် စဉ်းစားကြစေလိုပါတယ်။ • ရှိလေကောင်းလေပဲ၊ အလှုငွေတောင် ထည့်ချင်သေး၊ နောက်ကျနေပြီလို့ ပြောလိုက်ပါ၊ လုပ်သင့် တာကြာပြီ။ • သူများနိုင်ငံတွေတောင် နယူးကလီးယားလက်နက်ပိုင်ဆိုင်တယ်ဆိုပြီး နိုင်ငံတကာကိုခြိမ်းခြောက် နေတာပါ။ တို့နိုင်ငံလဲ လက်နက်စက်ရုံတွေ ရှိရမှာပေါ့။ ကနောင်မင်းသားရဲ့ ခေတ်မှီလက်နက်တွေ ဆက်မလုပ်ရလို့ အင်္ဂလိပ်က လွယ်လွယ် အသိမ်းခံရတာကို မမေ့ကြပါနဲ့။ • ဆက်လက်အကောင်အထည်ဖော်ဆောင်ပါ ကုလားတွေမပါစီနဲ့။ • ရှိတာမှန်အုံး ဂျာနယ်လစ်က မရေးသင့်ပါဘူး နိုင်ငံတော်အတွက် လုပ်နေတာပါ။ • ရိုးရိုးသားသား ပြည်သူတယောက်အနေနဲ့ ဒုံကျည်အစီအစဉ်ကို ထောက်ခံတယ်။ ထိုင်းတောင်မှ တရုပ်အကူအညီနဲ့ MLRS တာဝေးပြစ်ဒုံးစနစ်လုပ်နေတာဘဲ။ အင်အားမျှခြေရှိအောင် လုပ်သင့်တယ်။ အမေရိကန်က ဘာလို့ မြောက်ကိုရီးယားနဲ့ဆက်ဆံတာကို တားနေရတာလဲ။ အင်ဒိုနီးရှားလဲ မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာဘဲ မဟုတ်လား။ တချို့ကခပ်လွယ်လွယ်လေး ရေးတယ်ထင်တယ်။ ထူးဆန်းတာတော့ မဟုတ်ပါ။ လူအတော်များများက အသံလေးတခု ထွက်လာရင် အသံလေးတခုထဲနားထောင်ပြီး အဆိုးအကောင်းပြောတတ်ကြတယ်။ အသံနောက်မှာ၊ အသံအောက်မှာ ဘာလဲ၊ ပြောတဲ့သူ အရင်ကဘာလုပ်ထားလဲ၊ အဆိုး-အကောင်းဘယ်လိုနေမလဲ၊ စတာတွေကို ထည့်စဉ်းစားသင်ြ့ကပါတယ်။ • နိုင်ငံတကာဆက်ဆံရေးဆိုတာ အင်မတန်ရှုပ်ထွေးတယ်။ လူ-လူခြင်း ဆက်ဆံရေးနဲ့ မတူဘူး။ အချိန်နဲ့အမျှလဲ ပြောင်းတယ်။ • မြန်မာနိုင်ငံရဲ့ နိုင်ငံခြေားဆက်ဆံရေးဟာ ထိုင်း၊ အင်ဒိုနီးရှားအပါအဝင် ဘယ် (အာစီယန်) နိုင်ငံနဲ့မှလဲ မတူပါ။ • မြန်မာ့စစ်တပ်ကနေ တရုပ်အပေါ်မှာ လုံးဝမီခိုအားထားခဲ့တာကို လူအများက ဘာလို့ဆိုတာ နည်းလည်ကြပါတယ်။ အချိန်တွေကြာတော့မှ လွန်သွား-များသွား-မှားသွားတာကို သဘောပေါက်လာပြီး အနောက်အုပ်စုဖက် လှည့်လာတယ်။ အဲဒီအခါ ဒေါ်စု၊ နိုင်ငံရေးအကျဉ်းသား၊ လူ့အခွင့်အရေး စတာတွေနဲ့အတူ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကိုပါ ပြင်ဘို့ဖြစ်လာတယ်။ • ဘယ်အင်အားကြီးနိုင်ငံမှ ရိုးသားမှုနဲ့ဆက်ဆံတယ်လို့ မရှိပါ။ အင်အားသေးတဲ့ မြန်မာနိုင်ငံကိုလဲ အဲလို အမြင်ခံရတာပါဘဲ။ ထိုင်းနိုင်ငံဟာ ပြည်ပအန္တရာယ်ဖြစ်တယ်လို့ အနည်းဆုံးတော့ စစ်အရာရှိတွေကို သင်ကြားပို့ချရာမှာ ပုံဖေါ်ထားတယ်။ • လူအစုလိုက်အပြုံလိုက်သေကျေပျက်စီးစေသောလက်နက်များ (နူကလီးယား၊ ဓါတ်ရောင်ခြည်၊ ဓါတု၊ ဇီဝ) တွေကို ကနေ့အနေအထားမှာ သုံးစွဲဘို့မသင့် ဆိုတာအတွက် ခိုင်မာအားကောင်းတဲ့ ငြင်းဆိုချက်တွေ ရှိပါတယ်။ အထက်က မှတ်ချက် တချက်ခြင်းအတွက် ပြန်ရှင်းစရာတွေ အထောက်အထားတွေနဲ့ အခိုင်အမာရှိပါတယ်။ • ဒါပေမဲ့ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ကာကွယ်ရေးမှာ လူထုပါဝင်ခွင့်ဆိုတာ နည်းနည်းလေးမှ မရှိတာ အခုထိပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ငြင်းခုံမှုတွေက ဘယ်ကိုမှသွားစရာလမ်းမရှိသေးပါ။ အနည်းဆုံးတော့ စောင့်ကြည့်နေတာကို ခံကြရနိုင်ပါတယ်။ • ဖေ့စ်ဘွတ်မှာ မျက်နှာပျက်စရာသာ အဖတ်တင်တာက တိုင်းပြည်အတွက် အကျိုးမရှိပါ။ တိုင်းပြည်အရေးအရာတိုင်းမှာ လူတိုင်းပါဝင်နိုင်ခွင့်ရှိဘို့သာ လုပ်သင့်ကြပါတယ်။ အသိအမြင်တွေသာ အစုလိုက်အပြုံလိုက် များစေချင်ပါတယ်။ အတွေးတွေလဲ တာဝေးအထိ ရောက်စေခြင်ပါတယ်။ • “ဒုံးကျည်တစင်း၏ကုန်ကျစရိတ်ဖြင့် အစားအစာငတ်မွတ်နေသော ကလေးတွေနေတဲ့ ကျောင်းကို ၅ နှစ်တာ ကျွေမွေးနိုင်သည်။” ဒေါက်တာတင့်ဆွေ ၂-၂-၂ဝ၁၄