Monday, February 17, 2014

ဒေါက်တာစိန်ဝင်း

Koyinlay Major နယူးဒေလီရောက် Dr. Tint Swe ကို ဆိုနီယာအကြောင်းမေးထားဘူးတယ်။ Dr. စိန်ဝင်း အကြောင်းလေးတွေ ရေးစေလိုပါတယ်။ စိတ်ထဲက သိခြင်လို့ပါ။ ကျေးဇူးပါ။

ဒေါက်တာစိန်ဝင်းအကြောင်းကို ကျွန်တော်နဲ့ ဆက်စပ်၊ တွဲလုပ်လို့သိရတဲ့ အစိတ်အပိုင်းထဲက ခပ်တိုတိုလေးသာ ရေးပါရစေ။

၁၉၉ဝ ရွေးကောက်ပွဲနောက်၊ ဂန္ဒီခန်းမအစည်းအဝေးအပြီးမှာ NLD ထဲက အမတ်တွေ စုဝေးမှုတွေ လုပ်ကြတာကနေ စပါရစေ။ ရန်ကုန်မှာတွေ့ကြ၊ ပြောကြတာကနေ မန္တလေးတက်ဘို့ဖြစ်လာပါတယ်။ မန္တလေးမှာလဲ နေရာတွေ တမျိုးပြီး တမျိုး ပြောင်းရွေ့ပြီး လှို့ဝှက်ဘဲဆိုပါတော့ စည်းဝေးကြတယ်။ နေရာတွေကိုတော့ ဘယ်တော့မှ ထုတ်မပြောပါရစေနဲ့။ ကျွန်တော့်ဇနီး ခဏခဏသတိပေးပါတယ်၊ ‘လူသေလို့ ဆွေးပေမဲ့၊ အမှုဆိုတာ မဆွေးဘူး’ တဲ့။ ထောက်လှမ်းရေးချုပ် ပြုတ်သွားလဲ စိတ်ချရတာမဟုတ်၊ အစိုးရပြောင်းလဲ အဟောင်းဘဲထင်တယ်။ စစ်အစိုးရကနေ သတင်းစာ ရှင်းလင်းပွဲလုပ်၊ သူတို့သတင်းစာမှာ ထုတ်ရေးတာတွေကလဲ တဝက်တပျက်သာ မှန်တယ်။ ကျန်တာနဲ့ လွဲတာတွေက ရှိသေးတယ်။ ‘ငါသိတယ်’ သွားလုပ်လို့ကတော့ ‘ငါ့ထက်ညံ့တဲ့သူရှိမှာမဟုတ်တော့ဘူး’ ဖြစ်သွားမယ်။ ထားပါတော့ဗျာ မေးတာဘဲ ဆက်ရေးပါ့မယ်။

အဲဒီအစည်းအဝေးတွေကနေ ‘စဉ်ပြိုင်အစိုးရ’ ဖွဲ့ဘို့ဖြစ်လာတယ်။ နယ်စပ်မှာဖွဲ့ဘို့ ဆုံးဖြတ်ချက်ကျတယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ပြည်ပထွက်ဘို့တာဝန်အတွက် ၂ ယောက်စီနဲ့ နောက်တန်းတာဝန်အတွက် ၂ ယောက်စီ၊ ပေါင်း (၂၈) ယောက်စီ ရွေးတယ်။ ခေါင်းဆောင်ရှာဘို့လဲပါလို့ ခေါင်းထဲမှာရှိတာတွေ တန်းစီတော့ ဒေါက်တာစိန်ဝင်းက နံပါတ်တစ်။ အာဇာနည် ဦးဘဝင်းသား၊ ဒေါ်စုနဲ့ မောင်နှမ တဝမ်းကွဲ။ အမတ်။ NLD ရဲ့ အရံ PND ပါတီ။

ကျွန်တော်က နက်နက်ရှိုင်းရှိုင်းလုပ်ကြသူတွေထဲက တယောက်ဖြစ်ခဲ့တယ်။ နယ်စပ်ခရီးအတွက် အမတ်နှစ်ဦး (ဦးလှဖေနဲ့ ဦးသိန်းဦး) တို့က တာဝန်ယူတယ်။ ဝန်ကြီးချုပ်အတွက် အင်တာဗျူးသွားလုပ်တာထဲမှာ ဦးဝင်းကို (တရုပ်ပြည်မှာ လုပ်ကြံခံရသူ)၊ ဦးဘိုလှတင့်နဲ့ ကျွန်တော်တို့ ဒေါက်တာစိန်ဝင်းနေအိမ်ကို သွားခဲ့ကြတယ်။ လူငယ်တဦးလဲပါတယ်။ ဒေါက်တာစိန်ဝင်းက မန္တလေး အစည်းအဝေးတွေမှာ မပါဘူး။ နောက်အခေါက်တွေမှာတော့ ကျွန်တော်မပါပါ။ ဦးဝင်းကိုက အဓိကတာဝန်အယူဆုံး ဖြစ်တယ်။

ဒီလိုနဲ့ နယ်စပ်ထွက်ကြတယ်။ စီစဉ်ထားတဲ့အတိုင်းတော့ ဘယ်လိုမှမဖြစ်ခဲ့ပါ။ စာရင်းပါ နယ်စပ်သွားရမဲ့သူတွေ အကုန်မပါသလို စာရင်းမပါသူတွေလဲ လာကြတယ်။ အတူတူဘဲ ကျွန်တော်က နောက်တန်း (တိုင်း-ပြည်နယ်အလိုက် စည်းရုံးရေး) တာဝန်ကျပေမဲ့ မထွက်မဖြစ်ထွက်ရတယ်။ ကျွန်တော့် တာဝန်အရ စစ်ကိုင်းတိုင်းက ရှေ့တန်းထွက် နှစ်ဦး ပို့ပေးရေးမှာ ပဌမတဦးကိုသာ အရင်ပို့ပေးနိုင်ပြီး၊ စစ်ကိုင်းတိုင်းက ကျန်တဲ့သူကိုတော့ နောက်မှ ထုတ်နိုင်ခဲ့တယ်။ မကွေးတိုင်းလဲ ဝိုင်းကူရသေးတယ်။ ဒါပေမဲ့ ပို့ပေးတဲ့အစီအစဉ် မအောင်မြင်လိုက်ပါ။ လာခေါ်သူ၊ သွားမဲ့သူတွေနဲ့ သုံးပွင့်ဆိုင်မှာ ကျွန်တော်က သော့ချက်ဖြစ်နေတယ်။ ကျွန်တော်က နှုပ်နဲ့စီစဉ်အကွက်ချပေမဲ့ ကိုယ်တိုင်မပါလို့ နောက်ပြီး ဘယ်အရာကိုမှ မယုံရတဲ့ကာလမို့ အဆင်မပြေဖြစ်ရတာပါ။

ကျွန်တော် အိန္ဒိယကနေ (မာနယ်ပလော) အထိ ဖြစ်အောင်သွားပါတယ်။ ကျွန်တော် (မာနယ်ပလော) ရောက်တော့ ဒေါက်တာစိန်ဝင်းက ဘန်ကောက်မှာမို့ လူချင်းမတွေ့နိုင်သေးပါ။ ဖုန်းနဲ့တော့ အကြိမ်ကြိမ် ပြောပါတယ်။ ကချင်ကနေ ရောက်နေကြတဲ့ အမတ်တွေကို အစိုးရအဖွဲ့ထဲ ဘယ်လိုထည့်မလဲ ဝန်ကြီးချုပ်နဲ့ အမတ်တွေကြား ဆွေးနွေးမှုတွေ လုပ်ပေးခွင့်ရတယ်။ ၁၉၉၂-၉၃ (ကေအိုင်အေ) က စစ်အစိုးရနဲ့ ပဌမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတဲ့အထဲပါဘို့ စိုင်းပြင်းနေချိန်မို့ မာနယ်ပလောရောက်နေကြတဲ့ ကချင်ပြည်နယ်က အမတ်တွေလဲ (ကေအိုင်ကေ) စည်းရုံးမှုနဲ့ ပြည်တော်ပြန်ဘို့ ဖြစ်လာကြတယ်။ အရင်ရောက်နေသူကတဦး၊ နောက်ယောက်လာသူက လေးဦး၊ ၅ ဦးလုံးပြန်ကြမယ်။ မပြန်ခင်မှာ ‘ဘာလို့ သူတို့အဲလို လုပ်ကြရတယ်။ ဘယ်တော့မှာ ဘယ်လိုထွက်မယ်’ စတာတွေကို ကချင်အမတ်တွေက ကျွန်တော့်ကို နောက်ဆုံးမိနစ်မှာ ဖွင့်ပြောကြတယ်။ ဝန်ကြီးချုပ်ကို ရှင်းပြပေးဘို့ဖြစ်တယ်။

ဒိနောက်မှာ ဒေါက်တာစိန်ဝင်းနဲ့အဖွဲ့ (ဦးဘိုလှတင့်၊ ဦးမောင်မောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးဝင်းခက်) တို့ (ယူအင်) လော်ဘီလုပ်ဘို့ အမေရိကားသွားရတယ်။ သူတို့လဲ ထိုင်းနိုင်ငံကို အဲဒီကတည်းက နှစ်တွေအတော်ကြာထိ ပြန်မလာနိုင်တော့ပါ။ ဆရာစိန်ဝင်းကတော့ ကနေ့အထိ ထိုင်းနိုင်ငံရဲ့ Black list ထဲမှာဘဲရှိသေးတယ်။ ဒေါက်တာစိန်ဝင်းနဲ့ လူကိုယ်တိုင်ပြန်တွေ့ရတော့ ဆွီဒင်နိုင်ငံမှာဖြစ်ပါတယ်။ ၁၉၉၅ ခု၊ ဇူလိုင်လ (၁၆) ရက်ကနေ (၂၃) ရက်အထိ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပထမအကြိမ်ညီလာခံကို ဆွီဒင်နိုင်ငံ၊ (ဘွန်မားစဗစ်) မှာ ကျင်းပခဲ့ပြီး၊ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ဝန်ကြီးအဖွဲ့သစ် ပြန်ရွေးချယ်ဖွဲ့စည်းတယ်။ ကျွန်တော်က အဲဒီအရင်မှာ အကြီးတန်းအကြံပေးတာဝန်သာရှိတာပါ။ ဝန်ကြီးရယ်လို့ တာဝန်ရှိကတည်းကနေ ၁၄-၉-၂ဝ၁၂ မှာ အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာတဲ့အထိ အစိုးရအဖွဲ့ထဲမှာ ဒေါက်တာစိန်ဝင်းနဲ့ အတူရှိခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တွေက တိုင်းပြည် သုံးခုမှာခွဲနေထိုင်ကြရတယ်။ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယဖြစ်တယ်။ နောက်ပိုင်းမှာ ထိုင်းမှာနေကြတဲ့ ဝန်ကြီးတွေ၊ အမတ်တွေနဲ့ ရုံးအဖွဲ့အကြီးတန်းတာဝန်ရှိသူတွေပါ သြစတေးလျကို စီစဉ်ပြီး ပို့လိုက်လို့ ၄ နေရာဖြစ်လာပြန်တယ်။

ဝန်ကြီးအစည်းအဝေးတွေကို ၄-၆ လတကြိမ်လောက်သာ လူချင်းဆုံပြီး ထိုင်နိုင်ကြပါတယ်။ အများဆုံးလုပ်နိုင်တာကတော့ ဘဏ္ဍာရေးကော်မတီနဲ့ မဟာဗျူဟာကော်မတီဖြစ်တယ်။ အများဆုံးက ဝါရှင်တန် NCGUB ရုံးမှာလုပ်ပါတယ်။ ကျွန်တော်က နှစ်ခုလုံးမှာပါလို့ မပျက်မကွက်တက်ပါတယ်။ ကျွန်တော်က ဒေါက်တာစိန်ဝင်းအိမ်မှာဘဲ တည်းပါတယ်။ စောစောပိုင်း ကာလတွေမှာ သူ့မိသားစု ရောက်မလာသေးလို့ သူကတယောက်ထဲလိုလို မေရီလင်းမှာနေပါတယ်။ တယောက်ယောက်တော့ သူနဲ့အတူရှိရပါတယ်။ ရုံးဒါရိုက်တာ ဦးမြင့်ဆွေ (ကနေဒါ)၊ ဦးနွယ်အောင် (ဂျာမဏီ) တို့ ရှိကြတယ်။ ကျွန်တော် မမေ့နိုင်တာက လက်တွဲလုပ်နေသူ ကချင်လူမျိုး ဗင်ဂျမင် ကြာအု ဖြစ်တယ်။ သူကလဲ ဒေါက်တာစိန်ဝင်းအိမ်မှာဘဲ တည်းခိုနေတယ်။ ကျွန်တော်တို့တတွေ ဝါရှင်တန်ရုံးကနေ ပြန်လာရင် ညစာအတွက် စားဘို့ရော သောက်ဘို့ပါ ကောင်းကောင်းပြင်ဆင်ပေးထားတယ်။ ရီစရာ မောစရာလဲ အတော်ပြောတယ်။ သူကွယ်လွန်တော့ ကျွန်တော် တကူးတက မသွားနိုင်ပါ။

ဒါရိုက်တာလဲမရှိ၊ သူလဲမရှိရင် ဒေါက်တာစိန်ဝင်းနဲ့ ကျွန်တော် နှစ်ယောက်ထည်းဘဲနေကြရတယ်။ စည်းကမ်းအရ အသက်ပိုငယ်သူက စားစရာချက်တာဝန်ယူရတာမို့ ဝန်ကြီးချုပ်နဲ့နေရတိုင်း ကျွန်တော်က စားဖိုမှူးလုပ်ရတယ်။ ဝါရှင်တန် (မေရီလင်း) မှာသာမကပါ တနှစ်မှာ နယူးယော့ (ယူအင်) တာဝန်နဲ့ တလတိတိ အိမ်ငှားနေရတော့လဲ ဒေါက်တာစိန်ဝင်း၊ သြစတေးလျကနေလာကူညီတဲ့ အမျိုးသမီးကြီး၊ ဦးလျန်အုတ် (ဟားခါး) တို့နဲ့ဆိုတော့ ကျွန်တော်ဘဲ ချက်ရပြုတ်ရတယ်။ ဒေါက်တာသောင်းထွန်းက အိမ်သပ်သပ်နေတယ်။ ဒေါက်တာစိန်ဝင်းက အစားအသောက်နည်းတယ်။

တနှစ်မှာ မှတ်မိသေးတယ်။ ကျွန်တော်နဲ့ ဒေါက်တာစိန်ဝင်းနှစ်ယောက်ထဲနေကြရတုံး၊ သူက ခရီးသွားစရာရှိလို့ ကျွန်တော်က အိမ်မှာတယောက်ထဲနေခဲ့ရတယ်။ ဆောင်းတွင်းကြီး နှင်းတွေကျ၊ သစ်ပင်တွေကနှင်းတွေကခဲ၊ သစ်ကိုင်းတွေကျိုးကျရာက လျှပ်စစ်ပျက်ပါလေရော။ အေးလိုက်တာ မပြောပါနဲ့။ ဓါတ်ငွေ့တော့လာလို့ ဦးဘိုလှတင့်ကလာပြီး ဓါတ်ငွေ့နဲ့နေဖြစ်အောင်လုပ်ပေးတယ်။ အမေရိကားမှာ နှစ်ရက်တောင် မီးမရဘူး။ ဒေလီပြန်ရောက်တော့ ဝန်ကြီးချုပ်ကို ‘အိန္ဒိယကိုလာခဲ့ပါအုံး၊ ဇွန်လနဲ့ ဇူလိုင်လထဲသာလာခဲ့’ လို့ တကယ့်အပူလောင်ဆုံး အချိန်ကို ရီစရာသဘောနဲ့ ပြန်ဖိတ်လိုက်တယ်။

ကျွန်တော်နဲ့အတူနေကြရင် ရုံးပိတ်ရက်မှာ မနက်ဆို လမ်းလျှောက်ကြတယ်။ သူခေါ်သွားတတ်တာက စာအုပ်ဆိုင်ဘဲ။ ၁၅ လမ်းမှာရှိတဲ့ ဝါရှင်တန်ရုံးမှာလဲ နေ့လည်စာစားပြီးရင် အိမ်ဖြူတော်နားဖြစ်ဖြစ်၊ ဝါရှင်တန်ကျောက်တိုင်အထိ ဖြစ်ဖြစ် လမ်းလျှောက်ကြပါတယ်။ အဲလိုလမ်းလျှောက်ရင်းနဲ့ အတွင်းစကားမျိုးပြောတတ်ပါတယ်။ ရီစရာလဲ ပြောကြတယ်။

ကျွန်တော့်သုံးသပ်ချက်ကတော့ ဒေါက်တာစိန်ဝင်းဟာ ရိုးအေးတယ်။ စိတ်ဓါတ်ခိုင်မာတယ်။ ပြောသင့်တယ်လို့ သူများတွေက ထင်ပေမဲ့ မပြောဘဲနေနိုင်တယ်။ သူများတွေက အားမရလို့ ဝေဖန်မှုတွေဆိုတာ ကြာလေများလေ။ ဒါကတော့ လူတိုင်းလိုလိုကြုံကြရတဲ့ ထုံးစံပါ။ ရာထူးအရှိန်အဝါသုံးပြီး ကိုယ်ကျိုးရှာတယ်ဆိုတာတော့ ဘယ်သူကမှ သူ့ကို ထောက်ပြစရာမရှိသူ ဖြစ်တယ်။ ဟိတ်ဟန်မရှိဘူး။ ခေါင်းအေးတယ်။ နိုင်ငံရေးပူလာရင် သူအေးနေတာကို အားမရကြဘူး။

အနှစ်နှစ်ဆယ်ကျော် (၂၁ နှစ်၊ ၇ လနဲ့ ၂၆ ရက်) အစိုးရအဖွဲ့မှာ အတူလုပ်ကြတာမှာ ဒေါက်တာစိန်ဝင်းအတွက် အနီးကပ်ဆုံး ကူညီလုပ်ပေးသူ တယောက်ပြီး တယောက်လို့ ပြောရမယ်။ ဦးမောင်မောင် (FTUB/FTUM)၊ ဦးဟန်ယောင်ဝေ (EBO)၊ ဒေါက်တာသောင်းထွန်း တို့လို့ အကြမ်းဖျဉ်းပြောနိုင်တယ်။ ဝန်ကြီးအဖွဲ့ထဲကနေလဲ ဦးဝင်းကိုမရှိတဲ့နောက် ဒေါက်တာစန်းအောင်နဲ့ ဦးဘိုလှတင့်တို့က ပိုနီးစပ်ခဲ့ကြတယ်။ အစိုးရအဖွဲ့မဖျက်ခင်မှာတော့ လူနည်းသွားပြီ။ အဲဒီအချိန်မှာ ကျွန်တော်က ဒေါက်တာစိန်ဝင်းသာမက အစိုးရအဖွဲ့အတွက် အများဆုံးတာဝန်ကျေခဲ့တယ်လို့ မှတ်တမ်းတင်ချင်ပါတယ်။ (NCGUB) အစိုးရ ဖျက်သိမ်းကြောင်းကြေညာချက်နဲ့ (၂၂) နှစ်တာဆောင်ရွက်ချက်များ (အကျဉ်း) ၁၁ မျက်နှာကို ကျွန်တော်ဘဲ စာကြမ်းရေးခဲ့ပါတယ်။ အမတ်အားလုံး အကြိမ်ကြိမ် ဆွေးနွေးပြုပြင်ပြီးမှ လက်မှတ်ထိုးသူက ဒေါက်တာစိန်ဝင်း။

ဒေါက်တာစိန်ဝင်း ၁၉၉ဝ ဒီဇင်္ဘာမှာ ပြည်ပထွက်တော့ ဇနီးဒေါ်စီစီက ကိုယ်ဝန်နဲ့ နေရစ်ခဲ့ရတယ်။ နှစ်တွေ အများကြီး ကြာပြီးမှ သမီးက သူ့အဖေကိုပြန်တွေ့တော့ အတော်စိမ်းနေလို့ နွေးထွေးမှုရအောင် အချိန် အတော်ယူရတယ်။ ဒိမတိုင်ခင် ဒေါက်တာစိန်ဝင်းမှာ နှလုံးနဲ့ (ကိုလက်စထော) များတဲ့ရောဂါအတွက် အတော်ကုသလိုက်ရသေးတယ်။ အလုပ်တော့ သိပ်မပျက်ပါ။ ပြန်ကျန်းမာလာပြီးမှ သားလေးတယောက် ထွန်းကားတယ်။ သူ့မိသားစု ရောက်ကတည်းက ကျွန်တော် သွားရင် ဦးစိုးပိုင်အိမ်မှာ အများဆုံး တည်းရတယ်။ တခါတလေ ဦးဘိုလှတင့်အိမ်မှာ တည်းပါတယ်။

အစိုးရအဖွဲ့မဖျက်ခင် အရင်အကူအညီပေးခဲ့ကြတဲ့ နော်ဝေအစိုးရနဲ့ အမေရိကန် NED အဖွဲ့တို့ကနေ ထောက်ပံ့တာတွေ ရပ်လိုက်ပါတယ်။ ငွေမရပေမဲ့ နိုင်ငံရေးအရ ဖြစ်အောင် တနှစ်လုံးဆက်ရပ်တည်ခဲ့ကြတယ်။ ဖျက်ပြီးနောက်မှာ အရင်က ဖွဲ့ထားပြီး၊ နောက်ပိုင်းလျှောရဲရဲဖြစ်နေတဲ့ The Burma Fund (TBF) ကို တရားဝင်မှုပြန်ရအောင်လုပ်ပြီး၊ ကနေ့အထိ ဒီခေါင်းစဉ်အောက်ကနေ ဒေါက်တာစိန်ဝင်းနဲ့အတူ ကျွန်တော်ဆက်လုပ်နေပါတယ်။ သူဟာ လက်ရှိအပြောင်းအလဲအပေါ်မှာ သံသယတွေ အတော်ကြီးသူဖြစ်ပါတယ်။

မှတ်သားထိုက်တာလေးတွေ ရှိပါသေးတယ်။ ၂ဝ-၁-၂ဝဝ၉ ကနေ ၂၃-၁-၂ဝဝ၉ အထိ၊ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များညီလာခံ ကျင်းပတဲ့အခါ ဒေါက်တာစိန်ဝင်းကို အစားထိုးဘို့ ဆောင်ရွက်မှုတရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ပေါ်လစီကွဲလွဲမှုကနေ အခြေခံပါတယ်။ စစ်အစိုးရကို ကုလသမဂ္ဂမှာ Credential challenge လုပ်-မလုပ် သဘောထား မတူကြပါ။ ဒေါက်တာစိန်ဝင်း၊ ဒေါက်တာသောင်းထွန်းနဲ့ ကျွန်တော်တို့က အောင်မြင်ဘို့ အလားအလာမရှိဘူး။ သံတမန် အဆက်အသွယ်တွေကလဲ ဒီသဘောကိုသိတယ်။ မနိုင်တာကို မလုပ်ရတော့ မဟုတ်ပါ။ လုပ်လိုက်တာကနေ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ Credibility ယုံကြည်လက်ခံမှု နည်းစေမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ဆက်ဆံနေကြရတာက နိုင်ငံတကာ (အနောက်နဲ့ ဥရောပ) အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်လို့ ဒီအချက်ကိုလဲ ထည့်တွက်ရပါတယ်။ စစ်အစိုးရကို ကုလကနေ ကုလားထိုင်နေရာ ဖယ်ပြစ်ချင်သူတွေထဲမှာ ကျွန်တော်တို့လဲ နောက်ကနေကြသူတွေ မဟုတ်ပါ။ ဒေါက်တာစိန်ဝင်းက ‘မဲရှုံးရင် သူ အေးအေးဆေးဆေး ထွက်ပေးမယ်၊ လွှဲပြောင်းပေမယ်’ လို့ ကြောညာပါတယ်။ ရွေးချယ်တင်မြှောက်ရာမှာ မဲပေးတော့ ၂ မဲ အသာနဲ့ ဒေါက်တာစိန်ဝင်းက ဝန်ကြီးချုပ် ပြန်ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးတချက် ရေးပါအုံးမယ်။ ၁၉၉၅ ဇူလိုင်လထဲ ဆွီဒင်မှာလုပ်တဲ့ အစည်းအဝေးကာလဟာ ဒေါ်အောင်ဆန်းစုကြည် ပဌမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာကာစနဲ့ တိုက်ဆိုင်ပါတယ်။ ဒေါ်စုကို ရန်ကုန်သွားတွေ့ပြီး၊ ဒေါ်စုဆီက သတင်းစကား သယ်လာပေးသူ သတင်းထောက် အမျိုးသမီးကနေ ကျွန်တော်တို့ အစည်းအဝေးကို လာပြီး ဖေါက်သည်ချပါတယ်။ NCGUB ကို ဘယ်လို သဘောထားသလဲဆိုတဲ့ အမေးကို ဒေါ်စုဖြေခဲ့တာက “Dr. Sein Win is a decent person and as along as he is leading the organization, I think it won’t go wrong”.

ဘာသာပြန်ရရင် “ဒေါက်တာစိန်ဝင်းဟာ တည်ကြည်တဲ့ လူတယောက် ဖြစ်ပါတယ်။ သူဦးဆောင်နေသရွေ့ အဲဒီအဖွဲ့အစည်းဟာ မှားတဲ့လမ်းကို သွားမှာမဟုတ်ပါဘူး။”

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၄