Saturday, February 15, 2014

ဘာသာစကား


• ချင်းအမျိုးသားနေ့ကို တင်တာမှာ မှတ်ချက်တွေရေးကြတယ်။ စိတ်ဝင်စားစရာဖြစ်ပြီး၊ မတူတဲ့ နေရာ ဒေသတွေမှာ ကိုယ်တိုင် ကြုံတွေ့ရတာမျိုးတွေ ရေးကြာတာဖြစ်တယ်။

• ဘာသာစကားဆိုတာ ကိုယ်နေတဲ့နေရာ၊ ကိုယ်ကျင်လည်တဲ့အသိုင်းအဝိုင်းက စကားတတ်ရင် တပမ်းသာတယ်။
• ဗမာစကားနဲ့ အင်္ဂလိပ်စကားတတ်ကြလို့ UNHCR, Do Bosco, SLIC နဲ့ သံရုံးတွေမှာ စကားပြန်အလုပ်ရကြသူ မနည်းဘူး။ မြန်မာစကားရော မြန်မာစာပါတတ်လို့ ချင်းအမျိုးသမီးတယောက် AIR မှာ အလုပ်ရတယ်။
• မြန်မာ + အင်္ဂလိပ် +ဟင်ဒီပါတတ်တဲ့ မိန်းကလေးတယောက် လိုက်ရှာနေတာ မရသေးဘူး။ မြန်မာပြည်က ဆေးလာကုသူတွေကို လိုက်လုပ်ပေးတဲ့ကုမ္ပဏီက လိုချင်လို့ ရှာပေးပါ ပြောထားလို့။
• အိန္ဒိယပါမောက္ခတယောက်က မြန်မာစာတတ်ချင်တယ်ဆိုလို့ ရခိုင်ဘုန်းကြီးတပါးနဲ့ ဆက်ပေးလိုက်တယ်။
• အိန္ဒိယအစိုးရဝန်ထမ်းတွေအတွက် မြန်မာစာဆရာ ရှာပေးဘို့လဲ ပြောထားတာ ခုထိ အလုပ်မဖြစ်သေးဘူး။
• BCD ကနေ Burmese Teaching course မြန်မာစာသင်ဘို့လုပ်နေတာ၊ Fund မရတော့လို့ မလုပ်ဖြစ်တော့ပါ။
• မဏိပူတက္ကသိုလ် မြန်မာဌာနမှာ ကိုဂြိုလ်တု နောက် ကိုမျိုးက ကသည်းစကားပါ တတ်လို့ မြန်မာစာဆရာ လုပ်နေတယ်။
• ယမုန်နာဆေးခန်းမှာ မြန်မာလိုပြောတတ်သူတွေက မြန်မာစကားသာတတ်တဲ့ဆရာဝန်ကို တိုက်ရိုက် ပြောနိုင်ကြတယ်။ မွေးလူနာတွေကို ဘယ်လိုနေ၊ ဘာလုပ်၊ အားပေးစကားပြောတာကို ဆရာမတွေက တဆင့် ဘာသာပြန်ပေးနေရတာ သိပ်အားမရလှဘူး။
• ချင်းလူနာတွေက မြန်မာတွေလို လူနာကို အားပေးစကားပြောတာ အတော်နည်းကြတာ သတိထားမိတယ်။ သူတို့က လူနာဆေးခန်းရောက်စမှာ ဆုတောင်းတာသာလုပ်တယ်။
• ရေထဲမိုးထဲမှာ ‘ဗိုက်မနာဘဲ မညှစ်နဲ့’၊ ‘အသက်ဝအောင်ရှူထား’၊ ‘ရေ-ကော်ဖီ-လက်ဖက်ရည်-ဖျော်ရည် သောက်မလား’၊ ‘ဘာမှ မကြောက်နဲ့၊ ဆရာနဲ့ ဆရာမတွေရှိတယ်’ စသဖြင့် အားပေးချင်တယ်။ ‘မကြာခင် ကလေးအမေဖြစ်တော့မယ်’ လို့ ရီစရာကိုလဲ ဘာသာပြန်ခိုင်းရတယ်။
• ဆေးခန်းမှာ တီးတိန် ဆရာမတယောက်နဲ့ ဖလမ်း (မီဇို) တတ်တဲ့ဆရာမတယောက် အနည်းဆုံး ၂ မျိုး မလာနိုင်တဲ့နေ့ဆို အတော်ဒုက္ခရောက်ရတယ်။ ဟားခါလူနာလာရင် ခက်ပြီ။ ဟားခါးထဲက ဆရာမ တခါမှ မရသေးဘူး။
• ဒီမှာ တက္ကသိုယ်၊ ကောလိပ်ကဘွဲ့ပြီး၊ အင်္ဂလိပ် + မြန်မာ + ဟင်ဒီဘာသာ သုံးမျိုး တတ်ကြတဲ့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ ‘မြန်မာစာ’ မရေးတတ်၊ မဖတ်တတ်ရင် မြန်မာပြည်ပြန်တဲ့အခါ အလုပ်ရဘို့ မလွယ်ဘူး။ (တချို့ဆို ကိုယ့်တိုင်းရင်းသားစကားပါတတ်တယ်။)
• ဒီမှာနေလဲ ID အခက်အခဲနဲ့ အလုပ်ကောင်းရဘို့ မဖြစ်နိုင်ဘူး။ ရပြန်ရင်လဲ အနှိမ်ခံကြရတယ်။
• အိန္ဒိယမှာ အခုတလော အရှေ့မြောက်ပြည်နယ်က လူတွေကို ဒေလီမှာ သတ်ပြစ်တဲ့အထိ အနှိမ်ခံနေရတယ်။ ၂၉-၁-၂ဝ၁၄ နေ့က (အရူနာချာ ပရာဒက်ရှ်) ပြည်နယ်က (နီဒို တာနီယမ်) ဟာ ဒေလီမြို့ (လာ့ခ်ျပတ် နဂါး) မှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့ရတယ်။ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေ (မဏိပူ၊ နာဂလင်း၊ မီဇိုရမ်၊ အရူနာချာ ပရာဒက်ရှ်) ကလူတွေဟာ မြန်မာပြည်ကလူတွေလို အသားအရောင်ဆင်တူကြတယ်။
• မြန်မာပြည်က အမျိုးသမီးတွေ ဒီအတွက် မကြာခင်ဆန္ဒပြဘို့လုပ်နေကြတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၄