Saturday, January 25, 2014

Crocodile smile မိကျောင်းမင်း ပြုံးနေသည်

မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးအပေါ် သုံးသပ်ခြင်း (၂၄-၁-၂ဝ၁၄ ဘီဘီစီ ညပိုင်း ကမ္ဘာ့အရေး-မြန်မာ့အရေးဆွေးနွေးခန်း) ဒီဆွေးနွေးခန်းမှာပါဘို့ ဖိတ်လို့ “ဟုမ်းဝပ်” လုပ်ထားပါတယ်။ အသံသွင်းချိန်က ဆေးခန်းချိန်ဖြစ်နေလို့ ဒုက္ခသည်လူနာတွေကို ခဏထားပြီး၊ လက်တန်းဘဲပြောလိုက်ရပါတယ်။ ဒီစာကကျွန်တော်လုပ်ထားတဲ့ “အိမ်စာ” ပါ။ • ဘုန်းကြီးစာချလုပ်သလို မထင်စေချင်ပါ။ ဆရာတော်တွေလဲ ဥာဏ်ပညာအမြော်အမြင်ရှိရှိနဲ့ သတိထား ဆောင်ရွက်ကြတာပါ။ ဘာသာရေးအမြင်ထက် ကျော်လွန်တယ်ထင်လို့ ဆွေးနွေးရာဖြစ်လာတယ်။ ဘာသာရေးဟာလဲ နိုင်ငံရေးနဲ့ဆက်စပ်နေပါတယ်။ အဖွဲ့ကြီးမှာ နိုင်ငံရေးရည်ရွယ်ချက်ပါနေတယ်။ ဥပဒေပြုရေးအထိ ဆောင်ရွက်မယ်လို့ သိရတယ်။ • အဖွဲ့ကြီးဖွဲ့စည်းလိုက်တဲ့နောက် တသံတည်းမဟုတ်တဲ့အသံတွေ ထွက်လာတယ်။ ကျွန်တော်လဲ စိုးရိမ်တာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးအမြင်ကနေကြည့်ပါမယ်။ • မြန်မာပြည်မှာ ဘာသာကြီး ၄ ခု ကိုးကွယ်ခွင့်ကို လက်ခံထားပြီးဖြစ်တယ်။ အရင်က ဘာသာဝင်တွေကြား ကြီးမားတဲ့ပြဿနာရယ်လို့ မရှိသလောက်ပါ။ ဒါပေမဲ့ ဘာလို့ဖြစ်လာသလဲ (၁) ရခိုင်အရေးကိစ္စနောက်မှာ ဖြစ်လာတယ်။ (၂) ပွင့်လင်းမှုဆိုတာရလာလို့ အပြင်က စံတွေ၊ ပေတံတွေက ဒရောသောပါးဝင်လာလို့ ဖြစ်သင့်တာတွေရော မဖြစ်သင့်တာတွေပါ ရောထွေးဖြစ်လာခဲ့ပါတယ်။ • အပြင်ကနေဝင်လာတဲ့ အသိအမြင်တွေထဲမှာ တချို့အရာတွေက ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေတွေနဲ့ မညီသေးတာတွေရှိတယ်။ လူ့အခွင့်အရေး၊ တခြားတခြားသောအခွင့်အရေး၊ မီဒီယာ၊ စတာတွေ။ • သူများတွေကို နေရာတိုင်းမှာ လိုက်မတုသင့်ပါ။ ကျွန်တော်တို့မှာ အားနည်းချက်တွေ ရှိပါတယ်။ အမေရိကန်မှာ ရည်တူတန်းတူ ကိုးကွယ်ခွင့်ဆိုတာရှိတယ်။ (ဘင်လာဒင်) ကိုလဲ သူများနိုင်ငံထဲအထိဝင်ပြီး သုတ်သင်နိုင်စွမ်းရှိတယ်။ ကျွန်တော်တို့ဆီမှာ ကမ္ဘာအေးလှိုင်ဂူမှာ ဗုံးခွဲတာတောင်မှ လက်သည်မဖေါ်နိုင်ဘူး။ • ဘယ်အရာမှာမဆို အထိန်းအကွပ်မပါရင် ရိုင်းစိုင်းတဲ့အခြေအနေရောက်သွားနိုင်တယ်။ သိပ်လွတ်လပ်သွားရင် Anarchism မင်းမဲ့အယူအဆနဲ့တူသွားမယ်။ • “အမျိုး-ဘာသာ-သာသနာ” ဆိုတဲ့ဆောင်ပုဒ်ဟာ ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးမှာ အောင်မြင်ထိရောက်ခဲ့တယ်။ ဆက်ပြီး ကျယ်ပြန့်ကြီးမားလာခဲ့လို့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ လူထုကို ဦးဆောင်နိုင်ခဲ့ပါတယ်။ • ဘာသာရေး၊ လူမျိုးရေး၊ မျိုးချစ်စိတ်ဓါတ်တွေဟာ ဆွဲဆောင်စည်းရုံးနိုင်စွမ်းမှာ အင်မတန် ထိရောက်တယ်။ ကနေ့ ဒီဆောင်ပုဒ်ကိုင်စွဲသူတိုင်းကို “လူပြိန်းကြိုက်လုပ်နေတယ်” လို့ စွပ်စွဲတာကိုတော့ သဘောမတူပါ။ တချို့ စိုးရိမ်ချက်တွေဆိုတာက အမှန်ဖြစ်တယ်။ • ကျွန်တော့ဆောင်ပုဒ်က “အစွန်းရောက်တာမကြိုက်ရင် ကိုယ်ကလဲအစွန်းမရောက်နဲ့” လို့ဖြစ်တယ်။ • ခက်တာက တဖက်ကို အာမမခံနိုင်သေးရင် စိုးရိမ်လို့လိုက် လုပ်ရတာတွေလဲ ဆက်ရှိနေမယ်။ ထိန်းသိမ်းဘို့ကို အစိုးရတခုထဲကမရဘူး။ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူထုကပါ ညီညီညွတ်ညွတ် လုပ်ကြရပါမယ်။ အခုက မညီညွတ်ကြဘူး။ • အိန္ဒိယမှာ လူအများစုကိုးကွယ်တဲ့ (ဟင်ဒူ) ဘာသာကို အသုံးချပြီး၊ ရွေးကောက်ပွဲနိုင်အောင်လုပ်မဲ့ (ဘီဂျေပီ) ပါတီဟာ လာမဲ့ရွေးကောက်ပွဲမှာ မနိုင်ဘူးမပြောနိုင်ဘူး။ နိုင်ရင် တိုင်းပြည်မှာ ဆိုးဝါးတာတွေဆက်ဖြစ်လာမှာကို တတ်သိသူတွေက အလွန်စိုးရိမ်နေကြတယ်။ • သီရိလင်္ကာမှာ ဗုဒ္ဓဘာသာက နိုင်ငံရေးမှာပါ နေရာရတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ အဲလိုမဟုတ်ကြဘူး။ ကျွန်တော်တို့ဆီမှာက ဘာသာရေးနာမည်နဲ့ နိုင်ငံရေးမှာ နေရာရယ်လို့ မရှိပါ။ ဗုဒ္ဓဘာသာကနေ နိုင်ငံရေးအပေါ် လွှမ်းမိုးမှုဆိုတာက ခေတ်တခုနဲ့တခုမတူဘူး။ စစ်အစိုးရလက်ထက်မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဖွဲ့စည်းလိုက်တယ်။ သဘောမတူမှုတွေ ကြားရတယ်။ • အစဉ်အလာဆိုရင် ဆရာတော်တွေက လူတွေကို တရားဟောပြ၊ လမ်းညွှန်မှုပေးကြရတယ်။ စစ်အစိုးရ လက်ထက်မှာတော့ စစ်အစိုးရရဲ့ လမ်းညွှန်မှုကိုသာ ဘုန်းကြီးတွေဆီလာပြီး၊ လျှောက်ထားတာကိုသာ ဘုန်းကြီးတွေက လိုက်နာကြရတယ်။ ဒါဟာလဲ ပြင်စရာတခုဖြစ်ပါတယ်။ • အဖွဲ့အစည်းရယ်လို့ ဖွဲ့နိုင်တာဟာ အင်အားကိုဖြစ်စေတယ်။ ကိုယ့်အင်အားကို တလွဲအသုံးချမခံပါနဲ့။ ကြံ့ခိုင်ရေးပါတီက နောက်မှာရှိတယ်လို့ သံသယအသံတွေကြားနေရတယ်။ ကိုယ့်ရဲ့စိတ်စေတနာစစ်မှန်မှုကို ကြံ့ခိုင်ရေးပါတီကဖြစ်ဖြစ် NLD ကဖြစ်ဖြစ် အသုံးချမခံသင့်ပါ။ • “ဒို့ဖြစ်စေချင်တာကို မထောက်ခံတဲ့ပါတီကို ဆန့်ကျင်မယ်” ဆိုတာလဲ ကြားရတယ်။ ကိုယ်လိုချင်တာကို ပြောင်ပြောင်တင်းတင်းမထောက်ခံရင် NLD ကိုမဲမပေးနဲ့လို့လဲ ကြားရတယ်။ ကိုယ်ဖြစ်ချင်တာကိုထောက်ခံရင် ဘယ်လိုပါတီဖြစ်ဖြစ်မဲပေးမယ် ဆိုတဲ့သဘောဖြစ်နေတယ်။ • ဒါဟာ အမြော်အမြင်နည်းတယ်လို့ထင်တယ်။ တိုင်းပြည်အရေးကိစ္စတွေမှာ ပြောင်ပြာင်တင်းတင်း ပြောလို့ရတာ ရှိသလို၊ သိုသိုသိပ်သိပ် လုပ်ရတာတွေလဲ ရှိတယ်။ • “ကိုယ့်ကြမ်းခင်းဈေးကို မမေးခင်ကတည်းက ပြောထားတဲ့ ဈေးရာင်းသူဟာ စီးပွါးရေးနားမလည်သူသာ ဖြစ်တယ်။” • “နိုင်ငံရေးဟာ စီးပွါးရေးလုပ်ရတာထက် သိမ်မွေ့ပါတယ်။” • အဲလိုအင်အားစုကို တလွဲအသုံးချမဲ့သူတွေက “မိကျောင်းအပြုံး” နဲ့ စောင့်နေပါမယ်။ • သီတဂူဆရာတော် အလွတ်သဘောပြောတာက သတင်းဖြစ်ပြီး ပြန်ရှင်းနေရတယ်။ ဆရာတော်ပြန်ရှင်းတာမှာ “တက်တဲ့သမတ ဒို့သမတ” ဆိုတာကိုတော့ သဘောမတူပါ။ ဘုန်းကြီးကဘုန်းကြီးစကားသာမိန့်တာ မှန်ပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့နိုင်ငံရေးမှာ ပြောင်းပြန်သက်ရောက်မှု ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ (ခွင့်လွှတ်တော်မူပါဘုရား) ဒေါက်တာတင့်ဆွေ ၂၄-၁-၂ဝ၁၄