Sunday, January 26, 2014

နေညိုချိန်

• ၂ဝ၁၂ သြဂုတ်လထဲ Black list စာရင်းကနေ လူ ၂ဝဝဝ ကျာ်ကို ပယ်ဖျက်တဲ့ထဲမှာ ကျွန်တော့်နာမည်က နံပါတ် (၇) မှာပါတယ်။ • ကျွန်တော့်နာမည်ကို တရားဝင်အကြေညာခံရတာ နှစ်ခါရှိပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲအတွက် အစိုးရဂေဇက်မှာ ပါခဲ့တာနဲ့ ၂ဝ၁၂ သမတ (ဝဘ်ဆိုက်) မှာပါတာ ဘာကွာသလဲ မသိသေးပါ။ • ကျွန်တော့်ကို မျက်ကွယ်မှာ စီရင်ချက်ချတာမို့ ဘယ်ပုဒ်မတွေနဲ့ ထောင် ၂၅ နှစ်ချလဲ မသိပါ။ မကြာသေးခင်က NLD ထဲကတယောက်နဲ့ ဒီမှာလူခြင်းတွေ့တော့ “၂၅ နှစ်မကဘူးနော်ဆရာ” လို့ ပြောပါတယ်။ • အိမ်နဲ့ဆေးခန်း ချိတ်ပိတ်ထားတာလဲရှိသေးတယ်။ လက်ရှိအမတ်တဦးက မေးပေးမယ်လို့ ကတိပေးသွားပါတယ်။ ဦးအောင်မင်းကိုပြောလဲ ရနိုင်တယ်။ ဦးကျော်ဆန်းလဲ ပြောရင်လဲရမှာဘဲ။ ဦးသာအေး ပြောရမှာလားလဲ မသိပါ။ ကျွန်တော်က အဲလိုတွေ မပြောချင်ဘူး။ • ဆရာဝန်လိုင်စင်လဲ ကြာရင်တော့ ပြန်ရချင်ရမှာလို့ ထင်ပါတယ်။ • သံရုံးကိုသွားပြီး ဗီဇာလျှောက်လဲ ဖြစ်လောက်မယ် ထင်တယ်။ အဲဒါလဲ မလုပ်ခြင်ဘူးဖြစ်နေတယ်။ • အမဲစာရင်းမထွက်ခင် သမတကနေ အပြင်ရောက်နေသူတွေ ပြန်လာနိုင်တယ် ပြောကတည်းက စဉ်းစားနေတယ်၊ တိုင်ပင်နေတယ်၊ စီစဉ်နေပါတယ်။ NLD ရုံးက သင်တန်းတခုမှာ စကားပြောဘို့ နေ့နဲ့အချိန်တောင်မှ ရထားပြီးပါပြီ။ မလာဖြစ်ခဲ့ပါ။ • NLD/LA အဖွဲ့သွားတုံးကလဲ ကျွန်တော့်ကို အတူလိုက်ဘို့ ခေါ်ပါတယ်။ အများကြီး စဉ်းစားပြီး မလိုက်ခဲ့ပါ။ ဒိအရင် ကျွန်တော်တာဝန်အရှိဆုံးဖြစ်တဲ့ BCD အဖွဲ့လဲ အထဲသွားသေးတယ်။ အိန္ဒိယအမတ်တွေနဲ့မို့ လိုက်စေချင်ကြပေမဲ့ အများကြီး စဉ်းစားပြီး မလိုက်ခဲ့ပါ။ • “ပြန်လာဘာလုပ်” ဆိုပြီးလဲ တိုတိုလေးရေးဘူးသေးတယ်။ လုပ်စရာဆိုတာ အထဲမှာ ပိုများများရှိတာ မှန်ပါတယ်။ အခုချိန်မှာ အပြင်မှာ လုပ်မဲ့သူ ဘယ်သူရှိသေးလဲ။ ဒေါ်စု လန်ဒန်မှာရောက်တုံး အတွင်းစကားပြောတာတခုက အပြင်ကနေ မြန်မာနိုင်ငံအခြေအနေတွေကို စောင့်ကြည့်ပြီး ထောက်ပြနေသူလိုသေးသတဲ့။ ကျွန်တော်ဘဲ ဒါလုပ်နိုင်တယ်၊ လုပ်ခြင်တယ်လို့တော့ မဟုတ်ပါ။ • နိုင်ငံရေး လေနဲ့လုပ်ရပေမဲ့ နေစရာ၊ စားစရာတော့မရှိလို့ မဖြစ်ပါ။ အပြင်မှာ အရင်ကပေးခဲ့တဲ့ အထောက်အပံ့ အားလုံး ၂ဝဝ၈ နဲ့အတူ အထဲကိုစီးဝင်သွားကြပြီမို့ အပြင်မှာ ဘယ်လို ရပ်တည်မလဲ။ ထွက်လာတုံးကလဲ ကျော်ပိုးအိတ်တလုံးသာ ပါခဲ့တာ မှန်ပါတယ်၊ အခုတော့ မိသားစုလဲရှိတယ်၊ အရွယ်လဲ စကားပြောလာပြီ။ • ပြန်လာလဲ နေစရာမရှိပါ။ ဒါကတော့သိပ်ကိစ္စမရှိလို့ ထင်ပါတယ်။ ကိုယ့်ကို လက်ခံရဲတဲ့သူဆိုတာ ကျွန်တော့်ဇနီး ကျန်ရစ်တုံးကထက်တော့ အများကြီး ရှိနေလောက်ပြီထင်တယ်။ ဒါပေမဲ့ အားနာစိတ်ရှိတယ်ဗျာ။ ကိုယ့်ကြောင့် သူများတွေ ဒုက္ခရောက်လေမလား၊ ကိုယ်တိုင်လဲ အာမမခံနိုင်သေးဘူးမဟုတ်လား။ • ပြန်လာရင် သုညကနေစရမှာကိုတော့ ကျွန်တော့်ဇနီးနဲ့ကျွန်တော်သာ သိပါတယ်။ • အတိုဆုံးပြောရရင် ဒီလူတွေကို မယုံပါ။ နာမည်ကိုလဲ ရေအရောမခံနိုင်ပါ။ • “သည်လိုပုံနဲ့ မိုးကြီးချုပ်မယ်” လို့ ပြောခြင်ပြောနိုင်ပါတယ်။ • ဒါပေမဲ့ဗျာ “နေညိုပေမဲ့ ဆေးလိပ်မတိုသေးပါ”။ • နက်ဖြန်ဆိုတာကို ဘယ်သူက ကြိုသိနိုင်အံ့နည်း။ ဒေါက်တာတင့်ဆွေ ၂၆-၁-၂ဝ၁၄