Sunday, January 26, 2014

စည်းရုံးရေး အားပေးပါရစေ

ကျွန်တော့်ပုလဲနဲ့ ခပ်ဆင်ဆင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာလဲ စည်းရုံးရေးအခက်အခဲရှိနေတယ်။ NLD လူငယ်များစကားဝိုင်းထဲမှာ ကျွန်တော်ဝင်ပြီးမှတ်ချက်ရေးတာလေးကို မျှဝေချင်ပါတယ်။ • ဆရာ့ပုလဲမှာလဲ အဲလိုတွေ (၂၆-၁-၂ဝ၁၄) ကနေ့ဘဲ ရင်ဖွင့်ကြတယ်။ စိတ်မကောင်းပါ။ ဒါတွေကို ရင်ဆိုင် ကျော်လွှားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ • “သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမားနဲ့ ၉ဝ အမတ် (သို့) ဒေါက်တာတင့်ဆွေ” Bi Midday News Journal 20-1-2014 Interview ထဲမှာ ကျွန်တော်ကြုံခဲ့ရတဲ့ “စစ်ထောက်လှမ်းရေးလက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ‘အနီးကပ်စက်ကွင်း’ က မလွတ်ကင်းခဲ့ပါ” ဆိုတာ NLD ထဲကလူတွေနဲ့ ဖြစ်ခဲ့တာပါ။ ကျွန်တော်က ညီညွတ်ရေးကို အားပေးတယ်။ တချိန်တည်းမှာ ဖြစ်စဉ်သဘောအရ သန့်စင်သွားမှာလဲရှိမယ်။ ဘယ်သူမှ နေရာ-တာဝန် တခုမှာ မြဲမနေဘူး။ ကိုယ့်နိမ့်နေလို့လဲ စိတ်မပျက်ရဘူး။ တက်နေလို့လဲ အမြဲထင်မှတ်မထားရဘူး။ • ဆရာရေးတာကို လက်ခံတဲ့သူတွေ့ရလို့ သင်ခန်းစာယူကြမှာဘဲဆိုပြီး အားတက်ပါတယ်။ အားပေးပါတယ်။ • NLD/LA အနောက်ပိုင်းတိုင်းမှာ ဆရာ့ကို ပါတီဥက္ကဋ္ဌအဖြစ်က ထုတ်တယ်ဆိုပြီး၊ ၂ဝဝ၂ အကုန်လောက်မှာ စာထွက်တယ်။ ပါတီဖွဲ့စည်းပုံနဲ့ လွတ်ပြီးလုပ်တာပါ။ မဟာမိတ်အဖွဲ့အစည်း NCUB ကနေ ဝင်စိဘို့ အပြင်းအထံ ကြိုးစားပေးကြတယ်။ အထောက်အပံ့ပေးတဲ့အဖွဲ့ IRI ကလဲ စေ့စပ်ရေးလုပ်ပြီး၊ ရွေးကောက်ပွဲလုပ်စေတယ်။ ဥပမာပေးရရင် လူ ၁ဝ ယောက်ရှိတဲ့ အသင်းတခုမှာ ၆ ယောက်ကို စုထားနိုင်ရင် လုပ်ခြင်ရာလုပ်လို့ရတာဟာ ဒီမိုကရေစီရဲ့ အားနည်းချက် Paradox of democracy တခုဖြစ်တယ်။ ဆရာက ရွေးကောက်ပွဲကို မသွားဘဲနေတယ်။ ဆရာနဲ့အတူ ၁၉၉ဝ အမတ် ဦးသန်းစိန်နဲ့ နည်းနည်းဘဲ ကျန်ရစ်တယ်။ အဲဒီသူတွေဘဲ ဆက်လုပ်ကြပါတယ်။ ၆ လမကြာပါ ထောက်ပံ့ငွေလဲ တပြားမှ မရတော့ဘူး။ Subhas Chandra Bose Award ဒေါ်စုအတွက် ပေးတဲ့ဆုငွေ ရူးပီး တသိန်းလဲ အဲဒီအထဲကလူဘဲ အိပ်ထဲထည့်သွားတယ်။ အခု အဲဒီအုပ်စု နိုင်ငံရေးထဲမှာ တယောက်မှ မရှိတော့ပါ။ ပုန်ကန်မှုကိုဦးစီးတဲ့သူက ပြည်တော်ပြန်တာထဲမှာ အစောဆုံးဖြစ်တယ်။ ငွေကြေးမသမာလုပ်သူလဲ ပြည်တွင်းပြန်ရောက်နေပြီ။ • ကိုးနှစ်ဆယ်နှစ်လောက်ကြာတော့ တချို့တွေက ဆရာ့ကို တလေးတစား ပြန်ပြီး ဆက်ဆံလာကြတာရှိပါတယ်။ ဒီလုပ်ကြံမှုကို ဦးစီးသူနဲ့ ဒေါ်စုဆုငွေကိုအလွဲသုံးစားသူ၊ ဒီနှစ်ယောက်ကိုတော့ ရှင်ခန်းဖြတ်လိုက်ပါတယ်။ • ရင်းစားပြန်ရဘို့ စောင့်ရတဲ့အချိန်ဟာ ဆယ်စုနှစ်အထိကြာတတ်တဲ့ သင်ခန်းစာကို ရလိုက်ပါတယ်။ • စိတ်ရှည်ကြပါ။ သီးခံကြပါ။ အရာရာဟာ မမြဲပါ။ နိုင်ငံရေးသိက္ခာထိန်းကြပါ။ အချင်းချင်း စစ်ခင်းမနေကြပါနဲ့။ ဒေါက်တာတင့်ဆွေ ၂၇-၁-၂ဝ၁၄