Wednesday, January 29, 2014

ပီအာ (သို့) ပီပီသသ အာကြသည်

ရေးထားတာတော့ ၇ လကြာပါပြီ။ မေးတာရှိလို့ ပြန်တင်ပါရစေ။ တခြားအမြင်တွေကိုပါ စုမှပြည့်စုံပါမယ်။ Proportional representation (PR) “ပီအာရ်စနစ်” ဆိုပြီး အသံတွေ ကျယ်ကျယ် လာနေပါတယ်။ လွှတ်တော်အထိ ရောက်လာပါပြီ။ “ပီအာရ်” ဆိုတာ နိုင်ငံရေးမှာ အနည်းဆုံး (၃) မျိုးရှိပါတယ်။ ၁။ Proportional representation (PR) အချိုးကျကိုယ်စားလှယ်ရတဲ့စနစ် ၂။ Permanent Resident (PR) မြန်မာနိုင်ငံထဲမှာ အမြဲတမ်းနေထိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားများနဲ့ နိုင်ငံခြားနေ မြန်မာပြည်ဖွါးတွေအတွက် ထုတ်ပေးမယ်ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ဖြစ်ပါတယ်။ ၃။ Public relations (PR) လူထုဆက်ဆံရေးဆိုတာ အများပြည်သူတွေကို အုပ်ချုပ်နေတဲ့အစိုးရကနေ သူတို့က လူထုအတွက် ဘယ်လိုတွေကောင်းအောင် လုပ်နေပါတယ်ဆိုတာကို ကြော်ညာဆန်ဆန်လုပ်တဲ့အလုပ်မျိုးဖြစ်တယ်။ စစ်တပ်ကနေလဲ ဒီအလုပ်မျိုးလုပ်ပါသေးတယ်။ ပီအာစနစ်ဟာ ကနေ့မြန်မာပြည်မှာ လုံးဝသင့်တော်ခြင်းမရှိကြောင်း အချက် (၃) ချက်နဲ့ တင်ပြပါရစေ။ ၁။ Proportional representation (PR) အချိုးကျကိုယ်စားလှယ်ရတဲ့စနစ်ဟာ ရုပ်ထွေးတဲ့ စနစ်တခုဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူတွေကနေ တယေက်တမဲနဲ့ မဲပေးရွေးချယ်တဲ့ ကိုယ်စားလှယ်စနစ်မဟုတ်ဘဲ မဲပုံးတိုင်းကနေရတဲ့ မဲစုစုပေါင်းကို ပုံသေနည်းနဲ့တွက်ပြီး လွှတ်တော်ထဲတက်ဘို့ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ရတယ်ဆိုတဲ့စနစ် ဖြစ်ပါတယ်။ ဒါအကြမ်းဖျဉ်းပြောတာပါ။ အများကြီး ရှိပါအုံးမယ်။ မဲပေးနည်း + လူရွေးနည်းဟာ ရှုတ်ထွေးလွန်းတာကြောင့် မြန်မာပြည်ရဲ့ ကနေ့ မဲပေးပိုင်ခွင့်ရှိသူတွေကို စိတ်ရှုတ်ထွေးစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မဲပေးနည်း (၃) နည်းကို ကျင့်သုံးခဲ့ပြီးပြီလို့ ယေဘုယျ ဆိုနိုင်ပါတယ်။ (၁) ဖဆပလခေတ်မှာတော့ အရောင်တွေနဲ့ထားတဲ့မဲပုံးတွေထဲကို ကိုယ့်မဲ့ပြား ထည့်ရတဲ့စနစ် သုံးခဲ့တယ်။ (၂) အဖြူရောင်မဲပုံး ဒါမှမဟုတ် အမဲရောင်မဲပုံးထဲ ကိုယ်ကြိုက်ရာ မဲပြား (မဲစာရွက်) ထည့်ရတဲ့စနစ်ကို မဆလ ခေတ်မှာ ကျင့်သုံးခဲ့ဘူးတယ်။ (၃) မဲစာရွက်ပေါ်က ကိုယ်ကြိုက်တဲ့လူရဲ့ ဘေးမှာ ကြက်ခြေခတ်ရတဲ့စနစ်ကို ၁၉၉ဝ နဲ့ ၂ဝ၁ဝ-၁၂ မှာ လုပ်ဘူးတယ်။ အဲလို ခပ်ရှင်းရှင်း မဲပေးနည်းတွေမှာတောင်မှ မဲမပေးတတ်သူတွေ မနည်း၊ ပယ်မဲတွေ အတော်အသင့်ရှိပြီး၊ မဲခိုးဘို့လဲ လွယ်ကူစေခဲ့ပါတယ်။ ပီအာလိုရှုတ်ထွေးတာကို နိုင်ငံရေးထဲ အနှစ် ၂ဝ လောက် လုပ်နေသူတွေတောင်မှ ခေါင်းစားပါတယ်။ လူထုကို စိတ်ညစ်အောင် မလုပ်သင့်ကြပါ။ ၂။ ကမ္ဘာမှာ “ပီအာရ်စနစ်” ကျင့်သုံးတဲ့နိုင်ငံတွေ မနည်းပါ။ စုစုပေါင်း (၈၆) နိုင်ငံ ရှိပါတယ်။ ကမ္ဘာမှာ ပီအာတွေများလို့ ဒို့မြန်မာပြည်မှာလဲ ကျင့်သုံးသင့်တယ်လို့ ဆိုချင်သူများ ရှိပါသလား။ From dictatorship to democracy by Gene Sharp အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ (ဂျင်း-ရှပ်) စာအုပ်ကို ၁၉၉၃ မှာ မြန်မာဘာသာပြန်ပြီး ထုတ်ဝေခဲ့ပါတယ် အဲဒီအထဲမှာ - • လွတ်လပ်သော နိုင်ငံများ = ၁၉၈၃ တုံးက ၅၅ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၇၅ နိုင်ငံ၊ • တစိတ်တဒေသ လွတ်လပ်သောနိုင်ငံများ = ၁၉၈၃ တုံးက ၇၆ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၇၃ နိုင်ငံ၊ • မလွတ်လပ်သော နိုင်ငံများ = ၁၉၈၃ တုံးက ၆၄ နိုင်ငံရှိရာကနေ၊ ၁၉၉၃ မှာ ၃၈ နိုင်ငံ။ ထောက်ပြထားတဲ့သဘောက လွတ်လပ်မှုအတွက်ကြိုးပမ်းမှုတွေ အောင်မြင်မှု ပိုလာနေတယ်လို့ ဒီမိုကရေစီအတွက် နယ်စပ်ဒေသ၊ လွတ်မြောက်နယ်မြေနဲ့ တိုင်းတပါးကိုထွက်နေပြီး လက်နက်ကိုင်နည်း၊ နိုင်ငံရေးနည်းတွေနဲ့ ကြိုးပမ်းနေကြသူများအတွက် အားပေးချက်တခုဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ (တစိတ်တပိုင်း) ရှိတဲ့ နိုင်ငံစာရင်းထဲ သွင်းနိုင်ပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၈၃ တုံးက တစိတ်တဒေသ လွတ်လပ်တဲ့ နိုင်ငံများစာရင်းကနေ ၁၉၉၃ မှာ မလွတ်လပ်တဲ့နိုင်ငံများ စာရင်းထဲ ခုန်ဆင်းခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေ အလွန်မတန် များပေမဲ့ မြန်မာပြည်ဟာ ၁၉၆၂ ကနေ ၁၉၈၈ အထိ တပါတီစနစ်နဲ့ နေခဲ့တယ်။ ဒိနောက်မှာ အရှေ့ဥရောပနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ အာဏာရှင်တွေအောက်ကနေ လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတွေ ပိုများလာပြန်တော့လဲ ၁၉၈၈ ကနေ ၂ဝ၁ဝ အထိ စစ်အာဏာရှင်စနစ်နဲ့သာ နေခဲ့ပါတယ်။ “ကမ္ဘာမှာ အများစုလုပ်တိုင်း မြန်မာနိုင်ငံက မလိုက်ခဲ့တာဟာ သမိုင်းတွင်ပါတယ်။” ၃။ ဒီမိုကရေစီ ပိန်းပိတ်အောင်မှောင်နေခဲ့တုံးက ဘယ်သူတွေ (ဘယ်နိုင်ငံရေးပါတီတွေ) က ဒီမိုကရေစီအရေးကို အသက်၊ သွေး၊ ချွေးနဲ့ ထောင်ကျတန်းကျ အနှိပ်စက်ခံခဲ့ကြပါသလဲ။ “ကနေ့ (ပီအာ) လိုချင်တဲ့ နိုင်ငံရေးပါတီတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။” “ပီအာ” နဲ့ ပြောင်းပြန်ခေါ်ကြတဲ့ “အာပီ” ဆိုတာကိုလဲ တိုက်ဆိုင်လို့ ထည့်ရေးပါရစေ။ တိတိကျကျပြောရရင် Responsibility to protect (R2P or RtoP) “အာ-တူး-ပီ” လို့ ခေါ်ပါတယ်။ “(အာ-တူး-ပီ) သည် ၂ဝဝ၈ခုနှစ် မေလဆန်းက (နာဂစ်) ဘေးဒုက္ခဆိုးကြီး ကျရောက်ချိန်၌ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်း စတင်ဝင်ရောက်လာခဲ့သော အသုံးအနှုံးတခုဖြစ်ပါသည်။ Responsibility to protect (R2P or RtoP) ကို တိုက်ရိုက် ဘာသာပြန်ပါက “အကာအကွယ်ပေးရန် တာဝန်ရှိခြင်း” ပင်ဖြစ်သည်။ အမှန်မှာ ကမ္ဘာတွင် ၄င်းအသုံး ပေါ်ခဲ့သည်မှာ မကြာသေးပါချေ။ ၁၉၂ နိုင်ငံ တက်ရောက်ခဲ့သည့် ၂ဝဝ၅၊ စက်တင်္ဘာ ၁၄-၁၆ ကမ္ဘာ့ထိပ်သီး အစည်းအဝေး၏ ရလဒ်အရ၊ အကြိမ် ၆ဝ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ ဆုံးဖြတ်ချက်အပိုဒ် ၁၃၈-၁၃၉-၁၄ဝ အဖြစ် အောက်ပါ ရာဇဝတ်မှုကြီး (၄) မျိုးအတွက် “စုပေါင်း အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း” တညီတညွတ် သဘောတူခဲ့ကြပေသည်။ ၁) Genocide လူမျိုးပြုန်းအာင်သတ်ဖြတ်ခြင်း၊ ၂) War crimes စစ်ရာဇဝတ်မှုများ၊ ၃) Ethnic cleansing လူနည်းစုများအားရှင်းပစ်ခြင်းနှင့် ၄) Crimes against humanity လူသားမျိုးနွှယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတို့ဖြစ်ကြသည်။့” စသဖြင့် စသဖြင့် ကျွန်တော် ၉-၁-၂ဝဝ၉ မှာ ရေးခဲ့ဘူးပါတယ်။ အဲဒီကာလတုံးကကော အခု ပီအာနေသူများ အာခဲ့ကြပါသလား။ စစ်အုပ်စုနဲ့ ပြည်ခိုင်ဖြိုးပါတီမှာ ဒီပြစ်မှုတွေအတွက် တာဝန်ရှိပါတယ်။ ဒေါက်တာတင့်ဆွေ ၈-၆-၂ဝ၁၃ ၂၉-၁-၂ဝ၁၄