Saturday, January 25, 2014

မြန်မာ့အရေး ဘာရောင်ပေးမလဲ

တော်လှန်ရေးတွေ၊ အပြောင်းအလဲကြီးတွေကို အရောင်တွေနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ “ကာလာ ရီဗော်လူးရှင်း” ဆိုတာတွေ တကမ္ဘာလုံးမှာရှိပါတယ်။ ၁၉၈၆ ဖိလစ်ပိုင်မှာ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးကို “အဝါရောင်တော်လှန်ရေး” လို့ အမည်ပေးထားတယ်။ ၂ဝဝ၄ ယူကရိန်းမှာ ဖြစ်ပျက်တာကို “လိမ်မော်ရောင်တော်လှန်ရေး”၊ ၂ဝဝ၂-၂ဝဝ၅ ကူဝိတ်မှာ “အပြာရောင်တော်လှန်ရေး”၊ ၂ဝဝ၅ အီရတ်မှာ “ခရမ်းရောင်တော်လှန်ရေး”၊ ၂ဝဝ၉-၂ဝ၁၁ တွေက အီရန်မှာ “အစိမ်းရောင်တော်လှန်ရေး” အမည်တွေ ပေးခဲ့ကြတယ်။ ဒီလိုနဲ့ ၂ဝဝ၇ မြန်မာ့သံဃာ့လှုတ်ရှားမှုကို “ရွှေဝါရောင်တော်လှန်ရေး” လို့ နာမည်ပေးလိုက်ကြတယ်။
ပန်းတွေနာမည်ပေးကြတာလည်း ရှိသေးတယ်။ ၂ဝဝ၃ ဂျော်ဂျီယာ အဖြစ်အပျက်ကို “နှင်းဆီတော်လှန်ရေး”၊ ၂ဝဝ၅ ကဇာစတန်မှာဖြစ်တာကို “ကျူးလစ်တော်လှန်ရေး”၊ ၂ဝ၁ဝ ကျူနီးရှားမှာ “စပယ်တော်လှန်ရေး”၊ ၂ဝ၁၁ အီဂျစ်မှာ “ကြာပန်းတော်လှန်ရေး” လို့ အမည်ပေးတယ်။ စပယ်နာမည်က လူကြိုက်များတယ်။ ၂ဝ၁ဝ မှာစခဲ့တဲ့ အာရပ်နွေဦးကိုလဲ ခေါ်တယ်။ ၂ဝ၁၁ တရုတ်မှာဖြစ်တာကိုလဲ ခေါ်ပါတယ်။ အခု မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုကော ဘယ်လို အရောင်တွေ၊ ပန်းတွေ အမည်ပေးကြချင်ပါသလဲ။ “ကြာတော်လှန်ရေး” ဘဲ သင့်မယ်ထင်တယ်။ ထူးခြားတဲ့ နမူနာတခုကတော့ ၂ဝဝဝ ခုနှစ်တုံးက ယူဂိုဆလားဗီးယားမှာ ဖြစ်သွားတာကို “ဘူလ်ဒိုဇာ တောင်လှန်ရေး” တဲ့။ ဒါဖြင့်ရင် မြန်မာပြည်မှာ အခုဖြစ်နေတာကို “ထော်လာဂျီတော်လှန်ရေး” လို့ ပေးမလား။ ထွန်စက်ကို လူစီး၊ ပစ္စည်းသယ် လုပ်နေရတာမို့ မရှိသုံးယာဉ်၊ “တလွဲသုံးယာဉ်” ဖြစ်ပါတယ်။ “ကနေ့အပြောင်းအလဲဟာ မရှိသုံး၊ တလွဲသုံး မဖြစ်ပါစေနဲ့။” အခု ကျွန်တော်တို့နိုင်ငံမှာ “ဒီမိုကရေစီရနေပြီ”၊ “မရသေးဘူး”၊ “အလင်းရောင်တော့ လှမ်းမြင်နေရပြီ”၊ ဘာညာစသဖြင့် ဝေဖန်အကဲဖြတ်မှုတွေ တယောက်တမျိုး ပြောကြ၊ ဟောကြ၊ ရေးကြပါတယ်။ ကိုယ့်ဒေါင့်ကနေ ကြည့်ကြတာ မမှားပါ။ “အပြည့်အဝ” လို့တော့ အုပ်ချုပ်နေသူတွေကတောင်မှ မပြောကြတာမို့ ထူပြီး ငြင်းစရာ မဟုတ်ပါ။ အပြည့်အဝဒီမိုကရေစီ ရပြီဆိုရင် ဘာတွေကောင်းလာမှာလဲ မေးရင်၊ “လွတ်လပ်ရေးရလို့ ပဒေသာပင် ပေါက်သလိုတော့ ဖြစ်လာမှာမဟုတ်ဘူး” ဆိုတဲ့ သတိပေးချက်မျိုးနဲ့ အခုလဲ အတူတူလို့ပြောနိုင်ပါတယ်။ မွေးဇာတာ အင်မတန်ကောင်းတဲ့ မြန်မာနိုင်ငံဟာ ပဒေသာပင်လို့ မခေါ်ထိုက်ပေမဲ့ ရွှေပင်၊ ငွေပင်၊ ကျောက်သံပတ္တမြားပင် တွေတော့ ပေါက်ပါတယ်။ ဒိနောက်မှာလဲ ရွှေရည်၊ ရွှေငွေ့တွေထွက်လာတယ်။ နှစ် ၅ဝ ကျော်အတွင်း မြေက၊ ရေက ပေါက်သမျှ၊ ထွက်သမျှရဲ့ အသီးနဲ့အပွင့်တွေကိုတော့ တပါတီတည်းကတခါ၊ တအုပ်စုတည်းကတခါ၊ မောင်ပိုင်စီးပြီး၊ သူတို့ချည်းသာ စားသုံးခဲ့ကြတယ်။ တိုင်းပြည်ကတော့ စပါးကျီဘဝကနေ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (အယ်လ်ဒီစီ) ဘဝ ရောက်ခဲ့ရတယ်။ နိုင်ငံတကာက ကြွေးမြီတွေလျှော်ပြစ်တဲ့သတင်းနဲ့အတူ (အယ်လ်ဒီစီ) ဘဝကနေ လွတ်မြောက်ရေးလမ်းစလို့ ပြောသံလဲ ထွက်လာပါတယ်။ ဒီလေသံလေး ကြားဘို့ရာ ၂၆ နှစ် ကြာပါတယ်။ (အယ်လ်ဒီစီ) ဖြစ်လာအောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ ကြိုးပမ်းတာကလည်း ၂၆ နှစ်ပဲကြာခဲ့တာပါ။ အခု မတူတော့ဘူး ပြောနေကြသူကလဲများတယ်။ အကြွေးတွေလျှော်ပြစ်လို့ အကြွေးသစ်တွေ ယူနိုင်လာတယ်။ ဒါကို ရှေးလူကြီးများကတော့ “ဝမ်းသာစရာမှ မဟုတ်ပဲ” လို့ ပြောကြပါမယ်။ ခုခေတ်က အကြွေးယူနိုင်တာကိုက ဂုဏ်ယူစရာမို့ မြန်မာနိုင်ငံ ခေတ်မီလာပြီလို့သာ မှတ်ယူပါလေ။ သတိထားဘို့က အကြွေးပြန်ဆပ်နိုင်မဲ့သူကိုသာ ငွေချေးပေးတာမို့ ကြွေးများများရအောင် ဘယ်လိုကြံဆောင်မလဲ။ ကြွေးသစ်တွေ ဆပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ စီးပွါးရေးလုပ်ရာမှာ ကတိနဲ့ ယုံကြည်မှုက အရေးပါတယ်။ ကမ္ဘာက ၂ဝ၁၂ အလွန် မြန်မာနိုင်ငံကို “လူယုံစာရင်း” သွင်းပြီတဲ့လား။ မြန်မာနိုင်ငံသားတွေကကော အစိုးရကို လူယုံစာရင်းသွင်းပြီလား။ ယုံကြည်မှုဆိုတာ အဆင့်အမြင့်ဆုံး အကဲဖြတ်ချက်တခု ဖြစ်ပါတယ်။ အသိဖြစ်၊ မိတ်ဆွေဖြစ်၊ ရင်းနှီးကျွမ်းဝင်ချစ်ခင်၊ အပြန်အလှန်နားလည်မှုဟာ တိုးတိုးလာရတယ်။ လေးစာမှုရလာရင် အတော်အဆင့်မြင့်နေပြီ။ ယုံကြည်မှုဆိုတာက အထွတ်အထိပ်ဘဲ။ လူထုပေးတဲ့အမှတ် ၂ဝ၁၅ မှာ အဆုံးအဖြတ် ထပ်ပေးပါလိမ့်မယ်။ (ကာလ်ချာ) ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို “ယဉ်ကျေးမှု” လို့ ဘာသာပြန်သူက များတယ်။ အလေ့အထတခု သိသိသာသာ ကြီးကြီးမားမားဖြစ်လာတာကို ယဉ်ကျေးမှုလို့ သုံးလေ့ရှိတယ်။ ဒါမျိုးဟာ အများကကျေကျေနပ်နပ် လက်ခံသုံးစွဲကြတာမျိုး ဖြစ်တယ်။ ဥပမာ ရိုးရာဝတ်စားဆင်ယင်မှုကနေ ခေတ်ဆန်လာတာကို လူအများစုက တစတစ လက်ခံလာကြတယ်။ မကျေမနပ်နဲ့ လိုက်လုပ်ရတာမျိုးကို တိုက်ရိုက်ပြောင်းပြန်ဝေါဟာရနဲ့ Vulgar “ရိုင်းစိုင်းမှု” လို့ ဆိုချင်ပါတယ်။ ၁၉၈၈ မတိုင်မီမှာ လခစားမှန်သမျှ အစိုးရလက်အောက်ခံချည်းမို့ အရာထမ်းအဆင့်ဆင့်ကနေ ခိုင်းသမျှ ရုံးအလုပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်လုပ်ကြရမယ်ဆိုတဲ့ “ဗြူရိုကရေစီ ရိုင်းစိုင်းမှု” ကို ကျင့်သုံးခဲ့တယ်။ မဲထည့်ရာလဲ ဖြူဆို ဖြူကြရ၊ မဲဆိုမဲကြရတယ်။ ဒိနောက်မှာ အမှန်ခြစ်ခြစ်ဆို ခြစ်ပေးကြရပြန်တယ်။ ကြိုတင်မဲနည်းနာဖြစ်လာတယ်။ “ရွေးကောက်ပွဲ ရိုင်းစိုင်းမှု” ဖြစ်တယ်။ ကြံခိုင်ရေးအသင်းထဲ မဝင်မနေရ အာဏာနဲ့ သိမ်းသွင်းထားတဲ့ အဖွဲ့ဝင်ဆိုတာတွေကလဲ မကြိုက်လဲလိုက်ကြရပြန်တဲ့ “စည်းရုံးရေး ရိုင်းစိုင်းမှု” တန်ခိုးနဲ့ အဖွဲ့ဝင်ဦးရေ တိုးစေခဲ့တယ်။ အလားအလာတွေ ဘာဖြစ်လာမလဲဆိုတာကို ကိုယ့်နိုင်ငံနောက်ခံအဖြစ်အပျက်တွေနဲ့ ဆက်စပ်မှသာ ဆီလျှော်ပါလိမ့်မယ်။ လွတ်လပ်ရေးကို အရယူနိုင်တာက ထူခြားလွန်းလှတဲ့ အပြောင်းအလဲကြီးဖြစ်တယ်။ ဒိနောက်မှာ စစ်အာဏာသိမ်းတာ နှစ်ခါဖြစ်ခဲ့တာလဲ ဘယ်တော့မှ မမေ့နိုင်လှတဲ့ အပြောင်းအလဲမျိုးဖြစ်တယ်။ ၂ဝဝ၈ နောက်ပိုင်းမှာ တမူထူးခြားတာ အမှန်ပါ။ ၁၉၄၈ လွတ်လပ်ရေးကနေ အုပ်စိုးနေသူ (အင်္ဂလိပ်) တွေဟာ လုံးဝဥဿုံ နေရာဖယ်ပေးခဲ့ကြရပြီး၊ သယ်မသွားနိုင်တာ မှန်သမျှ ထားခဲ့ကြရတယ်။ ပဌမစစ်အာဏာသိမ်းမှုနောက်မှာ (တော်လှန်ရေးကောင်စီ) ရဲ့ လူတန်းစာအသစ်တခုက အရာရာကိုချုပ်ကိုင်လိုက်ပြီး၊ အရင်လူမှန်သမျှ အဖမ်းခံရ၊ ထောက်ကျခံကြရတယ်။ ဒုတိယ စစ်အာဏာသိမ်းမှုဖြစ်တဲ့ (နဝတ/နအဖ) ကတော့ လူဟောင်းတွေ (မဆလ) ဟာ နေရာကိုသာ ဖယ်ပေးရပြီး၊ ပုဂ္ဂလိကပိုင်ပစ္စည်းသာမက အများပိုင်ပစ္စည်းကိုလည်း အမွေရသေးတယ်။ ၂ဝဝ၈ အလွန် အပြောင်းအလဲမှာ အရင်လူတွေ (ပြည်ခိုင်ဖြိုး) ကဘဲ ကိုယ်ပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းသာမက ရာထူး၊ အာဏာ၊ နေရာတွေကိုလဲ ဆက်ပိုင်ထားနိုင်ကြတယ်။ အဝတ်အစားတော့ ပြောင်းပါတယ်။ ဒါကြောင့် အခုအပြောင်းအလဲကို မရင့်တရင့်အရောင်အမည်သာပေးသင့်ပါတယ်။ Olive green သံလွင်စိမ်းကိုတော့ စစ်တပ်အရောင်ဆိုပြီး အသုံးများတယ်။ အစိမ်းရောင်နဲ့ဆက်စပ်နေတဲ့ အရောင်ကွဲတွေရှိတယ်။ အင်္ဂလိပ်လို Forest green သစ်တောစိမ်း၊ Asparagus green ကညွတ်စိမ်း၊ Moss green ရေညှိစိမ်း၊ Pine green ထင်းရှူးစိမ်း၊ Tea green လက်ဖက်စိမ်း စသဖြင့်ရှိတယ်။ The Corn is Green ဆိုတဲ့ရုပ်ရှင်လို မြန်မာဆန်ဆန် နာမည်ရွေးပေးပါရစေ "ကြာတော်လှန်ရေး" နဲ့ "ထော်လာဂျီတော်လှန်ရေး" အပြင် “ပြောင်းဖူးစိမ်းအပြောင်းအလဲ” လို့။ ဒေါက်တာတင့်ဆွေ ၁၄-၁-၂ဝ၁၄