Wednesday, January 29, 2014

“ခွဲမြင်၊ ခွဲသိ၊ ခွဲပြောကြပါ”

လွှတ်တော်အမတ်တွေ မဲဆန္ဒနယ်မြေအတွက် ရံပုံငွေသတ်မှတ်ချက် သတင်းနဲ့ပတ်သက်ပြီး၊ ဖေ့စ်ဘွတ်မှာ မေးတာတခုကို ၂ဝ-၁၁-၂ဝ၁၃ နေ့တုံးက ဖြေခဲ့ဘူးပါတယ်။ “အမတ်တွေ ကျပ်သိန်း ၁ဝဝဝ ဖွံ့ဖြိုးရေး ရံပုံငွေလုပ်တာ အိန္ဒိယမှာရှိတယ်၊ အဲ့ဒီလိုလုပ်တာလို့ ပြောတယ်။ ဟုတ် မဟုတ် နဲနဲ ရှင်းပြပေးပါအုန်း။” • အိန္ဒိယ အောက်လွှတ်တော်အမတ်တွေ သက်တမ်း ၅ နှစ်ရှိတယ်။ အမတ်တယောက်အတွက် မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ဘို့ရာ ၅ နှစ်တာအတွက် ၁၉ ကုဋေသတ်မှတ်ပေးထားပါတယ်။ ပဌမ ၂ နှစ်မှာ တနှစ်ကို ၂ ကုဋေစီနဲ့ နောက် ၃ နှစ်အတွက် တနှစ်ကို ၃ ကုဋေစီဖြစ်တယ်။ • သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို ဘာတွေလုပ်ပါဆိုတဲ့ လမ်းညွှန်မှုတွေပေးဘို့ဖြစ်တယ်။ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ကနေ သက်ဆိုင်ရာစီမံချက်တွေထဲမှာ ထည့်သွင်းဆောင်ရွက်ကြရတယ်။ အမတ်တွေကနေ ခရိုင်အဖွဲ့တွေကို လုပ်ငန်းနှောင့်နှေးလို့ အပြစ်တင်ရတာတွေ ရှိတယ်။ • ၁၅ ကြိမ်မြောက် အောက်လွှတ်တော် (လော့ဆာဗား) အတွင်းမှာ အမတ် ၁၆၃ ဦးဟာ သုံးသင့်တာထက် နည်းပြီး သုံးထားကြတယ်။ သက်တမ်းကုန်ဘို့က တနှစ်တောင်မလိုတော့ပါ။ ဒီရံပုံငွေကို Member of Parliament Local Area Development Scheme (MPLADS) လို့ခေါ်တယ်။ • ကနေ့ ငွေလဲနှုန်းအရ ရူးပီး ၁ဝဝ = မြန်မာ ၁,၅၅ဝ ကျပ်။ ရူးပီး ၁ ကုဋေ = ၁၅၅,ဝဝဝ,ဝဝဝ ကျပ် = ကျပ်သိန်းပေါင်း ၁၅,၅ဝဝ တိတိ။ ရူပီး ၁၉ ကုဋေ = ကျပ်သိန်းပေါင်း ၂၉၄,၅ဝဝ တိတိ။ ဒီသတင်းကို NDF ပါတီက ဦးခင်မောင်ဆွေ၊ DPM ပါတီက ဒေါ်သန်းသန်းနုတို့က “ဒီငွေကို ရွေးကောက်ပွဲအတွက် မဲဆွယ်သည်းရုံးရေးအတွက် သုံးနေတာမျိုး မသင့်လျှော်ဘူး” လို့ ထောက်ပြတယ်။ ဘုတလင်က လူရွယ်တယောက်ကလဲ “ကြံ့ခိုင်ရေးပါတီကနေ သူတို့ကဘဲ လုပ်ပေးတာလိုလုပ်နေတယ်၊ အစိုးရဝန်ထမ်းတွေကလဲ အလိုတူအလိုပါ လုပ်နေကြတယ်” လို့ လှမ်းပြောတယ်။ ဆက်ပြီးရေးပါရစေ - • ဒီငွေအတွက် အုပ်ချုပ်ရေးဘက်နဲ့ လွှတ်တော်ဘက် သဘောထားမတူတဲ့သတင်းတွေလဲ ထွက်တယ်။ • သမတနဲ့လွှတ်တော် ခဏခဏစကားများနေကြတာ သိပ်မကြိုက်လှဘူး။ အမတ်တွေထဲမှာ NLD ကလဲပါတယ်။ အစိုးရ (သမတ) လုပ်တာကို ဝေဖန်စရာရှိရင် ဝေဖန်တာတော့မှန်ပါတယ်။ • ဒါပေမဲ့ NLD ရင်ဆိုင်ရမှာက အစိုးရနဲ့ သမတ မဟုတ်ပါ။ ကြံခိုင်ရေးပါတီဖြစ်တယ်။ သမတကလဲ ဒီပါတီကဆိုတာ မေ့ထားသလိုဖြစ်နေတယ်။ • ရေဒီယိုတွေမှာလဲ အင်တာဗျူးတွေလုပ်ရင် လွှတ်တော်ကိုယ်စားလှယ် ဦးဘယ်သူ၊ ဒေါ်ဘယ်သူဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဘယ်ပါတီကလို့ပြောတာ နည်းလွန်းတယ်။ • အကြောင်းတခုခု သတင်းတခုခုရှိလာရင် (၁) စစ်အုပ်စုလား၊ (၂) ပြည်ခိုင်ဖြိုးလား၊ (၃) ဒီနှစ်ခုက မဟုတ်တာလားဆိုတာ ခွဲခြားကြရပါမယ်။ လူနာမည်တွေ၊ ရာထူးတွေက ဒီလောက်အရေးမကြီးပါ။ • “အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ” မဟုတ်ပါလား။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၄