Tuesday, January 28, 2014

ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ်

လူငယ်တွေ၊ အမျိုးသမီးတွေ၊ လမ်းဘေးကလေးတွေအတွက် မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေတဲ့ဆေးတွေအကြောင်း စာတွေရေးထားပါတယ်။ • Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ • Amphetamines (2) ယာဘကို ဘယ်လိုဖြတ်ကြသလဲ • Burundanga ပဒိုင်းပွင့်လိုဆေး • Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း • Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ • Dirty drugs ညစ်ညမ်းဆေးတွေ • Drug Abuse ဆေးဝါးတလွဲသုံးခြင်း • Inhalant abuse လမ်းဘေး ဆေးရှူ အခုတခါ နိုင်ငံရေးလုပ်သူတွေအတွက် ရေးပါရစေ။ “လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့” လို့ ရာဘ အကြောင်းမှာ ရေးလိုက်တယ်။ နိုင်ငံရေးထဲမှာ ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်သူတွေ ရှိတယ်။ ဗိုလ်နေဝင်းခေတ်တုံးက တောတွင်းကနေ လက်နက်နဲ့ တော်လှန်ကြတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်ပနဲ့ နယ်စပ်ထွက်ပြီး ဆန့်ကျင်ကြတယ်။ အခုတော့ အထဲမှာလဲ လက်နက်သံ သိပ်မထွက်ပေမဲ့ ကလောင်တွေက သွက်လာနိုင်ကြပြီ။ ဆန့်ကျင်ရေးကို လေနဲ့စာနဲ့လုပ်ကြတာမှာ အပြောအဟောပြောင်မြောက်ရမယ်၊ အရေးအသားလဲ ထိရောက်ရမယ်။ စာအရေးအသားမှာ Satire သရော်စာဆိုတာက တခန်းတကဏ္ဍရှိတယ်။ အထင်ကြီးလေးစားခံရတဲ့ စာရေးဆရာတွေလဲ ဂရိခေတ်၊ ရောမခေတ်ကတည်းကရှိတယ်။ အာရတ်ခေတ်မှာ သရော်ကဗျာရှိတယ်။ ဒိနောက် ဗြိတိန်ခေတ် ရောက်တယ်။ ဂျွန်နာသန်ဆွစ်ဖ်၊ ချားလ်ဒစ်ကင်း၊ ဂျော့ခ်ျအိုဝဲလ် တို့ကို လူတိုင်းလိုလိုသိကြတယ်။ ဒီခြေဆင်းဖတ်ပြီး အထင်မကြီးပါနဲ့။ ကျွန်တော်လဲ ပေါ်ဦးလို ဘုရင်ကို ပျက်ရယ်ပြုခြင်သူဖြစ်ပေမဲ့ စာပေသမား လက်ဖျား မမီပါ။ ဆိုရှယ်ကွန်ယက်လောက်သာ လက်လှမ်းခပ်တိုတိုမီပါတယ်။ တဖက်သားကို ရစရာမရှိအောင် ပြောင်ပြောင် မြောက်မြောက်ရေးနိုင်သူတွေ တွေ့ရတယ်။ တချို့လူတွေက သူများချည်း အပြစ်ထောက်ပြနေကြပြီး၊ အကောင်းညွှန်တာ မပါ၊ အားဖြစ်စေတာ မဖတ်ရပါ၊ စိတ်ညစ်စရာချည်းလို့ ထင်လာတယ်။ တချို့ကြ တခြားလူတွေကို တယောက်ပြီး တယောက်ကို အကောင်းတခုမှမပြောဘူး။ သူတယောက်တည်းကောင်းတယ်လို့ အထင်ခံခြင်နေသလား မသိပါ။ နောက်တမျိုးက အပြောအဟော။ အပြောသန်သူတချို့ကရိုးရိုးမဟုတ်ပါ။ သုံးစွဲစရာ ဆေးတွေကလဲ စုံလှတယ်။ Cannabis (Marijuana) ဆေးခြောက်၊ Cocaine (ကိုကိန်း)၊ Amphetamines (ရာဘ)၊ Methamphetamine (မက်သဖန်တမင်း) နဲ့ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine (ဖီနာဂင်)၊ Phensedyl (ဖင်စီဒိုင်း) ချောင်းဆိုးပျောက်ဆေးတွေ။ ဆေးပြားတွေ၊ ထိုးဆေးလဲ ရှိသေးတယ်။ Barbiturates (ဘာဘီကျူရိတ်)၊ Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း)၊ Valium (ဗေလီယမ်) နဲ့ Xanax (ဇာနက်စ်)၊ Morphine (မော်ဖင်း)၊ Pethadine (ပက်သဒင်း)၊ Pseudoephedrine (ဆူဒို-အဖက်ဒရင်း)၊ Spasmo-Proxyvon (စပတ်စမို-ပရောက်စီဗွန်)။ တချို့ဆေးဝါးတွေက လူကိုထိုင်းမှိုင်းစေလို့ သူများကိုရန်မရှာဘဲ အေးအေးဆေးဆေးနေတယ်။ ဆေးမသုံးချိန်မှာတော့ လူကြားထဲလာတယ်၊ အခန်းအနားတွေတက်၊ ဆန္ဒပြပွဲတွေမှာ ပါတယ်။ ဆေးအရှိန်ရနေရင်တော့ သူများကို ဒုက္ခမပေးပါ။ ဆေးခြောက်အစွမ်းက စိတ်တက်ကြွစေတယ်၊ ဇီဝကမ္မပြောင်းလဲမှုတွေဖြစ်စေတယ်။ ချက်ချင်းဆိုရင် သက်တောင့် သက်သာရှိတယ်။ အသင်အတင့် အကောင်းတွေမြင်ထင်လာမယ်။ တချိန်ထဲမှာ မှတ်ဥာဏ်နည်းမယ်၊ အာခေါင် ခြောက်မယ်၊ ကြွက်သား ကျွမ်းကျင်မှုနည်းမယ်၊ မျက်စ်နီရဲလာမယ်။ နှလုံးခုန်မြန်မယ်၊ စားချင်စိတ်ကဲမယ်၊ သွေးဖိအား ကျမယ်၊ အာရုံစိုက်နိုင်စွမ်းနည်းမယ်။ စိတ်နဲ့ကိုယ် တွဲလုပ်ရတာ အားနည်းမယ်။ တချို့ဆေးတွေက စိတ်အားတွေတက်ကြွ၊ ခွန်အားတွေအပြည့်ရ၊ ကိုယ့်ကိုယ့်ကိုလဲ သွေးနားထင်ရောက်လာကြတယ်။ အာဘောင်အာရင်း သန်သန်နဲ့ ပြောပါဟောပါလေရော။ အကြောင်းမသိတဲ့ နားထောင်သူတွေကလဲ အထင်ကြီးကြတယ်။ ပွဲတွေလမ်းတွေမှာ အဲလိုလူမျိုးက ဆရာကြီးတွေ။ သူများမကောင်းကြောင်းပြောပြီး စည်းရုံးတာမျိုးနောက်က လိုက်ကြသူမျိုးကလဲ မရှားလှပါ။ နောက်မှရောက်လာသူတွေ ပါသွားကြတယ်။ လူငယ်တချို့က ဘယ်ဆေးက ဘာမှန်းမသိဘဲ ရရာအစုံလုပ်ကြတာလဲတွေ့ရတယ်။ (အရက် + ချောင်းဆိုးပျောက်ဆေး + ဆေးခြောက်)။ တချိန်မှာ ကျနေ၊ ငြိမ်နေလိုက်၊ တချိန်မှာ တက်နေ၊ ထက်နေလိုက်။ ဆရာဝန်တွေကို မျက်စိလည်စေတယ်။ ဒီသင်ခန်းစာရဘို့ ဆယ်နှစ်၊ အနှစ် နှစ်ဆယ် နီးပါးယူခဲ့ရတယ်။ အခုတော့ ရှားသွားပါပြီ။ အမွေထားရစ်တာလောက်သာ ကျန်ပါတော့တယ်။ ဒုက္ခတွေဆက်ခံနေရဆဲ လူအများကို စိတ်မဆင်းရဲစေသင့်ပါ။ အမှားတွေထောက်ပြတာ လိုပေမဲ့ အမှားပြင်နိုင်အောင်လဲ ဝင်လုပ်သင့်ကြပါတယ်။ အသံနဲ့စကားလုံးသာဖတ်ပြီး ဆရာကောင်းမမှတ်ကြပါနဲ့။ ဖြတ်စရာရှိတာ မှန်သမျှ ဖြတ်နိုင်ကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၄