Sunday, January 26, 2014

ကျွန်တော် မသိတဲ့မေးခွန်းတွေ

• သမ္မတကြီး ဦးသိန်းစိန်နဲ့ ဆွေးမျိုး-မိတ်ဆွေဖြစ်လို့ မွေးနေ့ဆုတောင်းပေးကြသလား မသိပါ။ • စစ်ခေါင်းဆောင်မှန်သမျှကို ကြည်ညိုလို့ စစ်အာဏာသိမ်းကတည်းက တိုင်းပြည်ရဲ့ ထိပ်ဆုံးနေရာကို ရယူထားသူတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး (ဦး) နေဝင်း၊ ဦးစန်းယု၊ ဦးမောင်မောင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွေအတွက်ပါ မွေးနေ့ဆုတောင်း ပေးခဲ့ကြသူတွေကနေဘဲ ဦးသိန်းစိန်အတွက် မွေးနေ့ဆုတောင်း ပေးသလား မသိပါ။ • ဦးသိန်းစိန်ရဲ့ ကျေးဇူးတရားတွေကိုသာ အသိအမှတ်ပြုချင်လွန်းလို့ သူ့ကြမှ တကူးတက ဆုတောင်းပေးတာလား မသိပါ။ • ဘုရင့်နိုင်ငံတွေမှာတော့ ဘုရင့်အတွက်သာ ဆုတောင်းပေးကြပြီး၊ အဲဒီက ဘယ်ဝန်ကြီးချုပ်ကိုမဆို ဘယ်သူကမှ၊ ဘယ်တုံးကမှ၊ ဘယ်နိုင်ငံမှာမှ အခုလို ဆုတောင်းပေးတာမျိုး သတိမထားမိပါ။ • လူတဦးအတွက် မွေးနေ့ဆုတောင်းတာ ကောင်းတဲ့လုပ်ရပ်မှန်ပါတယ်။ ဒါပေမဲ့ အဲလောက်ထိ သဲသဲလှုတ် ချစ်ခင်လေးစား။ အားထားကြည်ညိုထိုက်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော် သဘောမတူနိုင်သေးပါခင်ဗျား။ “ကျွန်တော် မသိတဲ့မေးခွန်းတွေ” နဲ့ “ဖေ့စ်ဘွတ် နိုင်ငံရေး လိုက်မမီသေး” ကွန်မင့်ပေးသူများသို့ - ရေးထားတာလေးတွေကို ခပ်မြန်မြန်ဖြစ်ဖြစ် အချက်အလက်စုံစေ့အောင် ဖတ်မိသူဆိုရင် “မွေးနေ့ဆုတောင်းတာ မကောင်းဘူး”၊ “သမတကို ရှုတ်ချနေတယ်”၊ ဆိုတဲ့ ပြန်လှန်မေးခွန်းမျိုးတွေ လာမယ်မထင်ပါ။ ဦးသိန်းစိန်ဟာ ဦးနေဝင်း၊ ဗခမက စောမောင် နဲ့ ဗခမက သန်းရွှေတို့ထက် အများကြီး ပိုကောင်းတဲ့ခေါင်းဆောင် ဆိုတဲ့အချက်ကို မငြင်းပါ။ သမ္မတ ဦးမောင်မောင်ဟာလည်း ဦးနေဝင်း၊ ဦးစိန်လွင်တို့ထက် ပိုကောင်းတာမှန်ပေမဲ့ (မဆလ) ကသာ ဖြစ်ပါတယ်။ လူထုဟာ ဦးမောင်မောင်ကို ချီးမွမ်းခန်း မဖွင့်ခဲ့ကြဘဲ၊ ဦးမောင်မောင်ပြုတ်အောင်သာ လုပ်တာလည်း မဟုတ်ဘဲ၊ (မဆလ) တပါတီစနစ် ကျဆုံးအောင်သာ အသက်သွေးချွေးတွေ စတေးခဲ့ကြတယ်။ နိုင်ငံရေးမှာ စနစ်ကအရေးကြီးတယ်။ ဘယ်ပါတီကဆိုတာလည်း အရေးကြီးတယ်။ ကွက်ကြည့်ရင် အမှားများမယ်။ တချက်တလေးသာကြည့်ပြီး အကဲဖြတ်တာလဲ အလွဲများမယ်။ “တည့်တည့်ပြောလိုက်ပါရစေ၊ ဦးသိန်းစိန်ထက် အဆ ၁ဝဝ သာသူဖြစ်ပါစေ၊ မပြင်ဆင်သေးတဲ့ ၂ဝဝဂ ဖွဲ့စည်းပုံအရတက်လာသူ၊ လက်ရှိ ကြံ့ခိုင်ရေးပါတီကတင်လာသူ၊ လူထုကရွေးတာ မဟုတ်သူ မှန်သမျှ ပန်းစည်း မပို့နိုင်ပါ။ ပန်းခွေသာပို့ပါမည်။” (၂၁-၄-၂ဝ၁၃)