Sunday, November 17, 2013

White list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ

‘အမည်မည်းစာရင်း’ ကနေ လူနှစ်ထောင်ကျော်ကို ပယ်ဖျက်တဲ့သတင်း မထွက်ခင်လေးမှာ ‘ပ ပညာရှင် ပြည်တော်ဝင်’ ဆိုပြီး ကိုယ့် (ဘလော့ခ်) မှာ ရေးတင်လိုက်ပါတယ်။ အစိုးရကြောညာချက်မှာ “မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်” လို့လဲ ဖတ်ရပါတယ်။ အခုစာရင်းမထွက်ခင်၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြည်တော်ပြန်သူတွေ နေ့တိုင်း သတင်းမှာ ပါနေခဲ့တယ်။ ကျွန်တော်က ပညာရှင်ဆိုသူ ‘အဖြူ’ တွေရော၊ ‘အဝါ’ တွေပါ ဦးတည်ရေးခဲ့တာပါ။

သူတို့တတွေက စာအုပ်တွေဖတ်၊ စာရင်းတွေချ၊ နိုင်ငံခြားသားဆိုရင် ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ နှစ်ခေါက်၊ သုံးခေါက်လာ၊ အင်္ဂလိပ်လို ပြောတတ်သူတချို့ကို (အင်တာဗျူး) လုပ်ပြီး၊ ကိုယ်ပိုင်ကောက်ချက်ချက်တွေ ထုတ်ကြပါတယ်။ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီရောက်ဘို့ရာ နှစ်တွေဘယ်လောက်ကြာခဲ့တာဆိုတဲ့ သူများနိုင်ငံတွေက ဥပမာတွေယူပြီး မြန်မာပြည်မှာလဲ “လာမယ်-ကြာမယ်” လို့ချည်း ပြောခဲ့ကြတယ်။ (ဆန်ရှင်) ကို ပြစ်တင်ကြတယ်။

အနှစ်နှစ်ဆယ်ကျော် အတွေ့အကြုံအရ မှတ်ချက်ချရရင် ပညာရှင်ဆိုသူတွေဟာ စာရွက်တွေပေါ်မှာတော့ မှားချင်မှ မှားပါလိမ့်မယ်၊ လူထုအတွက်တော့ အကျိုးမများစေပါ။ သူများတွေ (အဖြူ) အသာထား ကိုယ့်ထဲကိုယ့်လူ (အဝါ) တွေလဲ ပါတယ်။ ဘာမှကိုယ်တိုင်ကိုယ်ကျ ဝင်မလုပ်ကြဘဲ ကြာအုံးမယ်လို့ ပြောသူမျိုးဟာ တကယ်လုပ်နေသူတွေကို အားပျက်စေအောင် လုပ်ရာကျတယ်။ မြန်ချင်သူတွေကို စိတ်အလိုကို မလိုက်ကြဘို့လဲ ဆုံးမတတ်ကြသေးတယ်။

လူထုအတွက်တော့ အဲလိုနေပေမဲ့ ကျန်တဖက်အတွက်တော့ တပ်သားသစ်ဖြစ်လာရော။ ဖွဲ့စည်းပုံပြင်ဘို့ရာ အချိန်တွေ ကြာပါအုံးမယ်လို့ ပြောတဲ့သူကို အကြံပေးခန့်လိုက်ပြီ။ ‘ပညာရှင်ဆိုရင် ပြည်တော်ဝင်ဘို့ လွယ်တယ်။ ပညာရှင်မဟုတ်လဲ ကိုယ့်စံ၊ ကိုယ့်ပေတံကို (ကွန်ပရိုမိုက်စ်) အလုပ်ခံနိုင်သူတွေအတွက်လဲ မခက်ပါ။ ၄ဝ၈၃ ယောက် ကျန်သေးတာ နည်းသလားဗျာ’ လို့ ရေးခဲ့ပါတယ်။

စာရင်းကြည့်တော့ ၁၉၉ဝ တုံးက အရွေးခံရပြီး၊ အပြင်ထွက်လာကြတဲ့ လူထုကိုယ်စားလှယ်တွေကို ထိပ်မှာတွေ့ရတယ်။ ကိုယ့်နာမည်ကို ပါမယ်ထင်မထားတာတော့ အမှန်ပါ။ နံပါတ် (၇) မှာပါလာတယ်။ အခုအစိုးရက မထင်တာတွေ လုပ်တာကတော့ စစ်အစိုးရနဲ့တူပေမဲ့ အဆိုးနဲ့ အပေါင်းတော့ ခြားတယ်။ ဦးထုပ်နှစ်လုံးဆောင်းလို့ ပြောခံရသူတွေက စာရင်းထဲမှာ နှစ်ခါပါတယ်။ အဲလို ထပ်နေတာတွေ တွေ့တော့ ‘နာမည်ဖြူ လူတူမရှားဖြစ်သွားတယ်’ လို့ မှတ်ချက် ပြုချင်တယ်။



ဒီလိုလွဲတာတွေမြင်တော့ ရေးချင်လာတယ်။ တိုင်းပြည်ထဲမှာ အပ်ကျတာကအစ သိပါတယ်လို့ ကြွားဝါခဲ့တဲ့ ထောက်လှမ်းရေးဆိုတာ တကယ်ဘဲ တန်ခိုးထွားခဲ့တယ်။ အမြင်မတူသူ မှန်သမျှကို ဒုက္ခမျိုးစုံ ရေးမကုန်အောင် နေ့စဉ်နဲ့အမျှပေးခဲ့တယ်။ ကိုယ့်ထက်ဆိုးသူတွေ မရေတွက်နိုင်အောင်ခံရတယ်။ ‘မည်း-ဖြူစာရင်း’ ဟာ ကိုယ်တွေ့ ဥပမာလေးတခုကို သတိရစေပါတယ်။

ကျွန်တော် ခိုလှုံနေထိုင်ရာ အစိုးရဆီကို တိုင်းတန်းစာ တရားဝင်ပို့တယ်။ တခါမကပါ။ ကျွန်တော့် နာမည်၊ နေရပ်လိပ်စာတွေ ပေးထားပြီး၊ အကြမ်းဖက်သင်တန်းတွေပေးတယ်၊ ဘယ်မှာလေယာဉ်အပိုင်စီးမယ်၊ ဘယ်နေရာ ဖေါက်ခွဲရေးလုပ်မယ်၊ နည်းပညာကို ဂျာမဏီကယူလာတယ် စသဖြင့်ပါတယ်။ အိမ်ရှင်နိုင်ငံက တာဝန်ရှိသူတွေက စုံစမ်း မေးမြန်းတာတွေ လုပ်ပါတယ်။ ဂျာမဏီကိုလဲ ရောက်ခဲ့ပါတယ်။ မိတ်ဆွေတဦးအိမ်မှာ တည်းတယ်။ ကျွန်တော် အဲဒီသွားတာက အစည်းအဝေးတခုတက်ဘို့နဲ့ တခြားနိုင်ငံတခုသွားနိုင်ဘို့ ဗီဇာ စောင့်နေတာဖြစ်တယ်။ အိမ်ရှင့်သားက အင်ဂျင်နီယာ၊ CAD ကွန်ပြူတာကူဒီဇိုင်းသာ ဖြစ်တယ်။ နောက်ဆုံးမှာ အိမ်ရှင်အစိုးရကနေ “ဒီလိပ်စာမှာ ဒီလူမရှိပါ” လို့ ပြန်ဖြေပါတယ်။ တိုင်စာထဲက လိပ်စာဟာ ကျွန်တော် အတိုင်မခံရင် ၅ နှစ်လောက်ကနေခဲ့တာ ဖြစ်နေတယ်။ အထဲမှာသာဆိုရင် သူတို့မှားတာမှန်သမျှ ခံကြပေရော့ဘဲ။

ရေဒီယိုတခုကတော့ ‘နာမည်ပျက်စာရင်း’ လို့ ခပ်လွယ်လွယ် သုံးသွားတယ်။ Black list ဆိုတာ နာမည်ပျက်မဟုတ်ပါ။ Disgraced, Dishonored, Shamed တို့ကိုသာ အဲလိုပြန်သင့်ပါတယ်။ အချင်းချင်းက အောင်စားရင်းခေါ်တယ်။ မေးကြတာပေါ့။ အထဲနေ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ‘ဆရာရော ဖြူသွားတယ်ဆိုတော့ ဝမ်းသာရပြီပေါ့။ ဒါပေမဲ့ ကိုယ့်ဖာသာ ဘယ်တုံးကမှ မမဲခဲ့ဘူးမို့လား ဆရာရေ’ တဲ့။

ကျွန်တော့်အဖို့တော့ အနှစ်နှစ်ဆယ်အတွင်းမှာ မတူတော့တာက ဆံပင်။ ဒါကြောင့် မထင်ပါ။ ‘ဆံပင်ဖြူတာတော့ ကြာပြီဗျ။ ကြေးမုံပြင်မှာ ထင်တာကတော့ ရုပ်တခုထဲပေမဲ့ ကြည့်တဲ့သူ မတူတော့ အမြင်မတူဘူး ပေါ့ဗျာ။’ ကြည့်တဲ့သူ (တချို့) ပြောင်းသွားတာကို ဖေါ်ပြတဲ့ နောက်တိုးတချက်လို့ ယူဆပါတယ်။

ကြေညာချက်မှာ ဘာမလုပ်ရ၊ ညာမလုပ်ရမပါတာတော့ အတော်ကောင်းတယ်။ နေရပ်ပြန်ခွင့်သာမကဘဲ ရေအရော မခံရရင်တော့ ပြန်ချင်ပါတယ်။ ကျွန်တော်က အရင်လုပ်ခဲ့တာတွေဘဲ ဆက်လုပ်မယ်ဆိုတာကို ပြောင်းမှာမဟုတ်ဘူး။ ဆက်လုပ်မှာကို ခွင့်ပြုတဲ့ သဘောလား စောကြောရအုံးမယ်။ မောင်မောင် ခေါ်တုံးကတော့ ဗျာမထူး စသဖြင့် ကိုယ့်နာမည်ကိုမှ မဖေါ်ရဲသူတွေကနေ ကိုယ်ပိုင်သတင်းစာမှာရေးတဲ့ ခေတ်လဲ ကုန်ပြီနဲ့ တူပါရဲ့။

ကျွန်တော့်နာမည် ၁၉၉ဝ အစိုးရဂေဇက်မှာ ပါခဲ့တာနဲ့ ၂ဝ၁၂ သမတ (ဝက်) မှာပါတာ ဘာကွာသလဲ မသိသေးပါ။ နောက်ပြီး သမတကြီး အမည်တပ်ပြီး အမှတ်ပေးကြတာတွေဟာ သိပ်မမှန်ပါ။ ခေတ်ပြောင်းလာအောင် အသေခံ၊ အနစ်နာခံသွားခဲ့သူတွေကိုသာ ကျေးဇူးစကားဆိုပြီး၊ သမိုင်းကောင်းမှာ ကမ္ပည်းထိုးကြရမှာပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၂