Sunday, November 10, 2013

Memoir ရေးချင်ပါရဲ့၊ ရေးစရာတွေလဲရှိပါရဲ့၊ ဒါပေမဲ့

(၁) ဆရာ့ဘဝအတွေ့အကြုံကို အခန်းဆက်ဆောင်းပါး ရေးထုတ်ရင် ကောင်းမယ်ဆရာ။
(၂) ရေးပါဆရာ အားလုံးသိသွားအောင်။

• စိတ်ကူးတော့ မရှိသေးဘူးဗျ။ ဒါပေမဲ့ မနှစ်လောက်က ပြည်တွင်းက အင်္ဂလိပ်စာ ဝါသနာပါသူတယောက်နဲ့ အွန်လိုင်းမှာ မေးတာ-ဖြေတာလုပ်ရင်း အမှတ်မထင် စရေးဖြစ်သွားတယ်။ အင်္ဂလိပ်လိုရေးတာပါ။
• အားတဲ့အခါ ထပ်ဖြည့်နဲ့ အခုဘဲပြန်ရှာတော့ A4 နဲ့ ၂၄ မျက်နှာ ရှိနေတာတွေ့တယ်။ ဆက်မရေးတာတော့ကြာပြီ။ Memoir ကိုယ်ပိုင် မှတ်တမ်းသဘောပါ။ Story ပုံပြင်မဟုတ်ပါ။

• နိုင်ငံရေးထဲမှာ သဘောထားမတိုက်ဆိုင်တာတွေ၊ မလျော်ဝါဒဖြန့်တာတွေ၊ ခြေထိုးတာတွေ၊ ချောက်တွင်းတာတွေ၊ ပဋိပက္ခတွေ အများကြီးရှိတယ်။ ကိုယ့်ဟာကိုယ် မှန်တယ်ဘဲထင်ကြတာချည်းပါဘဲ။
• အသံကျယ်ကျယ်နဲ့ ကိုယ့်နှုပ်ကိုယ် မထိန်းဘဲပြောတာမျိုးတွေကို ကြားတဲ့သူ လူထဝက်လောက်က အဟုတ်မှတ်တတ်တယ်။
• “အဖွဲ့အတွင်းရေးကိစ္စမျိုးကို အပြင်နဲ့ မီဒီယာကို ထုတ်မပြောသင့်ဘူး” ဆိုတဲ့စည်းကမ်းအရ ကျွန်တော်က ရေငုံထားနိုင်ခဲ့တယ်။ တခြားဖက်ကနေ ဖေါက်ချတယ်ဆိုပြီး “သူမှန်-သူများမှား” လုပ်တော့ ကြားကလူတွေက ဘယ်ဟာမှန်လဲ မသိဘူးဖြစ်ကြရတာလဲရှိမယ်။
• သူများပြဿနာဖြစ်တာကို သွားရည်တမြားမြားနဲ့ “ရေးသား-အားပေး” ခဲ့တဲ့ မီဒီယာဆိုတာလဲ ရှိတာဘဲ။

• ကျွန်တော်က အတိုင်းအတာတခုအထိ၊ ဦးဆောင်နေရာက နေခဲ့ရတာကများတယ်။ ကိုယ့်အသင်းအဖွဲ့တခုလုံးရဲ့ အကောင်း-အဆိုးကိုလဲ တာဝန်ယူတဲ့သူဖြစ်တယ်။
• တာဝန်ရှိလို့ အဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူတာလဲ လုပ်ရတယ်။ ဥပမာ တာဝန်ကချတာ၊ နေရာပြောင်းတာမျိုး လုပ်တယ်။ အရေးယူခံရသူ တချို့ကတော့ တချိန်မှာ သွေးသောက်လို ဘယ်လောက် နေခဲ့နေခဲ့ ကျွန်တော့်ကို ရန်သူလို့ သတ်မှတ်သွားတော့တယ်။
• ကျွန်တော်က အခြေခံအားဖြင့် အားနာတတ်တယ်။ အဲဒါ အားနည်းချက်ပါလို့ ထောက်ပြခဲ့တဲ့ သင်္ခန်းစာတွေက မနည်းလှဘူး။

• ကျွန်တော်က နိုင်ငံရေးအဆုံးအဖြတ်မှာတော့ ခေါင်းမာတယ်။ လူမှုရေးမှာ နားလည်မှုပေးပြီး ခွင့်လွှတ်စိတ် မွေးနိုင်တာ ကောင်းမွန်ပေမဲ့၊ နိုင်ငံရေးမှာတော့ သူများမှားတာကို ခဝါချသလိုလုပ်ဘို့ မသင့်ဘူးလို့ ယူဆတယ်။
• အဲလိုတကယ့်အဖြစ်အပျက်တွေထဲမှာ ဟိုဘက်-သည်ဘက်ကလူတွေ သက်ရှိထင်ရှား ရှိသေးတာက များတယ်။
• နောက်ကြောင်းတွေကို ပြန်ရေးရင် တချိန်က သွေးဆူပြီး နှုပ်အာကြမ်းခဲ့သူတွေကို ဆွပေးသလို မလုပ်ချင်ဘူး။
• တချို့ကတော့ တချိန်တုံးက ကျွန်တော့်ကို အနုတ်သဘောမြင်ခဲ့ပေမဲ့ ကြာကြာပေါင်းသင်းဆက်ဆံရာကနေ လက်ခံလာကြတယ်။ တချို့ဆိုရင် ကျွန်တော့်အတွက် အလွန်အားကိုးရသူတွေ ဖြစ်လာတယ်။ သမတလင်ကွန်း ရေးထားတာကို ငယ်ကတည်းကဖတ်ဘူးလို့ အကျိုးများစေပါတယ်။

• စောစောပိုင်းကာလတွေမှာ ပြည်တွင်းဆက်သွယ်ရေးဆိုတာ လှို့ဝှက်လုပ်ရတယ်။ မဖေါ်သင့်တာတွေကို သေတဲ့အထိ မဖေါ်ဘဲနေမယ်။ မပြောလို့မသိတော့ နားလည်မှုလွဲပြီး၊ တလွဲအထင်ခံရတာကို “နိုင်ငံရေးလုပ်ရတာ ကံမကောင်းပါလား” ဘဲ အောက်မေ့နိုင်ပါတယ်။

• ကျွန်တော် ခေါင်းမာနေတုံးဘဲဗျာ။ လက်ကြောမတင်းသေးဘူး။

ဒေါက်တာတင့်ဆွေ
၁ဝ-၁၁-၂ဝ၁၃