Saturday, November 23, 2013

“သွေးစစ်သားစစ် ချစ်ချစ်ခင်ခင်”

• “အမျိုး-ဘာသာ-သာသနာ” ဆိုတဲ့ ဆောင်ပုဒ်က ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးမှာ အတော်ထိရောက်ခဲ့ပါတယ်။ “သခင်မျိုးဟေ့ ဒို့ဗမာ” လဲ အတူတူဘဲ။
• ကနေ့ခေတ်က မတူတော့ပါ။ ဒီအောင်မြင်မှုရစေခဲ့တဲ့ဆောင်ပုဒ်တွေကို ပြစ်ပယ်လိုက်ဘို့တော့ မဟုတ်ပါ။
• ကနေ့ခေတ်ဆိုတာ တားချင်လဲတားမရတာတွေနဲ့ လူလုပ်လို့ပြောင်းလဲမှု (ပျက်စီးမှု) တွေပါ ရောနှောနေတယ်။
• “ကမ္ဘာရွာဖြစ်စဉ် (ဂလိုဘယ်လိုက်ဇေးရှင်း)” က တားဘို့ခက်လို့ ကြံ့ကြံ့ခံဘို့သာလုပ်နိုင်တယ်။
• အာဏာရှင်စနစ်နဲ့ စစ်အုပ်ချုပ်ရေးတွေကတော့ တမင်တကာလူလုပ်ထားတာဖြစ်တယ်။
• စီးပွါးရေးမှာ ဈေးကွက်စနစ်ကို တကမ္ဘာလုံး အများဆုံးကျင့်သုံးနေကြတာထဲမှာ ကျွန်တော်တို့နိုင်ငံလဲ ပါလာပြီ။
• ကနေ့ခေတ်ရဲ့ တကယ့်အဖြစ်ကတော့ - - စစ်အာဏာရှင်ကလဲ အကုန်မဆုတ်ခွါသေး၊ စိတ်မချရသေး၊ မယုံရသေး၊ - စီးပွါးရေးကလဲ အထာမကျသေး၊ - ကိုလိုနီခေတ်နောက် နှစ် ၆ဝ ကျော်လာတော့ ပြောင်းလဲလာတာတွေကိုပါ ထည့်စဉ်းစားကြရအုံးမယ်။
• နိုင်ငံတကာဆက်ဆံရေးကလဲ မတူးခြားလာတာတွေက ရှိပြန်သေးတယ်။
• ဒီအချက်အလက်တွေပေါင်းစုပြီး အကောင်းဆုံးတည်ဆောက်ကြရမှာဘဲ။
• အတွင်းကပဋိပက္ခတွေရော အပြင်ကပယောဂတွေကိုပါ ကြည့်ကြရမယ်။
• တရားဝင်နယ်နိမိတ်ထဲမှာ စာရင်းဝင်မတူသူတွေ အတူနေလာခဲ့ကြပြီး အေးအေးလူလူ၊ အတူတူ ကြွယ်ဝချမ်းသာကြဘို့တောင်မှ လမ်းစပေါ်ပြီလား ခိုင်ခိုင်မာမာမပြောနိုင်သေးပါ။
• ဒီကြားထဲ အပြင်ကနေဝင်လာတာတွေထဲမှာ - - အချုပ်အခြာထိပါးမဲ့အန္တရယ်၊ - အမျိုးဘာသာစော်ကားမဲ့ရန်စွယ်၊ - အမျိုးသားစီးပွါး ဗိုက်ဖေါက်စားမဲ့ အစွယ်ငေါငေါတွေက ပေါလှတယ်။
• သမိုင်းကြောင်းမှန်လဲသိ၊ ရေရှည်လဲကြည့်၊ ဥာဏ်အမြော်မြင်လဲရှိကြပါမှ တော်ကာကြမယ်။
• စည်းလုံးညီညွတ်မှုကို မှန်မှန်ကန်ကန် တည်ဆောက်ရလိမ့်မယ်။ ပေါ်ပင်လောက်နဲ့တော့ ငါးပါးမှောက်ကုန်ကြမယ်။
• အစိုးရက သူ့တာဝန်သူယူ၊ နိုင်ငံရေးပါတီတွေကလဲ သူ့တာဝန်သူယူ၊ တပ်မတော်ကလဲ သူ့တာဝန်သူယူ၊ လူမှုအသင်းအပင်းတွေကလဲ သူ့တာဝန်သူယူ၊ မီဒီယာကလဲသူ့တာဝန်သူယူ၊ ကျန်တဲ့သူတွေကလဲ သူ့တာဝန်သူယူ။
• ဒါဟာ ကနေ့ပစ္စက္ခတာဝန်ခွဲဝေထားမှု ဖြစ်တယ်။ သူ့တာဝန်သူလုပ်ခွင့်တော့ လွတ်လွတ်လပ်လပ်ရှိရမယ်။ ဦးတည်ချက်တော့ လုံးဝဥဿုံတူကြရလိမ့်မယ်။
• “ပြည်ထောင်စုမြန်မာနိုင်ငံသည် သွေးစစ်သားစစ်၊ မိစစ်ဖစစ် ချစ်ချစ်ခင်ခင်နေထိုင်ရာတိုင်းပြည် ဖြစ်နေရမည်။”

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၃