Wednesday, November 20, 2013

“လာလေ အတူသွားကြမယ်”

• ကြံ့ခိုင်ရေးကတော့ ကြံ့ကြံ့ခံဘို့ပြင်နေပြီ။ ကျွန်တော်တို့ပါတီ NLD က အသိနဲ့ သတိရှိကြရမယ်။
• သူတို့ထဲက “ပုလိပ်ဆိုး” အဖြစ် သရုပ်ဆောင်ခဲ့ရသူတချို့ကို ခေါက်ထားလိုက်တော့မယ်။ “ပုလိပ်ကောင်း” (အကောင်းယောင်ဆောင်သူ) တချို့ ဆက်ပါနေအုံးမယ်။ ရှေ့သိပ်မထွက်ရသေးသူတွေက စွာတက်လာမယ်။
• အမိန့်နာခံမှုနဲ့ အထက်ဦးစီးစနစ်ကို အခြေခံတည်ဆောက်ထားတဲ့ (နိုင်ငံရေးပါတီ လိုလုပ်ထားတဲ့) အုပ်စုကြီး ဖြစ်လို့ အကွက်ချရတာ သိပ်မခက်လှဘူး။
• သူတို့ရဲ့ အားသာချက် နောက်တခုက ပိုက်ဆံ။ ကျွန်တော်တို့ရဲ့အားသာချက်က လူထု။ ငွေနဲ့စည်းရုံးလို့ရတဲ့ လူထုက အရေအတွက် မများပါ။ ကျွန်တော်တို့က မှန်မှန်ကန်ကန် စည်းရုံးတတ်ဘို့တော့ လိုမယ်။

• ကျွန်တော်တို့ပါတီက ဒီမိုကရေစီအခြေခံတယ်။ ဒီမိုကရေစီအကျင့်ကို သိပ်မခက်မခဲသုံးနိုင်ခဲ့တဲ့ ၁၉၈၉ နဲ့ ၁၉၉ဝ-၉၁ တုံးက စည်းရုံးရေးအခက်အခဲတွေက များလှတယ်တော့ မဟုတ်ဘူး။
• အခက်အခဲဖြတ်ကျော်ကာလ ၁၉၉၂ နောက်မှာ ဒီမိုကရေစီသံတွေ တိုးဆိပ်ခဲ့ပြီး၊ လူတွေလဲ ကျဲပါးသွားခဲ့တယ်။ ထောင်ထဲများများနဲ့ ပြည်ပတချို့နေခဲ့ကြရတယ်။
• ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့နောက်မှာ တခေတ်ဆန်းလာတော့တယ်။
• ပြောခွင့်ဆိုခွင့် ဖွင့်ပေးတဲ့နောက်မှာ ပါတီတွင်းဒီမိုကရေစီဆိုတာ ဘုံးဘောလအောဖြစ်လာတယ်။
• ရွေးကောက်ပွဲဝင်မဲ့ဆုံးဖြတ်ချက်ချအပြီး နေရာ-တာဝန်စကားတွေ အများကြီးပြောလာကြတယ်။ တခါမှ မတခါဘူးသူတွေလဲ အသံကျယ်လာ၊ လူရုပ်သစ်တွေပါ မြင်လာရတယ်။
• ပါတီညီလာခံလုပ်တော့ ပြောမနေနဲ့။ ကြိုဆိုပါတယ်။ ဒါပေမဲ့

• ခမောက်တွေ ပျောက်သွားတာလဲရှိတယ်။ ပါတီသင်္ကေတ ပြောင်းရလို့ချည်းတော့ မဟုတ်ပါ။
• ကိုယ်အချင်းချင်း လုံးထွေးလိုက်နေချိန်မှာ တဖက်က ဖျာဝင်ခင်းလာတာကို တချို့က မသိကြဘူး။
• တချိန်က အစိမ်းဝတ်တွေ၊ အပြာဝတ်တွေကနေ ပင်နီဝတ်ပြီး ဇွတ်နေရာယူလာတာလဲ တွေ့လာရတယ်။
• သမိုင်းကိုသိပ်မသိသူတွေက သတိနည်းကြလို့ဖြစ်တယ်။
• စိတ်ကောင်း၊ စေတနာကောင်း၊ ဦးစားပေးမှုစံ၊ နိုင်ငံတကာပေတံဆိုတာတွေမှာ ကောင်းတာတွေရော၊ သတိထားစရာတွေပါ ရောနေတယ်။

• နိုင်ငံရေးလုပ်ရာမှာ လူအမျိုးမျိုးနဲ့လုပ်ကြရတာချည်းသာဖြစ်တယ်။ မတူတာတွေအတွက် စိတ်ပျက်ဘို့မဟုတ်ပါ။
• ဒါပေမဲ့ ဝေဖန်တာ၊ ထောက်ပြတာတိုင်းက ယဉ်ကျေးပြူငှာ၊ နားခံသာသင့်တယ်။ သူများကို ပြုပြင်စေချင်လို့ ပြောတာဖြစ်ရင် “ကိုယ်စကားတတ်တာနဲ့ ကိုယ့်ဒေါသကို ထုတ်ပြဘို့ရာ” မဟုတ်ရပါ။
• ဘာသာရေးအဆုံးအမတွေ၊ လူမှုရေးနီတိတွေကို လမ်းညွှန်သဘောသာထားသင့်ပြီး၊ မညီတာတွေ့ရင် နိုင်ငံရေး လုပ်ရတာမှာတော့ “ကိုယ်ကနေ ခွေးသားရေပိုက်ရေးတဲ့သူလို” လုပ်မရဘူး။
• မတတ်သာသေးလဲ စိတ်အေးအေးနဲ့ အချိန်ကောင်းကို စောင့်ရတယ်။
• ၂ဝ၁၅ ကလဲ စောင့်နေတယ်။ လာလေ အတူသွားကြမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၃