Tuesday, November 5, 2013

“သမီးအရွယ် လူငယ်တယောက်နဲ့ စကားပြောခြင်း”

သမီးကဆရာ့ရဲ့လူနာမဟုတ်ပါ။ သမီးကဆရာ့ရဲ့ အတွေးအမြင်တွေကို လေးစားတဲ့လူသာ ဖြစ်ပါတယ်။ သမီးနားထဲမှာ ငယ်ကတည်းက အဖေ့လွှမ်းမိုးမှုအောက်မှာ ကြီးခဲ့တာပါ။ သမီး ဗမာမဟုတ်ပါ၊ ချင်းပါ။ လူငယ်မို့နဲ့တူတယ်၊ နားမလည်ဘူး။ မြစ်ကြီးနားမှာ ခုဆွေးနွေးနေတယ်။ အဲလူတွေကို ဘယ်လူထုက ရွေးကောက်ထားလို့လဲ။ လူထုက ရွေးကောက်တာ ဆရာတို့ကိုပါ။ ဗမာခေါင်းဆောင်တွေက လူထုကိုယ်စားလှယ် မဟုတ်သလို တိုင်းရင်းသား ခေါင်းဆောင် အားလုံးလည်း လူထုကိုယ်စားလှယ် အစစ်မဟုတ်ပါဘူး။ သမီးအမြင် မှားများနေလား။

• အဲလိုမေးတာ ကောင်းတယ်။
• အဲဒီမှာ လက်နက်ကိုင်ထားသူတွေသာ ဆွေးနွေးနေကြတာတော့ သေချာတယ်။ လက်နက်ချင်းမတိုက်ဘို့ ဆွေးနွေးကြတာဆိုရင်တော့ သဘာဝကျတယ်။
• ဒီလိုအရာမှာတော့ တိုးတက်လာတာ မှန်ပါတယ်။ ဒါတောင် ၂ ဖွဲ့မပါသေးဘူး။ တဖွဲ့က အင်အား (လက်နက်နဲ့ ကျောထောက်နောက်ခံ အတော်ကြီးတယ်။) အဲဒီစာရင်းထဲ မဝင်တဲ့အဖွဲ့မျိုးလဲ ကျန်သေးတယ်။
• တိုင်းပြည်တခုမှာ လက်နက်ကိုင်ထားသူကသာ အုပ်ချုပ်နေပြီး လက်နက်နဲ့တိုက်နေတာက ကြာတော့ အရာရာ လက်နက်ပါမှဆိုပြီး မြင်ထင်နေကြတယ်။
• နိုင်ငံရေးနည်းနဲ့ တိုက်နေကြတာကတော့ တောက်လျှောက်ရှိနေခဲ့တာပါ။ ရှေ့တန်းတိုက်ပွဲတွေမှာ ကျဆုံးတဲ့ အရေအတွက်ထက်မနည်း အသေခံ-အနာခံပြီးတော့ နိုင်ငံရေးနည်းလုပ်သူတွအတွက် အကွက်ကလေး ကျယ်လာတယ်။
• ဆရာတို့ ၁၉၉ဝ ခေတ်ကိုတော့ ချန်ပြစ်လိုက်ကြပြီထင်တယ်။ ဘယ်တတ်နိုင်ပါ့မလဲ။
• နိုင်ငံရေးစကားကို လွှတ်တော်ထဲမှာသာ ပြောရမယ်လို့ဆိုတာ မှားတယ်။ နိုင်ငံအရေကို နိုင်ငံရေးပါတီတွေကချည်း ပြောနိုင်တယ်ဆိုတာလဲ မမှန်ဘူး။
• မီဒီယာကနေလဲ ပြောရမယ်။ လမ်းပေါ်ထွက်လဲ ပြောရမယ်။ ဆိုရှယ်မီဒီယာကနေလဲ ပြောကြရမယ်။
• အစည်းအဝေးတွေ၊ ညီလာခံတွေ၊ လွှတ်တော်တွေမှာ ပြောကြတာလဲ ကောင်းပါတယ်။
• ကိုယ်စားပြုမှုမေးခွန်းဟာ အဖြေရအတော်ကို ခက်တယ်။ အာဏာယူထားသူ-ရထားသူ၊ မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ မဲနေရာ အများ-အနည်းရတဲ့ပါတီတွေ၊ ဒီအမျိုးအစား အားလုံးအပေါ်မှာ လက်နက်နဲ့ဖြစ်ဖြစ်၊ ငွေကြေးနဲ့ဖြစ်ဖြစ်၊ ဆွေမျိုးသြဇာ-အာစရိဂုဏ်-ဂေါ့ဒ်ဖါးသာအရာနဲ့ဖြစ်ဖြစ် လွှမ်းမိုးထားတာတွေလဲ ရှိတယ်။
• တော်တော်တန်တန် မမှန်သေး-မပြည့်စုံသေးတာကိုတော့ နားလည်မှုပေးပါတယ်။
• လက်ရှိဖွဲ့စည်းပုံကို “အင်းကွက်” လိုသုံးနေတာ မပြင်သေးသရွေ့တော့ အစည်းအဝေးတွေ၊ ညီလာခံတွေ၊ လွှတ်တော်တွေမှာ ဘာတွေ သဘောတူမှုရနေနေ အကန့်အသတ်နဲ့သာ ကြိုဆိုပါမယ်။
• ခုထိတော့ “စစ်စစ်ချင်း” နဲ့ “လွှတ်လွှတ်ချင်း” သာပြောနေကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၃

ပိပိရိရိ နားမလည်ဘူး။ ဆက်ရှင်းပြပေးပါလား ဒေါက်တာ။


• တိုင်းရင်သား နိုင်ငံရေးအင်အားစုတွေနဲ့ အကြာကြီး တွဲလုပ်လာခဲ့ပါတယ်။ “ဒီမိုကရေစီက အရင်၊ ဇက်ဒရယ်က အရင်၊ အတူတူလုပ်ယူရမယ်”။ “ဒီမိုကရေစီအခင်းအကျင်း မရှိသေးဘဲ ဖက်ဒရယ်မရနိုင်”။ “သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေရေး”။ (စစ်တပ် + ဒေါ်စုဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစု + တိုင်းရင်းသားအင်အားစု) တွေ့ဆုံ ဆွေးနွေးကြဘို့ ဖြစ်တယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံတခု အဆင့်ဆင့်ရေးပြီး ရထားတာလဲရှိပြီ။ (သုံးပွင့်ဆိုင်ကို ကုလသမဂ္ဂဆုံးဖြတ်ချက်ထဲအထိ ပါလာအောင် အဝေးရောက်အစိုးရက လုပ်နိုင်ခဲ့ပါတယ်။)
• ဒါတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်မှာ မှိန်မှိန်လာပါတော့တယ်။
• ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အားလုံးပါလာတယ်။ အသစ်တွေ ပေါ်ထွန်းလာတယ်။ နှစ်ပွင့်ဆိုင်ကို လက်ခံလိုက်တဲ့သဘော ဖြစ်လာတယ်။
• နှစ်ပွင့်ဆိုတာတောင်မှ မေးခွန်းမေးသူက ဘယ်သူတွေက ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာ မေးတယ်။
• ၁၉၆၂ ဖေဖေါ်ဝါရီလထဲမှာ အစည်းအဝေးတွေလုပ်တုံးက အစိုးရဆိုတာလဲ လူထုကနေ တကယ် လွတ်လွတ်လပ်လပ်နဲ့ ရွေးထားတာဖြစ်တယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေကလဲ အထင်ကရ ခေါင်းဆောင်တွေက ဦးဆောင်ကြတာ ဖြစ်တယ်။ (ဦးနု၊ စောခွန်ချို၊ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံနုန်း၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစိန်၊ ဝိဓူရသခင်ချစ်မောင်၊ ဦးဘဆွေ၊) အဲဒီတိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ကို ကိုယ်စားမပြုပါဘူးလို့ အငြင်းပွါးတာမျိုး မကြားရဘူး။
• အဲဒီကာလမှာ စစ်တပ်ဆိုတာ အာဏာသိမ်းဘို့သာ အကွက်ချောင်းနေခဲ့တယ်။
• အခုအခင်းအကျင်းနဲ့ အတော်ကြီး မတူပါ။
• ကနေ့ကာလမှာတော့ စစ်တပ်က စစ်ရေးအရလဲအရေးပါနေတာမို့ လိုအပ်ပါတယ်။
• လက်ရှိအစိုးရကို (ဖဆပလ) အစိုးရလိုတော့ တန်ဘိုးတူ မထားနိုင်ပါ။
• ကျွန်တော်က ဗမာဆိုတာဖြစ်နေလို့ ပြောရတာလဲ အလွန်မတန်ခက်ခဲတယ်။ သူတို့တတွေဘဲ လုပ်ကြပေမဲ့ အားလုံးအတွက်ပါ ကောင်းလာမှာဆိုရင်တော့လဲ ချီးကျူးထောပနာပြုပါမယ်။

ဒေါက်တာတင့်ဆွေ