Monday, November 4, 2013

နှစ်အစိတ် မြစ်ဆိပ်ကကြည့်ခြင်း

ဖေ့စ်ဘွတ် မိတ်ဆွေတယောက် “အော့် မြို့လုလင်သာတဲ့ကွန်းဆီ၊ တို့သခင် စာဖွဲ့လို့ညွှန်းလိုက်ရဲ့၊ ဒါနဲ့ လွမ်းကြပေတော့ကွာ့ တဲ့။ ဆရာမှိုင်းရဲ့ကဗျာ သတိရမိပါတယ်။ လွမ်းစရာတွေနဲ့ လွမ်းနေတုန်း မြို့လုလင်သာတဲ့ ကွန်းလည်း ဟိုးအရင်လို တေးမှဆိုနိုင်ဦးပါ့မလားတဲ့၊ မြစ်အနောက်တစ်ဖက်ကမ်းမတော့ လက်လှမ်းလို့ မမီအောင် ခေတ်အခြေတွေ ပြောင်းနေရောပေါ့။ နောက်နှစ် နှစ်ဆယ် အစိတ်ဆို တောညိုညို တောင်ညိုညိုလည်း ပြစရာကိုမရှိ ဖြစ်ပေမှာမို့ ဆရာရယ့် ယွန်းခဲ့ပါဗျို့ လို့သာ။”

• ချင်းတွင်းမြစ်အနောက်ဖက်ကို “မြစ်အနောက်ဖက်” လဲခေါ်တယ်၊ “အနောက်ဖက်” လို့လဲ အလွယ်ခေါ်ကြတယ်။ “အနောက်ဖက်သား” လို့ ပြောကြဆိုကြ၊ ခေါ်ခံရတာကို ငယ်ကတည်းက နားရည်ဝခဲ့ပါတယ်။
• ချင်းတွင်းအနောက်မှာ တောညိုညို တောင်စိုစို၊ တကယ်ကိုရှိခဲ့တာပါ။
• မြားရဲ့အရှိန်လို ရေစီးမြန်လို့သန်လို့ ချင်းတွင်းမြစ်ကို “မြစ်သလ္လာ” လို့ မှည့်ခေါ်ကြတယ်။ မုံရွာပါ “သလ္လာဝတီမြို့” ဖြစ်လာတယ်။
• မုံရွာကနေ အနောက်ဖက်လှမ်းကြည့်ပါ၊ ပြာစိမ်စိမ်းတောင်တန်းအလွှာလွှာကို ရာသီမရွေးမြင်နိုင်ပါတယ်။
• ညောင်ပင်ကြီးဆိပ်ကမ်းကတက်ပြီး အနောက်ဘက်ဆက်သွားရင် နီညိုညိုတောင်ကုန်းတွေကို အရင်ဆုံး တွေ့ရမယ်။
• ငယ်ငယ်တုံးက နွေရာသီကျောင်းပိတ်တိုင်း မုံရွာကနေ မွေးဇာတိရွာတွေကို အလည်သွားနေကြ။
• ပုလဲကနေ အနောက်ဖက်ဆက်ရင် ပုံတောင်နဲ့ ပုံညာခေါ်တဲ့ တောင်နဲ့မြောက်တန်းနေတဲ့ တောင်တန်းညီနောင်ကို ဖြတ်ကျော်ပြီး၊ “ပုလဲ-ဂန့်ဂေါလမ်း” ဖေါက်နေတာ ကိုယ်တိုင်မြင်သိခဲ့ရဘူးတယ်။
• အဲဒီလမ်းနဲ့ ယောတောင်တန်းတွေကနေဆက်ပြီး ချင်းတောင်ကြီးကို နိုင်ငံရေးဘေးနဲ့ ပြေးရတော့ ကိုယ်တိုင် ၆ ရက်နဲ့ ၅ ညကြာ ဖြတ်ရပါတော့တယ်။
• ပုလဲမှာ မြို့နယ်ဆရာဝန်ဖြစ်လာတော့ ပုံညာတောင်ကြောက သစ်တောတွေ မရှိတော့ပါ။ တိုက်နယ်ဆေးရုံကို ဆင်နဲ့သွားရတော့ ကျွန်းနဲ့ အင်ကြင်းတောဟာ ကျိုးကျဲကျဲသာကျန်တော့တယ်။
• အခုတော့ ဆားလင်းကြီးနယ်ထဲက ကြေးနီရောင် တောင်ကုန်းတချို့ အနိစ္စချောနေပြီလို့ ကြားရတယ်။
• ဒါနဲ့ “လက်ပံတောင်း ကောက်ကြောင်း”၊ “လက်ပံတောင်းမှာ သမင်ပြစ်ထွက်ခြင်း” နဲ့ “ပီဠိယက္ခကို မြားချွန်မပေးကြနဲ့” စာ ၃ ပုဒ်ရေးပြီး၊ ခံရသူတွေဘက်ကနေ အားပေးယုံသာ တတ်နိုင်ခဲ့တယ်။
• ကျွန်းခုတ်လို့ကုန်၊ ကြေးထုတ်လို့ကုန်၊ မုံရွာနဲ့ ချင်းတွင်း သာတဲ့ကွန်း၊ လွမ်းချင်းထက်တော့ တတ်သာချင်ပါသည်။

ဒေါက်တာတင့်ဆွေ
၎-၁၁-၂ဝ၁၃