Tuesday, November 5, 2013

လူငယ်တွေနဲ့ ဆက်လက်ဆွေးနွေးခြင်း

Q: “လက်ရှိအစိုးရကို ဖဆပလ အစိုးရလိုတန်ဘိုးတူမထားနိုင်တာတော့ အမှန်ပါဆရာ။ ကျနော်တွေးမိတာလေးတခု ရှိပါတယ်၊ အခင်းအကျင်းခြင်းကွာပေမဲ့ ဖဆပလ ကိုရင်ဆိုင်ဘို့ ဝိဓူရသခင်ချစ်မောင်က ပမညတ ကိုတည်ထောင်ခဲ့တယ်။ အခုလည်း လက်ရှိအစိုးရကိုရင်ဆိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက UNFC ကို စုစည်းကြတာပါ။ ဝိဓူရသခင်ချစ်မောင်ကလဲ ငြိမ်းချမ်းရေးဘဲ အော်ခဲ့တာမဟုတ်လားဆရာ။ ဒါပေမဲ့ ပမညတ ရဲ့ရည်ရွယ်ချက်ကတော့ မအောင်မြင်ခဲ့ပါဘူး။ ခပ်ဆင်ဆင်လေးဖြစ်မနေဘူးလား။ ဖဆပလ ခေတ်ကို ကျနော်မမီခဲ့ပေမဲ့ တွေးမိတာလေးပါဆရာ။”

• ပမညတ နဲ့ UNFC အခြေခံကအစ မတူပါ။ ပမညတ ဟာ နိုင်ငံရေးလုပ်ဘို့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ အတိုက်အခံမှာသာ နေရာရခဲ့တာပါ။ ငြိမ်းချမ်းရေးက အဓိကလို့မထင်ပါ။
• ဝိဓူရသခင်ချစ်မောင်ဟာ တော်ပါတယ်။ မိန့်ခွန်းပြောတာလဲ အလွန်ကောင်းလွန်းလို့ ဝိဓူရဆိုတဲ့ကင်ပွန်း ရခဲ့တာပါ။ အဲဒီမိန့်ခွန်း ဖတ်ဖူးပါတယ်။ အဲ့ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဆိုရှယ်လစ်လောကနိဗ္ဗာန်ကြီး တည်ဆောက်ဘို့ရာ ခွေးကတက်ကနေရနေရ ဝင်လုပ်ပါရစေလို့ ဆိုတာလဲ သူဘဲ ပြောခဲ့တာ ဖြစ်ပါတယ်။
• တော်လှန်ရေးကောင်စီ (၁၉၆၂-၁၉၇၃) နဲ့ မဆလ (၁၉၇၄-၁၉၈၈) အစောပိုင်း နှစ်နည်းနည်းလောက်မှာ ပမညတကို ဗိုလ်ချုပ်နေဝင်းက သုံးခဲ့တယ်။ (နဝတ-နအဖ) ခေတ်အတွင်း အလံနီတွေကို ကာလတိုတခုမှာ သုံးခဲ့သလို အတူတူပါဘဲ။
• တိုင်းရင်းသား အင်အားစုတွေ စုစည်းမှု အမျိုးမျိုးလုပ်ခဲ့ကြပါတယ်။ NDF ဆိုတာ အချိန်ကာလလဲကြာပြီး၊ စုစည်းမှုလဲ အားကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နဝတ ရဲ့ အပစ်အခတ်ရပ်စဲရေးနည်းဗျူဟာကနေ တဖွဲ့ချင်းကို ဖွဲ့ထုတ်ယူသွားနိုင်ခဲ့တယ်။ KIO က ဗွေဆော်ဦးဖြစ်ပါတယ်။
• ဒိနောက်မှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် လုံးပမ်းကြတာမှာ NRP, ENC, ENSCC စသဖြင့် ညွန့်ပေါင်းအဖွဲ့တွေ တခုပြီးတခု နှစ်ပိုင်း-လပိုင်းတွေမှာ ပေါ်လာခဲ့တယ်။ UNFC ကတော့ နောက်ဆုံး (အခုထိ) ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
• NDF (နိုင်ငံရေးပါတီမဟုတ်ပါ) နဲ့ UNFC မှာ အခြေခံတွေမတူကြပါ။ NDF ကို တိုင်းရင်းသားတွေကကနေ ကိုယ့်သဘောနဲ့ကိုယ် စစ်အာဏာရှင်ကိုရင်ဆိုင်တိုက်ဘို့ ညီညွတ်ခြင်းသည်အင်အား ဆိုတာနဲ့အညီ ဖွဲ့ခဲ့ကြာတာ ဖြစ်တယ်။ Initiative သဘောဆောင်ပါတယ်။ ဒါကြောင့်လဲ နဝတ-နအဖ ကနေ အပြစ်ရပ်စဲရေး နည်းလမ်းနဲ့ ဖြိုခွဲခဲ့တာပါ။
• BSG ကိုတဆင့်တိုးလာတော့ သေးတာတွေက ပါသွားတယ်။ (BSG ဟာ ငြိမ်းချမ်းရေးကို ဦးတည်နိုင်တယ်လို့ သုံးသပ်ခဲ့သူတဦးက အခုငြိမ်းချမ်းရေးစီမံချက်မှာ လခစားဖြစ်နေပြီ။)
• UNFC ပေါ်လာတာက တန်ပြန်သဘော တနည်းအားဖြင့် Reactive တုန့်ပြန်မှုသဘော ဆောင်တယ်။ အရင် သင်္ခန်းစာကိုယူပြီး၊ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးမဟာစီမံချက်ကို စုပေါင်းပြီး၊ ရင်ဆိုင်ဘို့ရာ ဖွဲ့ခဲ့တာလို့ ယူဆပါတယ်။ (ကျွန်တော်ထင်တာ လွဲကောင်းလွဲနိုင်ပါတယ်။ လွဲရင်လဲ တောင်းပန်ပါတယ်။)
• ဖက်ဒရယ်ပုံစံကို လက်မခံတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ (NSCN စသည်) လဲရှိနေတယ်။ ငြိမ်ချမ်းရေး ခေါင်းစဉ်အောက်က စာရင်းပေါက် တိုင်းရင်းသားအဖွဲ့တွေ (UWSA နဲ့ NDAA) လဲ ရှိနေပါတယ်။
• တဖက်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေလဲ မြန်မာ့မြေပေါ်မှာ ခြေကုပ်ရနေကြတာတွေလဲ မနည်းပါ။
• ကျွန်တော်တို့ပြည်ထောင်စုရဲ့ တိုင်းရင်းသားစစ်စစ်တွေကနေ နည်းဗျူဟာအပြောင်းအလဲလုပ်ရတာမျိုးကို နားလည်ပါတယ်။ တိုင်းရင်းသားဖြစ်ချင်သူတွေနဲ့ တိုင်းတပါးသား တိုင်းရင်းသားတွေကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါ။
• ကျွန်တော်တို့နိုင်ငံမှာ လက်နက်နဲ့သာ စကားပြောကြဆဲ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃