Tuesday, November 5, 2013

ဆေးအာဏာသိမ်းခြင်း

“ပီဠိယက္ခကို မြားချွန်မပေးကြနဲ့” စာအောက်မှာ မှတ်ချက်တခု ထူးထူးခြားခြားတွေ့ရပါတယ်။

“စစ်တပ်ကို အတော် မုန်းနေပုံရပါတယ်။ တရားခံရှာ တော်ပါတယ်။ အမှန်တရားကို လက်ခံပါ။ အမှန်ကို ဦးတည်ပါ။ အဖြေနဲ့ အနီးစပ်ဆုံးကို သွားပါ။ ဘဝင်မြင့်လျင် ရူးတတ်သည်။”

“စစ်တပ် (တပ်မတော်) ကို ဘယ်သူကမှ မမုန်းသင့်ကြပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို ကိုယ်ကျိုးအတွက် လမ်းလွဲပြီး အသုံးချတဲ့စနစ်ကိုတော့ လက်မခံပါ။ ကိုယ်ကျိုးသုံးပြီး တိုင်းပြည်အကျိုး ထိုက်သင့်သလောက် ရရင်ကို အဆိုးမဆိုချင်လှပါခင်ဗျား။”လို့ ပြန်ရေးခဲ့ပါတယ်။ တွေးစရာပေးလို့ ကျေးဇူးတင်ပါတယ်။

စစ်မှုထမ်းဆိုတာ တခြားအသက်မွေးမှုတွေလိုပါဘဲ။ အသက်မွေးဝမ်းကြောင်းတခုထဲက တယောက်ယောက်ကိုဖြစ်ဖြစ်၊ တစုစုကိုဖြစ်ဖြစ် အပြစ်ဆိုချင်ရင် ဥပမာ ကျောင်းဆရာတွေ မကောင်းဘူးလို့ မပြောရပါ။ ချီးမွမ်းချင်ရင်လဲ ဥပမာ ရှေ့နေတွေဟာ တော်လိုက်တာလို့ ပြောရင်လဲ မမှန်သေးပါ။

ကိုယ်တိုင်က အသက်မွေးမှုအတတ်ပညာမှာ ဆရာဝန်ဖြစ်လို့ ဆရာဝန်တိုင်းကို ချီးမွမ်းကြပါလို့ ဘယ်သောအခါကမှ မရေး-မပြောပါ။ ဆေးလောကက ဘဝင်မကျစရာဆိုရင်လဲ အပြုသဘောနဲ့ ထောက်ပြ-တင်ပြပါတယ်။ ဥပမာ “Ca Breast ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း” “Victims of Era ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်” ဆိုတာမျိုး။

အသက်မွေးမှုနှစ်ရပ်ကို ပြောင်းပြန်လုပ်ကြည့်ပါမယ်။

“ဆေးအာဏာသိမ်းခြင်း” တရပ် မြန်မာပြည်မှာ ပေါ်ပေါက်လာတယ်။ “ရောဂါကပ်ကြီးကျရောက်မဲ့ဘေးကနေ လက်တလုံးအလိုမှာ မြန်မာနိုင်ငံတော်ကြီးကို ကယ်တင်ဘို့အတွက် ဆရာဝန်တွေကနေ မလွဲသာမရှောင်သာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို သိမ်းယူလိုက်ရပါကြောင်း” ပထမဆုံး ထုတ်ပြန်ချက်မှာ ပါရှိတယ်။

အရင်အုပ်ချုပ်နေသူတွေကို ထိန်းသိမ်းတယ်။ ထောင်ချတယ်။ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်တယ်။ အစိုးရထဲမှာ ဆေးပညာတတ်တဲ့သူတွေချည်းသာပါပြီး ဖွဲ့လိုက်တယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ သာသနာရေး ဝန်ကြီးဌာနတိုင်းမှာ ဆရာဝန်တွေကိုသာ ဝန်ကြီးခန့်တယ်။

တိုင်းသူပြည်သားမှန်သမျှ ဆေးထိုးအပ်ဆိုရင် ၁ မီလီမီတာရှည်တာတောင်မှ မကိုင်ရလို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တယ်။ ဆေးပြားမှန်ရင် တခြားလူလက်ထဲမှာ မရှိစေရ။ ဆရာဝန်၊ သူနာပြု၊ ဆေးပညာရှင် ဓါတ်ခွဲပညာရှင် ကလွဲရင် ကျန်တာတွေကို ဖွဲစကွဲအောက်မေ့တယ်။

ဆေးအဖွဲ့အစည်း ကြီးငယ်တွေ ထူထောင်တယ်။ ဗိုက်နာဘူးသူမှန်သမျှ၊ ခေါင်းကိုက်ဘူးသူတိုင်း၊ အဖွဲ့ထဲကို မဝင်မနေရ။ စာမေးပွဲအောင်ချင်သလား၊ ဂုဏ်ထူးရချင်သလား။ ဆေးရုံလာတက်ရင် အဖွဲ့ဝင်ကပ်ပါမှ ကုတင်နေရာရမယ်။ ART လို ရှားတဲ့ဆေး၊ CD 4 count ကြည့်မနေဘဲ၊ ဆေးအသင်းတော်ကြီးကနေ ဦးစားပေးတာ ရွေးတယ်။

ဝါဒဖြန့်ချိရေးဟာ တိုင်းပြည်စီးပွါးရေးထက် အရေးကြီးတယ်။ "ဆေးကလွဲရင် ဘာမှမကောင်း၊ ဆေးချည်းသာကောင်း" လို့ ထင်မှတ်ယုံကြည်လာအောင် နည်းမျိုးစုံသုံးတယ်။ “ဆရာဝန်သာအမိ၊ ဆရာဝန်သာအဖ” ဆိုင်းဘုတ်ဖြူကြီးတွေ နေရာတကာမှာ ဖွေးဖွေးလှုပ် စိုက်ထူထားတယ်။ တိုင်းပြည်တလွှား ဂျူတီကုတ်တွေခေတ်စားစေတယ်။

ဆယ်နှစ်လောက်ကြာလာတော့ ပါတီဖွဲ့ဘို့လုပ်ပါတယ်။ “ကျန်းခိုင်ရေးအသင်း”။

မြွေတံဆိပ်နဲ့ မဟာအသင်းကြီးထဲ သန်းပေါင်းများစွာပါစေတယ်။ လူတွေဆိုတာ ခပ်ရိုးရိုးသမားက များပြီး၊ ခပ်အအတွေက မနည်းဘူး မဟုတ်လား။ လူလယ်ကြီးတွေကို ထိပ်ပိုင်းနေရာတွေ ပေးလိုက်တယ်။ ဆေးအင်ပါယာမှာ လာဘ်လာဘစီးပွါး များသလား မမေးနဲ့။ လူတွေသိအောင် ဘယ်တော့မှ ထုတ်မပြောဘူး။ အချင်းချင်းတော့ ရော့အင့်။

စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဆေးပညာကနေလာတာပါ။ လူတွေအထာကို နောကျေနေအာင်သိပါတယ်။ အချိုကြိုက်ရင် ထန်းလျှက်၊ အစပ်ဆို ရွှေလံဗိုလ်။

ယေဘုယျချခြင်း အပြစ်မကင်းပါ။ “ဘယ်အဆစ်ကအပြစ်ရှိသလဲ” ဆိုတာလေး ရေးဘူးပါတယ်။ တပ်မတော်ထဲမှာ တော်တဲ့၊ တတ်တဲ့၊ စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်တွေ့ဘူး သိဘူးတယ်။ အတူတူပါဘဲ ဌာနတိုင်းက လူတွေထဲမှာလဲ ရှိတယ်။ အရပ်သားတွေထဲမှာ ညံ့တဲ့၊ ရိုင်းတဲ့၊ ကောက်ကျစ်တဲ့သူတွေရှိသလို စစ်တပ်ထဲမှာလဲ ရှိတယ်။

အသက်မွေးမှုတခုကနေ အာဏာနဲ့အရာရာကို အပိုင်စီးတာတော့ တော်တော်တတ်တတ် မြန်မာ့သမိုင်းမှာ ရာသက်ပန် ရပ်သင့်ပါပြီ။ စစ်အာဏာက မာရသွန်ခရီးရှည်ကြီးထဲကနေ ခြေတလှမ်းဆုတ်လာတာဟာ လားရာကောင်းပါတယ်။ ဒါပေမဲ့ သူကနေ မွေးထုတ်ထားသူတွေက မာန်စွယ်ပြတဲ့ခေတ်ထဲမှာသာ ရှိသေးတယ်။

“မာန်စွယ်တွေ ကျိုးပါစေ။ ကျွန်တော်တို့မှာ ရန်စွယ်မရှိပါခင်ဗျား။”

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၃