Monday, October 28, 2013

“ဆွေးနွေးချက် အဆက်”

Q: အတိုက်အခံ နိင်ငံရေးသမားတွေ မရှိသလောက်ရှားသွားသလားလို့။ ၁ဝ စုနှစ်လောက် အတိုက်အခံပဲလုပ်နေရာက လမ်းကြောင်းပြောင်းပြီး ချင့်ချိန်နေ လေ့လာနေ နှစ်ဘက်မက ၃ ဘက်လောက် တွေးနေရတယ်။ ကြာလာတော့ ကို့ကိုကိုယ် ဘာမှန်းမသိတော့ဘူး ဆရာ။

‘အတိုက်အခံ’ ဆိုတာ စပြောရရင် လွှတ်တော်နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးမှာ အတိုက်အခံကို သုံးလေ့ရှိတယ်။ ထုံးစံက အစိုးရဖွဲ့နိုင်တဲ့ပါတီကို အာဏာရပါတီနဲ့ မဖွဲ့နိုင်တဲ့ပါတီတွေကို အတိုက်အခံလို့ သတ်မှတ်တယ်။ ကနေ့မြန်မာပြည်မှာ အတိုက်အခံလို့ သတ်မှတ်ရမဲ့ ပါတီဆိုတာဘာလဲ။ မီဒီယာကနေသာ တခြားလဲရွေးထုတ်စရာမရှိလို့ NLD ကိုဘဲ အတိုက်အခံဆိုပြီး ကင်ပွန်းတပ်နေရတယ်။ လွှတ်တော်တွေက ကိန်းဂဏန်းတွေကိုကြည့်ပါ။

အမျိုးသာလွှတ်တော် ၂၂ဝ ဦးထဲမှာ -
ကြံ့ခိုင်ရေး 124
စစ်တပ် 56
RNDP 7
NUP 5
AMRDP 4
NDF 4
SNDP 4
NLD 4
PSDP 3
CNP 2
အခြား 7

ပြည်သူ့လွှတ်တော် ၄၃၄ ထဲမှာ -
ကြံ့ခိုင်ရေး 212
စစ်တပ် 110
NLD 38
SNDP 18
NUP 12
RNDP 9
NDF 8
AMRDP 3
PNO 3
CNP 2
CPP 2
PSDP 2
အခြား 10
လစ်လပ် 5

ဒါကြောင့် -
• လွှတ်တော် ၂ ရပ်လုံးမှာ ကြံ့ခိုင်ရေးပါတီက ‘အာဏာရပါတီ’ နဲ့ ဒုတိယအများဆုံးဖြစ်အောင်လုပ်ထားတဲ့ တပ်မတော်ကို ‘အတိုက်အခံ’ လို့ ပြောရမယ်။
• စစ်တပ်လဲ ကြံခိုင်ရေးနဲ့ ထူးမခြားနားလို့ သမုတ်ချင်ရင် “အထက်လွှတ်တော်မှာ RNDP ရခိုင်ပါတီက အတိုက်အခံ” ဖြစ်ပြီး၊ “NLD ဟာ ပြည်သူ့လွှတ်တော်မှာသာ ပူးတွဲအတိုက်အခံဖြစ်တယ်။”
• ပြည်သူ့လွှတ်တော်ထဲက ကြံ့ခိုင်ရေးနဲ့ တပ်မတော်အလွတ် ပါတီရှိသမျှနဲ့ လစ်လပ်နေရာတွေ အားလုံပေါင်းပါမှ ၁ဝ၅ ဘဲရှိတယ်။ စစ်တပ်တခုထဲထက်တောင်မှ ၁ဝ ပါတီပေါင်းထားတာက နည်းနေတယ်။
• အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တပ်မတော်အလွတ် ပါတီရှိသမျှနဲ့ လစ်လပ်နေရာတွေအားလုံပေါင်းပါမှ ၄ဝ ဘဲရှိတယ်။ စစ်တပ်တခုထဲထက်တောင်မှ ၈ ပါတီနဲ့အခြား ပေါင်းထားတာက နည်းနေတယ်။
• လွှတ်တော်ကနေ အတိုက်အခံသံမကြားရတာ မဆန်းပါ။

ဒါတွေကကိန်းဂဏန်တွေပါ။ တကယ်ကော ဘယ်သူတွေက၊ ဘယ်ပါတီတွေကနေ အစိုးရလုပ်တာတွေကို အတိုက်အခံ ပြုနေပါသလဲ။ ဒေါ်စုကို အရင်လို မပြောတော့ဘူးဆိုပြီး ဝေဖန်သူတွေ၊ ကဲ့ရဲ့သူတွေရှိနေတာက ငြင်းမရဘူး။ တချို့ အလေးအနက် လေ့လာသုံးသပ်သူတွေကတော့ ဒေါ်စုအခုလိုရပ်တည်ပြောဆိုနေတဲ့အပေါ်မှာ နည်းလည်မှု ပေးကြတယ်။ ရေရှည်အတွက်နဲ့ ဒိထက်ကောင်းတာမရှိလို့သာဆိုပြီး ဖြေသိမ့်ကြတယ်။

နိုင်ငံရေးပါတီတွေက လွှတ်တော်ထဲမှာ ရသလောက်လေးသာ လုပ်နေကြရတယ်။ လွှတ်တော်ယဉ်ကျေးမှု ဆိုတာကနေ စကားခန့်ခန့်တွေသာ သုံးကြရတယ်။ (မဆလ) ခေတ်က လွှတ်တော်နဲ့ခြားနားတာ လိုက်ရှာကြည့်နေရတယ်။

အနှစ် ၂ဝ ကျော် ကျယ်ကျယ်လောင်လောင်၊ စူးစူးရှရှ ပြောလာကြတဲ့အသံတွေ အားလုံးလိုလို တိတ်သွားစေခဲ့ပြီ။ အားမရသူတွေကို အပြစ်မဆိုသာပါ။ နိုင်ငံရေးပါတီတွေဟာ ၂ဝဝ၈ အရ လိုက်ပါနေကြတာမို့ ဖွဲ့စည်းပုံကို ကောင်းကောင်း မပြင်နိုင်သေးသရွေ့ ဒိထက်မျှော်လင့်လို့ မရပါ။ သူတို့ထဲက တချို့က သိတယ် မလုပ်နိုင်ကြသေးဘူး။ တချို့ကြ အခုအတိုင်း ကောင်းပါတယ်ဆိုကြတယ်။ သူတို့ကတော့ အခုလွှတ်တော်သက်တမ်းမှာသာ နေရာရသင့်တယ်။ ဒါပေမဲ့ ဒီလိုအတန်းအစားမျိုး ဆက်တက်လာအာင်လုပ်ပေးတာမျိုးကိုလဲ သူတို့တတွေက မျှော်လင့်နိုင်ကြတယ်။ NLD မဟုတ်သူတွေ ဦးစားပေးခံရနိုင်တယ်။

လွှတ်တော် မဟုတ်တာတွေ၊ အခုလွှတ်တော်ထဲ မရောက်သေးပေမဲ့ ရောက်ချင်သူတွေလဲ သိပ်မထူးကြလှပါ။ ‘တုန်း’ တွေ ကျလာနေရတယ်။ လူမှုအသင်းအဖွဲ့တွေကတော့ အလုပ်များပြီး အားကောင်းတာတွေ မနည်းပါ။ NGO တွေကို ပြောတာ မဟုတ်ပါ။ တက်ကြွလှုတ်ရှားသူတွေ အသံမတိတ်ပါ။ တကယ့်အတိုက်အခံသံ စစ်မှန်တယ်။ သမဂ္ဂတွေပေါ်လာရင်လဲ အားဖြစ်စရာ ရှိနိုင်တယ်။ မီဒီယာမှာ အတိုက်အခံလုပ်သူတွေ၊ လမ်းပေါ်မှာ အတိုက်အခံလုပ်သူတွေကို အားပေးပါတယ်။

ဒါပေမဲ့ တရားဝင်အခွင့်အာဏာကို မဲပေးပြီးသာ ဆုံးဖြတ်ရတာမို့ မဲရွေးပွဲမှာတော့ “ဘာဘဲဖြစ်ဖြစ်” မဲပေးကြတာမှာတော့ မှန်ကန်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၃