Friday, October 11, 2013

“ဥက္ကဋ္ဌ ပူပူနွေးနွေးလေးရမယ်”

Q: အာစီယန်ဥက္ကဋ္ဌဖြစ်လာတာကို ဆရာ့ကွန်မင့်လေး ပြောပါအုံး။

ရေဒီယိုမှာပြောကြတာတွေ နားထောင်ရပါတယ်။ ထုံးစံအတိုင်း အမျိုးမျိုးပေါ့။ ရေဒီယိုဆိုတာ ဟိုဘက်အမြင်၊ ဒီဘက်အမြင် တွဲတင်ရသတဲ့။ တွဲတင်တော့ နှစ်ဘက်လုံးက အပြစ်မြင်တာခံရတာပေါ့။ ဂျာနယ်တွေမှာလဲ သတိနဲ့ အကောင်းချည်းသာ ပြောကြမှာပါ။ ကျွန်တော့်အမြင်လဲ သူများတွေနဲ့ ကွာလှမယ် မထင်ပါ။

“အပြောင်းအလဲတွေဟာ ဘာဟာကနေ တွန်းပို့/ဆွဲဆောင်/စေ့ဆော်သလဲ” ဆိုတဲ့ (သီအိုရီ) တွေ ပြောကြ/ရေးကြတာမှာ မတူကြဘူး။ အကြောင်းခံတခုတည်းနဲ့ မဟုတ်တာက အဖြစ်နိုင်ဆုံးပါ။ ဒါပေမဲ့ ဒီလို ပြောကြရေးကြတာတွေမှန်သမျှ အထင်တွေသာ ဖြစ်ပါတယ်။

အတန်းအစားခွဲရင် “အပြင်ကလား” နဲ့ “အထဲကနေလာတာလား” ဆိုတာနှစ်ခုရှိတယ်။ အထဲဆိုတာထဲမှာလဲ “ပြည်တွင်း” (ဒိုမက်စတစ်-ဖက်တာ) နဲ့ “သူတို့အထဲက အတွင်း” (အင်းနား-ဆာကယ်) ဆိုတာရှိပြန်တယ်။

အပြောင်းအလဲဆိုတာတွေရဲ့ ခြေဆင်းကာလမှာ အာစီယန်ဥက္ကဋ္ဌလုပ်ချင်တယ်လို့ အသံထွက်ခဲ့တာ သတိထားမိတယ်။ (ဆန်ရှင်) စတာတွေကို ထုတ်မပြောခင်ကတည်းကပါ။ လက်ရှိ (အစိုးရ + လွှတ်တော်) ရော (ဒေါ်စု + NLD) မှာရောမှာ တူတဲ့တချက် ရှိလာတယ်။ လူတွေက အရေးပါတယ်လို့ထင်ရတာမျိုးကို သူများနိုင်ငံက စဉ်မြင့်မှာ ထွက်ပြောကြတာ ဖြစ်တယ်။ (အစိုးရ + လွှတ်တော်) လို့ အက္ခရာသင်္ချာရေးထုံးနဲ့ရေးရတာက (မဆလ)၊ (နဝတ) နဲ့ (နအဖ) လို တသံတည်းချည်း မထွက်ကြလို့ ဖြစ်ပါတယ်။ ဒါကလဲ စိတ်ဝင်စားဘို့သင့်ပါတယ်။

(အာစီယန်) ဥက္ကဋ္ဌကာလမှာ အပြင်မှာမျက်နှာပမ်းလှအောင် လုပ်လာမှာတွေကို မျှော်လင့်နိုင်ပါတယ်။ (အာစီယန်) ကိုးနိုင်ငံကို အမြင်လှဘို့ကတော့ နောက်ပြန်သွားလဲ သိပ်ကိစ္စမရှိလှပါ။ သူတို့စီးပွါးရေးလုပ်ကောင်းရင် ပြီးတာဘဲ။ (အာစီယန်-ပလပ်စ်) ဆိုတဲ့ တွဲဘက်နိုင်ငံတချို့တွေကိုတော့ ကျေနပ်စေအာင် လုပ်ရမှာတွေ ရှိပါလိမ့်မယ်။ သူတို့က လူ့အခွင့်အရေးလဲ ဆက်ပြောမယ်။ လူနည်းစုအရေးလဲပြောမယ်။ ဘာသာရေးလဲပြောမယ်။

အပြင်ရောက်မှ ထူးခြားတာတွေပြောတဲ့သဘောဟာ “အပြင်ဖိအား/တွန်းအား/ဆွဲဆောင်အား/မက်လုံးတွေကို အလေးထားတယ်” ဆိုတဲ့ အယူအဆကို ထောက်ခံရာကျတယ်။ အာစီယန်ဥက္ကဋ္ဌကာလမှ အပြင်ကလူတွေ အများကြီးလာကြမှာမို့ သက်ရောက်မှုရှိပါလိမ့်မယ်။ အပြောကောင်းတွေ ကြားရပါလိမ့်မယ်။

သူတို့ဆိုသူတွေ တယောက်တမျိုး ပြောနေကြတာဟာ “အတွင်းထဲက အတွင်းသား မတူတော့တာလား” လို့ စဉ်းစားစရာ ဖြစ်တယ်။ ကွက်တိပြောရရင် ဘယ်လောက်အတွင်းကျကျ ဒုံးပျံထိပ်ဖူးကလာမှသာ ဘာမဆိုဖြစ်တဲ့ခေတ်က မကုန်သေးပါ။ “ခေတ်မပြောင်းသေးပါ။”

အစိုးရဘက်ကနေ နောက်အစိုးရဖြစ်ဘို့ အားခဲနေသူတွေထက် အခွင့်အလမ်းတရပ်အနေနဲ့ သုံးပြပါလိမ့်မယ်။ ဥက္ကဋ္ဌ အလုပ်တွေက အစိုးရကသာဦးစီးရလို့ပါ။ ဒေါ်စုအတွက်လဲ အားဖြည့်စရာတွေရှိလာယ်။ ကုန်သွယ်ဘက်၊ စီးပွါးဘက် နိုင်ငံခေါင်းဆောင်တွေ လာကြမယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေထဲမှာ အိုဘားမားတယောက်ဘဲ ဒေါ်စုကိုပိုနေရာပေးတတ်မယ်။ ဥရောပတောင်မှ သိပ်အားကိုးရမှာမဟုတ်ပါ။ အာစီယန်တွေနဲ့ အိန္ဒိယကတော့ ထုံးစံထက်ပိုစရာမရှိဘူး။ မြန်မာပြည်က အာဏာရှိသူတွေနဲ့ ပနာစားလွန်းဆဲဖြစ်တဲ့ တရုပ်ကလဲ အခွင့်ကောင်းရှာပါမယ်။ ဟိုတနေ့က အိန္ဒိယကလုပ်နေတဲ့ ပရောဂျက် နှစ်ခု တရုပ်လက်ထဲ မရောက်ဘူးမပြောနိုင်ပါ။

အစည်းအဝေးတွေက သုံးရာကျော်ကျင်းပရမှာမို့ ခရီးသွားလုပ်ငန်းအတွက် အကွက်ပါဘဲ။ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ကောင်းစရာရှိတယ်။ ဒီလုပ်ငန်းထဲမှာ ပျော်တော်ဆက်လုပ်ငန်းတွေလဲ ပါနေတယ်။ ပျော်စရာနောက်မှာ မြန်မာစစ်စစ် အမျိုးသမီးများ ပိုပြီးပျက်စီးရစရာရှိပါတယ်။ သူတို့လေးတွေကိုရင်းပြီး စီးပွါးရှာသူများ နိုင်ငံခြားငွေ ထောကြပါမယ်။

လာမဲ့ရွေးကောက်ပွဲအတွက် အခွင့်သာရေးကြိုးစားကြမဲ့ ပြည်တွင်းအင်အားစုတွေကလဲ အခွင့်အလမ်းရှာနိုင်ကြတယ်။ ဒါပေမဲ့ အာစီယန်ထဲကလူတွေက မဲပေးမှာမဟုတ်ပါခင်ဗျား။ လူထုကိုသာကြည့်ကြစေချင်ပါတယ်။ စီးပွါးရေးအတွက် အကွက်ချောင်းနေသူတွေမှာ အခွင့်သာစရာရှိတယ်။ ဒါကလဲ နိုင်ငံတကာနဲ့ စီးပွါးဘက် လုပ်နိုင်ကြသူတွေသာ အကွက်ဝင်ပါမယ်။ “လူကြီးမင်း မပါဝင်ပါ။”

ကနေ့ မြန်မာ့နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအခင်းအကျင်းမှာ မီဒီယာနဲ့ လူမှုအသင်းအပင်းတွေက တိုင်းပြည်ကို ပိုကောင်းစေအောင် အာစီယန်ဥက္ကဋ္ဌကာလမှာ ကြိုးစားကြစေချင်ပါတယ်။ ဒီနေရာတွေကသာ အသံထွက်ကြလို့ မေတ္ကာရပ်ခံရတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်တဲ့ နိုင်ငံရေးပါတီတွေ၊ နောက်ရောက်လာချင်သူတွေက အသံတိုးနေတယ်။ ငြိမ်းချမ်းရေး မဟာစီမံချက်ထဲမှာ ပါနေသူတွေလဲ အေးဆေးနေတာလောက်ကို ငြိမ်းချမ်းရေးလို့ ပြောကြရပါလိမ့်မယ်။ သံတမန်တွေကြား ပြောစကားမှန်သမျှ အလွန်ဆုံးမှန်ရင် တဝက်အပြင်မပိုပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၃