Tuesday, July 9, 2013

ဖါးကောက်ရင်း အိပ်မဖေါက်ကြပါနဲ့

• ဘာသာရေးအမြင်၊ လူမှုရေးအမြင်၊ နိုင်ငံရေးအမြင်၊ အမြင်မှန်သမျှကို ဒေါင်စုံကကြည့်နိုင်လေ အမှန်နဲ့နီးစပ်လေ ဖြစ်တယ်။ ဒါတောင်မှ “နှိုင်းရအမှန်” သာဖြစ်ပါအုံးမယ်။
• (တိုင်းမ်) မဂ္ဂဇင်းမျက်နှာဖုံးသတင်းဆောင်းပါးကနေ မြန်မာနဲ့ သိရိလင်္ကာကို တုန်လှုတ်သွားစေတယ်။ ထိုင်းမှာတော့ ထိုင်းဘုန်းကြီး ကိုယ်ပိုင်ဂျက်လေယာဉ်စီးတဲ့သတင်းလောက် တာမသွားဘူး။
• ဗုဒ္ဓဂယာမှာဗုံးကွဲလို့ ဘာသာရေးစစ်မြေပြင်ဟာ မြန်မာနိုင်ငံကနေ အိန္ဒိယဆီရောက်လာတော့တယ်။ အဆက်အစပ်ရှိတယ်လို့ မဆိုချင်ပါ။
• ဗုဒ္ဓဂယာမှာဗုံးကွဲကတည်းက အိန္ဒိယမီဒီယာမှာ ၂၄ နာရီထုတ်လွှင်တဲ့ တီဗွီတွေက သတင်းကို အပြိုင်အဆိုင် ထုတ်လွှင့် ပေးနေကြတယ်။ နေ့စဉ်သတင်းစာကြီးတွေမှာလဲ မျက်နှာဖုံးသတင်းဖြစ်လာတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာလဲ ဆက်တိုက်တင်ပေးနေတယ်။ ဒီလိုပြိဲင်ဆိုင်မှုမျိုးကို ကြိုဆိုပါတယ်။ မြန်မာတွေလဲ ပြိုင်တတ်လာအောင် ကြံဆောင်သင့်ကြပါတယ်။
• (တိုင်းမ်) ရေးတဲ့အမြင်ဟာ ဒေါင့်မစုံပါ။ ဒီလိုနဲ့ ပြဿနာအရင်းတည်ရာ မြန်မာနိုင်ငံက နိုင်ငံရေး သုံးသပ်သူအမြင်ကို နိုင်ငံတကာမှာ စိတ်ဝင်စားလာကြတယ်။
• ဗုဒ္ဓဂယာမှာ ဗုံးမကွဲခင်ကတည်းက မြန်မာပြည်မှာဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတယောက်ရဲ့ အမြင်ကို နိုင်ငံခြားသားတွေသိစေအောင် တတ်စွမ်းသမျှ ကြိုးစားနေခဲ့ပါတယ်။ နိုင်ငွခြားသား သတင်းရေးသူတွေ မြန်မာပြည်ထဲတော့ သွားကြည့်တာ၊ မေးတာတွေလုပ်ပေမဲ့ (တိုင်းမ်) ကိုဖတ်ပြီး မခံချင်တာကြောင့်လဲပါတယ်။
• ကျွန်တော့ထက် တော်တဲ့တတ်တဲ့၊ နိုင်ငံတကာ လက်လှမ်းမီကြတဲ့ စာရေးဆရာတွေ၊ သတင်းရေးသူတွေ၊ ပညာရှင်တွေက နိုင်ငံတကာကို သိစေအာင် ဘယ်လို ရေးကြသသလဲဆိုတာတေ့ လက်လှမ်းမမီပါ။ မြန်မာနိုင်ငံ မျက်နှာပန်းလှအောင်၊ ဘာသာတရားကိုလဲ အမြင်အမှားကင်းစေအောင် အားလုံးကနေ ဝိုင်းလုပ်သင့်ကြပါတယ်။
• ဘက်မလိုက်တဲ့အမြင်ဆိုတာ (မီဒီယာ) ရဲ့အလုပ်သာဖြစ်တယ်။ ဘာသာရေးမှာ ဟိုဘက်သည်ဘက် “ဒါမှဒါ” ဆိုသူတွေ ရှိတယ်။ နိုင်ငံရေးအမြင်ဆိုတာ နိုင်ငံအကျိုးစီးပွါးက မလွတ်ရပါ။
• ကျွန်တော်က စောင်းပေးတာက ကိုယ့်တိုင်းပြည်ရဲ့ လုံခြုံရေး၊ ဘာသာရေးမှာ သိက္ခာ၊ နိုင်ငံရေးမှာ နိုင်ငံနဲ့လူမျိုးရဲ့ အကျိုးစီးပွါးတွေသာ ဖြစ်ပါတယ်။
• ကျွန်တော့်အမြင်ကို အင်္ဂလိပ်လို စာတပုဒ်ရေးထား၊ အင်တာဗျူးတခု ပေးထားပြီးပါပြီ။ အိန္ဒိယမှာ စိတ်ဝင်စားမှုတွေကို နှိုးဆွပေးနိုင်လာပါတယ်။ နက်ဖြန် (နယူးယော့တိုင်းမ်) က လာတွေ့မယ်။ အိန္ဒိယပညာရှင် တယောက်ကိုလဲ အချိန်ပေးထားတယ်။ နောက် ၂ ပါတ်အတွင်း IIC အိန္ဒိယ နိုင်ငံတကာ စင်တာမှာ ဆွေးနွေးပွဲတခုလဲ လုပ်ပါအုံးမယ်။ အိန္ဒိယ (နောက်အစိုးရဖြစ်ဘို့လဲ အလားအလာရှိတဲ့) အတိုက်အခံပါတီကြီးရဲ့ Think tank ကနေ ဦးစီးလုပ်မှာပါ။ အရေးတိုင်းဟာ မြန်မာပြည်က ဘာသာရေး-နိုင်ငံရေးချည်းသာ ဖြစ်ပါမယ်။

• တချို့ကလူမြင်ရင် မျိုးစောင့်ဥပဒေ ဘက်ကလား၊ ဆန့်ကျင်သူလား အကဲဖြတ်နေကြပုံရတယ်။ မဖြေပြန်ရင် လိုချင်ရာဆွဲယူကြတယ်။ သိထားစေချင်တာက လူအများစုဟာ ဘယ်နိုင်ငံပါတီထဲမှ မဝင်ကြပါ။ ဒါပေမဲ့ မဲပေးစရာရှိရင် ကိုယ်ကြိုက်တာကိုယ် ပေးကြတာဟာ မြန်မာလူမျိုးရဲ့ အားကောင်းချက်ပါ။ ဘယ်သူ့ပေးခဲ့လဲ ထုတ်ပြောလေ့မရှိသူက ပိုများပါတယ်။
• ဗုဒ္ဓဂယာမှာ နိုင်ငံတကာက ဗုဒ္ဓဘာသာ သံဃာတော်တွေ ပရိတ်တရားရွတ်ဆိုတဲ့သတင်း တင်တဲ့အခါ “ဆုတောင်းပေးသူတွေထဲမှာ မြန်မာမွတ်ဆလင်လဲပါတယ်။ ဒေါ်စုကို ခွဲစိတ်ကုသပေးခဲ့တဲ့ အထူးကုဆရာဝန်မ တဦးကလဲ မြန်မာမွတ်ဆလင်ဖြစ်တယ်။ ဒါတွေကြောင့် ဘာတွေဖြစ်နေနေ “မြန်မာမွတ်ဆလင်” လို့ “တရားဝင်” ဟိုအရင်ကတည်းကခေါ်ပြီး၊ အတူလက်တွဲ နေထိုင် ပေါင်းသင်းခဲ့သူတွေကိုတော့ မဆိုင်ဘဲနဲ့ အပြစ်တင် မစောမိကြဘို့ တောင်းပန်လိုက်ပါတယ်။ လက်ညှိုးမကောင်းရင် လက်ညှိုးသာ ပြောသင့်ကြတယ်” လို့ မှတ်ချက် ပေးထားပါတယ်။ ဒါတောင်မှ လူဆိုဟာ ထာဝရကောင်းတယ်၊ အမြဲဆိုးတယ် ဆိုတာက ရှားတယ်။

• စည်းရုံးရေဆိုတာ ကိုယ့်ဘက်ပါပြီးသာလူတွေ ထွက်မသွားအောင်ရော၊ မပါသေးသူတွေ ကိုယ့်ဘက် ပါလာအောင်ပါ လုပ်ရတာဖြစ်ပါတယ်။ လွယ်တာတော့ မဟုတ်ပေမဲ့ မဖြစ်နိုင်တာလဲ မဟုတ်ပါ။
• အိပ်ပေါက်နဲ့တော့ ဖါးမကောက်ကြတာ သိပါတယ်။ မပေါက်သေးတဲ့အိပ်ကိုတော့ မဖေါက်ကြစေချင်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၃