Wednesday, June 26, 2013

ဆရာရေ ပြည်တွင်းမှတော့ ဗွက်ပေါက်ကုန်ပြီ

• ကလေးယူခွင့် ကန့်သတ်တာဟာ လူ့အခွင့်အရေးသမားက လူ့အခွင့်အရေးနဲ့မညီဘူးပြောတယ်။ အမျိုးသမီး အခွင့်အရေးသမားက အမျိုးသမီးအခွင့်အရေးနဲ့ မညီဘူးပြောတယ်။ ကျွန်တော်ကလဲ မျက်မှန်ဥပမာနဲ့ ဗွက်တောထဲမှာ ရေရောပေးလိုက်တယ်။
• အစိုးရကနေ မဂ္ဂဇင်း တင်သွင်း-ရောင်းချ-ဖြန်ချိခွင့် ပိတ်လိုက်တာာကို မီဒီယာသမားကနေ စိုးရိမ်တယ်လို့ ပြောတယ်။ ဒါကလဲ သူ့ပါဝါကိုက်မျက်မှန်တပ်ထားတဲ့သူတွေက ကြည့်တာပါဘဲ။
• ပီအာရ်စနစ်ကိုလဲ တချို့ကကောင်းတယ်။ တချို့ကကန့်ကွက်တယ်။ ကျွန်တော်လဲ (ပရီမီယာလိခ်) ဘောလုံးပွဲတွေ နားနေတုံးမှာ ဥပမာအဖြစ်သုံးလိုက်ပါတယ်။
• မျိုးစောင့်ဥပဒေဆိုတာကို ထောက်ခံတယ်၊ ကန့်ကွက်တယ်ဆိုတာကို မမေးပဲဖြေနေကြတယ်။ ဓမ္မဒိဋ္ဌာန် မေးခွန်းမျိုးကို စာမေးပွဲနဲ့ အလုပ်လျှောက်ရာမှာ မကြာခဏ အတွေ့အကြုံတွေ ရှိကြလို့နဲ့တူပါတယ်။ ဒါပေမဲ့ဗျာ မေးမှသာ ဖြေရတာပါ။
• ဗိုလ်လိုပြောရရင် အခုအဆင့်ဟာ (ဖလုတ်) လုပ်နေတာ။ လေထဲဝဲပြနေတာပါ။ လေယာဉ် အောက်မဆင်းခင် တက်လိုက်ချင်နေကြတယ်။ မဲပေးခိုင်းနေတာလဲ မဟုတ်ပါ။ ဥပဒေမည်သည် လွှတ်တော်ထဲ လေယာဉ်ဆင်းမှသာ မဲခွဲမှာပါ။ သူလိုကိုယ်လို လူတွေ အဖို့တော့ မဲထည့်ခွင့်ရအောင် ဆန္ဒခံယူပွဲလုပ်ပါစေသာ ဆုတောင်းရမယ်။ (ဒါတောင် ကိုယ်မပါနိုင်ဘူး။)
• “ဥပဒေဆိုတာ အားလုံးအပေါ်မှာ ညီတူမျှတူဖြစ်ရမယ်တဲ့။” မြန်မာပြည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဥပဒေပြုခွင့်ရှိတာ လွှတ်တော်ပေါင်း (၂ + ၁၄) ၁၆ ခုရှိတယ် မဟုတ်လား။ တခုနဲ့တခု မတူလဲရတယ်။ ပြည်ထောင်စုကြီးမှာ နေရာ ဒေသအလိုက်၊ လူတွေ၊ ဘာသာတွေ၊ လိုအပ်ချက်တွေ၊ အကြိုက်တွေ မတူကြဘူး။
• မရဘူးကွာဆိုလဲ ဘာပူစရာရှိလဲ။ ဒီနိုင်ငံမှာ (အာလ်ထွာဆောင်း) ရိုက်ပြီး ဗိုက်ထဲကကလေး ကျား-မ ခွဲမပေးရလို့ ဥပဒေလုပ်ထားတော့ တဖက်နိုင်ငံ တခေါက်လောက်သွား ရတာပေါ့။ ခေါင်းပြီးခြုံနဲ့သာနေရတဲ့နိုင်ငံက မိန်းကလေးတွေ လေယာဉ် မြေပြင်က မတက်ရသေးဘူး အတိုနဲ့ ဂျင်းနဲ့လဲဝတ်ပြီးကြပြီ။ ဥပဒေလေးနဲ့များ အချင်းချင်း စစ်ခင်းနေရသလို့။
• “ရှစ်လေးလုံးသတင်း” ထွက်လာတယ်။ ကျွန်တော်တော့ အနှစ် ၂ဝ အတွင်းမှာ ကျောင်းသားဆိုတာ နိုင်ငံရေးမှာ ရှေ့တန်းက ထွက်နိုင်ခဲ့တဲ့ ပြောင်မြောက်တဲ့ သမိုင်းကို ဘယ်အဖွဲ့မှာ ဘယ်သူဥက္ကဋ္ဌဖြစ်လာလာ၊ အသိအမှတ်ပြုတာနဲ့ လေးစာတာကို လျှော့မချပါ။ ၁၉၈၈ ကိုလည်း အတူတူဘဲ၊ ၂ဝဝ၇ ကိုလဲ အတူတူဘဲ။ ရှစ်လေးလုံးကိုလဲ နှစ်လုံးစီခွဲယူကြလဲ တန်ဘိုးထားမှုနဲ့ လေးစားမှုကို ရေရောမပြစ်ပါ။ စဉ်းစားကြပေါ့ဗျာ။
• မိုးရာသီမှာ မြေလမ်းဗွက်ပေါက်တာ သိပ်မပူပင်ချင်ပါ။ ကျောက်ခင်းလမ်းအဆင့်တက်နိုင်ဘို့ရာ NLD ကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားနေပါတယ်။
• ပြည်ခိုင်ဖြိုးကလဲ လက်ရှိချန်ပီယံမို့ ဗျူဟာသစ်တွေနဲ့ အသင်းမန်နေဂျာ ကြိုးစားနေပါတယ်။ ခုံတန်းမှာ အထိုင်ခိုင်းထားတာက အားမွေးဘို့ပါ။
• ဆွဲစားတာခံကြမလား၊ ခွဲခြားတာခံကြမလား။ ရွံ့ပေနေ ရေဆေးလိုက်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၃