Sunday, June 30, 2013

ဖေ့စ်ဘွတ် သံဝေဂလင်္ကာ

ဖေ့စ်ဘွတ်မှာ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးပြီးတင်ရတာက၊ နိုင်ငံရေးတွေ ဘာသာရေးတွေနဲ့ မခြားဘူး။
လူတယောက်ကနေ မေးလာတာကို ဖြေရင်း၊ အကျိုးအကြောင်း အဆိုးအကောင်းလေးတွေ ရေးရတယ်။ မေးတဲ့သူတွေက ခံစားနေရလို့ မေးကြတာရော၊ ကြော်ညာမှာပါလာလို့ ပိုသိချင်တာနဲ့ မေးကြတာရောရှိတယ်။
ဆေးစာလေးရေး တင်လိုက်ရင် “ဟာ အရေးတကာ့အရေးထဲမှာ ဒါအရေးအကြီးဆုံးးဘဲ” လို့ ထင်ကြသူတွေရှိတယ်။ ဆေးအမယ်သစ်လေးတခုမေးလို့ ရေးရင်လဲ “ဒိထက်ကောင်းတာ မရှိသလောက်” အားကိုးချင်သူတွေ ရှိတယ်။

မေးတဲ့သူတချို့ကလဲ ကြော်ညာရဲ့ဆွဲဆောင်မှုမှာ မဆွတ်ခင်ကြ ညွတ်ချင်နေကြတာမို့ ဒီအားဆေးရဲ့ အစွမ်းသတ္တိတွေကို စီကာစဉ်ကာ ရေးပြတော့ အပြေးသွားဝယ်ချင်သူတွေရှိတယ်။ အရောင်းသမားတွေကလဲ လူ့စိတ်သဘောကို နောကျေနေသူတွေ ဖြစ်တယ်။
ဟာဗယ်ဆေး၊ ရိုးရာဆေး၊ အာယုဗေဒဆေး၊ ဘိုးတော်ကြီး ဖေါ်တဲ့ဆေး၊ ကိုယ်တော်ကြီး စမ်းသပ်တွေ့တဲ့ဆေး၊ မက်ဂျစ် ဆေးတွေမှာ သုတေသန လုပ်ထားတာ မရှိတာမို့ ဘေးထွက်-ဆိုးကျိုး။ ထိရောက်မှုကို ဆေးပညာကို သိပ္ပံနည်းကျ သင်ခဲ့ရသူတွေအဖို့ ထောက်ခံချက်ပေးဘို့ မဖြစ်နိုင်ပါ။ ဆေးအရောင်းလက်ကမ်းစာ၊ ဝက်ဆိုက်တွေမှာလဲ ဘယ်သူက ကိုယ့်ပစ္စည်းရဲ့ အားနည်းချက်ကို ထည့်ရေးမှာလဲ။ “မပါတာဟာ မရှိတာ၊ မဖြစ်တာလို့ ကောက်ချက်မချရပါ။”
ကျွန်တော်တို့လို ဆေးပညာသင်ထားသူတွေကနေ ဘိုးစဉ်ဘောင်ဆက် သုံးလာခဲ့တဲ့ ဗီတာမင် အေ၊ ဘီ၊ စီတွေ၊ ရောဂါလက္ခဏာ သက်သာဆေးတွေဆိုရင် ထူးပြီးရေးနေစရာမလိုတာမို့ ကောင်းပါလျှက် စွမ်းပါလျှက်ကနဲ့ ပြတိုက်ထဲက အမယ်လို့ ထင်သူတွေက ထင်မှတ်ကြတယ်။ နာမည်သစ်လေးပေး၊ အရောင်လေးဆိုး၊ ဗူးခွံလှလှနဲ့၊ ကြော်ညာမင်းသမီး ချောချောလေးနဲ့မှ အဟုတ်မှတ်ကြသူတွေ များလာတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အရေးအကြီးဆုံး သံဓါတ်၊ ဗီတာမင် (ဘီ) နဲ့ ဖေါလစ်အက်စစ် ဆေးအစစ်ကို ဈေးချိုချိုနဲ့ မြို့တိုင်း ဆိုင်တိုင်းမှာ ဝယ်လို့ရတယ်။ ဒါပေမဲ့ ရက်စွဲလွန်ရက် ကောင်းပါလျှက်ကနဲ့ “ဒိတ်အောက်” ခေတ်နောက်ကျတဲ့ အမျိုးလို့ ထင်သူတွေက ထင်ကြတယ်။

သစ်ရင် အဟုတ်ထင်၊ ဆန်းရင် ကြိုက်ချင်သူတွေက အများသား။ လိမ်ရတာက အတော်ကိုလွယ်ပါလားလို့ သိသိလာတယ်။

အခုတင်နေကြတဲ့ ဘာသာရေး အဆိုးအကောင်းတွေကိုဖတ်ပြီး၊ မိရိုးဖလာ တည်မြဲခိုင်ခန့်ခဲ့တာတွေကို မေ့သွားစေတယ်။ အခုဖတ်ရတာမှ တကယ့်ဟာလို့ ထင်မှတ်ပြီးသကာလ မှတ်ချက်ပေးမယ်၊ ကန့်ကွက်ရေးမယ်။ တွဲမယ်၊ ဆဲမယ်။ သူများ အဝေဖန်ခံရသူကို မြောင်း (ကိုယ်တူးထားတဲ့မြောင်း) ထဲထည့်လိုက်မယ်။ ရောင်းသလား၊ ဝယ်မယ်။
ဖေ့စ်ဘွတ်ဟာ တရက်မခံပါ။ တမနက်လဲ မခံတဲ့ဟာတွေက မခံဘူ။ ခုမြင်ခုပျောက် ယူတတ်ရင် တရားသဘော ပေါက်နိုင်လောက်တယ်။
အော့့် “ရေပွက်ပမာ တသက်လျာတည်း”

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၃