Monday, July 1, 2013

ကိုယ်ပိုင်မျက်စိနဲ့ကြည့်ခြင်း

(မြန်မာပြည်မှာ ဖြစ်နေတာတွေကို နိုင်ငံတကာမီဒီယာများလဲ တင်ပြနေကြတယ်။ အခုဖြစ်နေဆဲ ဘာသာရေးအခြေခံ အကြောင်းတွေကို သူတို့တင်ဆက်တာ၊ ဝေဖန်တာတွေဟာ တကယ့်အရှိတရားနဲ့ ကွာသလားလို့ ထင်တာနဲ့ အင်္ဂလိပ်လို တပုဒ်ရေးပို့လိုက်ပါတယ်။ အဲဒါကို မြန်မာလိုပြန်ရေးပါရစေ။ နိုင်ငံတကာ (နိုင်ငံခြားသား) ကို ထုချေတဲ့ သဘောလဲ ဖြစ်တယ်။ တပြိုက်နက်တည်းမှာ နိုင်ငံတကာစံတွေကိုသုံးပြီး (မြန်မာပြည်သား) တွေလဲ ချိန်ထိုးနေကြတာမို့ မြန်မာလိုပါ ရေးရတာလဲ ဖြစ်ပါတယ်။)

(တိုင်းမ်) မဂ္ဂဇင်းက “တိုင်းမ် ဗုန်း” နဲ့တူတယ်။ သူ့သက်ရောက်မှုတွေက အလှမ်းရှည်သလားမမေးနဲ့၊ တစောင်မှ ပြည်တွင်းထဲ မရောင်းရသေးခင်မှာ အဝေးကြီးအထိ တွန်းပို့လိုက်နိုင်တယ်။ မီဒီယာအားကောင်းချက်ကတော့ မီးကိုလဲ ငြိမ်းသတ်ပေးနိုင်သလို မြန်မာပြည်မှာ လောင်နေတာကိုလဲ လောင်စာထိုးပေးနိုင်တယ်။

ရာစုနှစ်တဝက်ကြာ ဆုံးရှုံးခဲ့ရတာတွေကို ရင်းစားရဘို့ ကြိုးစားနေရချိန်မှာ မမျှော်လင့်တာတွေရော တွက်ချက်ပြီးယူရတဲ့ အန္တရာယ်တွေဟာ နေ့တိုင်းမဟုတ်တောင် ရက်သတ္တပါတ်တိုင်းမှာ ဖြစ်ပျက်နေတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ မီဒီယာ လွတ်လပ်ခွင့်တွေဟာ ကျေနပ်လောက်အောင် မဟုတ်သေးပေမဲ့ အားတက်စရာတော့ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်လာရင်တော့ ကမ္ဘာကနေ ၂ဝ၁၂ ဇွန်လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုကို မြင်ခဲ့ကြရတယ်။ ကံဆိုးလှတဲ့ အဖြစ်အပျက်တွေ တန်းစီပြီးဖြစ်လာမဲ့အရာကို စနက်တံဖြုတ်သလို ဖြစ်ခဲ့စေတာကတော့ ၂၆-၅-၂ဝ၁၂ နေ့မှာ ရခိုင်အမျိုးသမီးတဦးကို ဒေသခံမွတ်ဆလင်ဘာသာဝင် ယောက်ျားတွေကနေ အုပ်စုလိုက် အဓမ္မကျင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ လူပုဂ္ဂိုလ်တဦးဟာ သမိုင်းဝင်အဖြစ်အပျက်တွေမှာ ကဗျည်းတပ်ခံရလေ့ရှိပါတယ်။ ဗြိတိသျှ အစိုးရကနေ ကြိုးပေးကွပ်မြက်ခံခဲ့ရတဲ့ သ္ခင်ဘိုးလှကြီးဟာ အလုပ်သမား ဆရာစံက တောင်သူလယ်သမား လှုပ်ရှားမှုတွေမှာ သူရဲ့ကောင်းတွေ ဖြစ်တယ်။ ဗြိတိသျှပုလိပ်ကနေ တုတ်နဲ့ရိုက်လို့ ကွယ်လွန်ခဲ့တဲ့ ဗိုလ်အောင်ကျော်ဟာ ကျောင်းသားလှုပ်ရှားမှုရဲ့ သူရဲ့ကောင်း ဖြစ်တယ်။ မြန်မာစစ်တပ်က ပဌမဆုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ကိုဖုန်းမော်ဟာ ဒီမိုကရေစီလှုပ်ရှားမှုမှာ အာဇာနည် ဖြစ်လာတယ်။ မသီတာထွေးကတော့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အဓိကရုဏ်းမှာ တန်ဆာခံဖြစ်ရရှာတယ်။ ဒါပေမဲ့ ကမ္ဘာက မေ့သွားလောက်ပါပြီ။

မှန်ပါတယ် လူနည်းစုတွေဟာ တကမ္ဘာလုံးမှာ အနှိမ်ခံနေကြရပါတယ်။ မြန်မာနိုင်ငံမှာသာ မဟုတ်ပါ။ ၉ဝ% ဗုဒ္ဓဘာသာရှိတဲ့ မြန်မာပြည်ထဲမှာ၊ တိတိကျကျဆိုရရင် ၉၅% ဗုဒ္ဓဘာသာရှိတဲ့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေဟာ လူနည်းစုလေးသာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ပြဿနာပေါက်ဖွါးရာဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်းတော မြို့နယ်နှစ်ခုမှာတော့ ဗုဒ္ဓဘာသာဝင်တွေက လူနည်းစုပါ။

(တိုင်းမ်) မဂ္ဂဇင်းအဖုံးနဲ့ ဆောင်းပါးနှစ်ခုလုံးကို တုန့်ပြန်မှုတွေ အတော်ကြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပါတယ်။ မြန်မာဘာသာနဲ့ ထုတ်လွှင့်ကြတဲ့ (ဘီဘီစီ)၊ (ဗွီအိုအေ)၊ (အာရ်အက်ဖ်အေ) နဲ့ (ဒီဗွီဘီ) ရေဒီိယိုတွေကနေ စကားဝိုင်း ဆွေးနွေးခန်းနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ တင်ဆက်ကြပါတယ်။ ပြည်တွင်းပုံနှိပ်မီဒီယာများကလဲ အကျယ်တဝံ့ ဖေါ်ပြေပေးကြပါတယ်။ (ဖေ့စ်ဘွတ်) မှာတော့ စိတ်ကူးကောင်းတဲ့ ဘာသာရေးအယူအဆတွေရော ရင့်သီးတဲ့ အသုံးအနှုန်းတွေပါ ရောထွေးနေတာဟာ အခုစာရေးနေချိန်အထိ မိနစ်တိုင်းမှာ ဖတ်နိုင်ပါတယ်။ “(ဖေ့စ်ဘွတ်) ဟာ တကယ့်ကို ဗွက်ထနေတာပါ။”

အခွင့်အရေးများအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကနေ ရောထွေးနေတဲ့ မှတ်ချက်တွေ ပေးကြပါတယ်။ “သဘောတူတယ်”။ “သဘောမတူဘူး”။ ဦးဝီရသူကတော့ သတင်းရေးသူဟာ သူ့အင်တာဗျူးကို တမျိုးတမည် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ အစိုးရကနေ (တိုင်းမ်) ထုတ်ဝေဖြန့်ချိခွင့်ကို ပိတ်လိုက်တဲ့အခါ မြန်မာ့မီဒီယာက သတင်းလွတ်လပ်ခွင့်ဘက်ကနေ စိုးရိမ်ကြောင်း တယောက်ပြီးတယောက် ထုတ်ပြောကြတယ်။ မြန်မာမီဒီယာ အတော်ကို အပြေးသန်ပါလားလို့ အကဲဖြတ်မိပါတော့တယ်။ အစိုးရကမကြာမကြာ၊ မီဒီယာက တခါတခါ လူအများစုနဲ့ မတူတတ်ပါ။

စစ်အစိုးရကိုသာ ကျေးဇူးတင်ရမလိုဖြစ်စေတာကတော့ လူတွေဟာ ဘယ်နေရာမှာ ဘာဖြစ်ဖြစ် သံသယမျက်လုံးတွေနဲ့သာ ကြည့်တဲ့အလေ့အထ ရနေကြပါပြီ။ အစိုးရကနေ ဘာလုပ်လိုက် လုပ်လိုက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ်၊ လုပ်တာက ကောင်းအုံးတော့လဲ “ဘာလို့ ဒီလိုလုပ်တာလဲ”၊ “နောက်ကွယ်မှာ ဘာရှိလဲ” လို့ အမြဲစဉ်းစားကြတယ်။ ယုံကြည်မှု ကွာခြားချက်က နက်လှပါသေးတယ်။ မြန်မာနိုင်ငံမှာ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ဘူးပါတယ်။ ဥပမာ ၁၉၃ဝ နဲ့ ၁၉၃၈ ကုလား-ဗမာအဓိကရုဏ်း။ ဒါပေမဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်စပြီး၊ ၁၉၆၇ တရုပ်-ဗမာ အဓိကရုဏ်း အပါအဝင် ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကိုတော့ စစ်အုပ်စုကနေ နိုင်ငံရေး၊ စီးပွါးရေအစရှိတဲ့ ပြဿနာတွေကနေ လူတွေကို အာရုံပြောင်းစေအောင် တမင်တကာ ဖန်တီးတာဘဲလို့ ယူဆသူကများပါတယ်။

ဒါကြောင့်ဖြစ်ပါမယ်၊ အခုဖြစ်နေတဲ့ ဘာသာရေးအခြေခံ အကြမ်းဖက်မှုတွေမှာ ဘုန်းကြီးတွေဘက်ကနေ မလိုက်သူတွေဟာ အစိုးရအလိုတော်ရိတွေလို့ သံသယရှိကြသလို၊ ဒီလိုပြဿနာဖြစ်ရတာလဲ အစိုးရပါတီရဲ့လက်ချက် ကင်းပါရဲ့လားလို့ သိချင်နေကြပါတယ်။ ဒီအချက်ကလဲ မဟုတ်ဘူးပြောဘို့ ခက်တာက ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကလဲ သိပ်မဝေးတော့တဲ့အချက် ဖြစ်ပါတယ်။ လောလာဆယ်မှာဘဲ အာဏာရပါတီအာဘော် ပြည်ထောင်စု နေ့စဉ်သတင်းစာမှာ ဝန်ကြီးချုပ်ဟောင်းနဲ့ ထောက်လှမ်းရေချုပ်ဟောင်းရဲ့သတင်းကို ဖေါ်ပြလာပြန်ပါတယ်။ ၁၉၆၂ ကနေ ၂ဝ၁ဝ အထိ (မဆလ)၊ (နဝတ) နဲ့ (နအဖ) လက်ထက်တွေတိုင်းမှာ လူအများမသိအောင် လုပ်ခဲ့တဲ့ အော်ပရေးရှင်းတွေမှာ ထောက်လှမ်းရေးကနေ လှို့ဝှက်လုပ်တာတွေလို့ လူထုက အခိုင်အမာ ယူဆထားကြပါတယ်။

အခက်ခဲဆုံး မေးခွန်းကြီးကတော့ မျက်နှာဖုံးရှင် ဘုန်းကြီးဟာ “ဟီးရိုး” လား၊ “ဗီလိန်” လားဆိုတာပါ။ နောက်ပြီး (တိုင်းမ်) ဆောင်းပါးဟာ မျှတသလား၊ အချက်အလက်မှန်ပါရဲ့လားလို့လဲ စကားစစ်ထိုးနေကြဆဲပါ။ မြန်မာလူထု အများစုကတော့ မျက်နှာဖုံးစာတမ်းဖြစ်တဲ့ “အကြမ်းဖက် ဗုဒ္ဓဘာသာဝင်ရဲ့ မျက်နှာ” ဆိုတာဟာ ဗုဒ္ဓဘာသာတခုလုံးကို စော်ကားတယ်လို့ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့လဲ ဆောင်းပါးကို သဘောမတူဘူးလို့ မပြောနိုင်သူတွေလဲ ရှိပါတယ်။ သူတို့ကိုတော့ နိုင်ငံခြားကနေ (အင်ပို့) လုပ်ထားတဲ့ မျက်မှန်နဲ့တပ်ကြည့်ပြီး သဘာဝမျက်လုံးနဲ့ မကြည့်ကြသူတွေလို့ အထင်ရှိကြပါတယ်။

လက်စားခြေမှုကို မလေးရှားမှာ အလုပ်သွားလုပ်နေရသူ မြန်မာနိုင်ငံသားများအကြားမှာ တွေ့ခဲ့ရပါပြီ။ ခံရသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်လို့ ထင်မှတ်ခံရသူတွေ ဖြစ်ပါတယ်။ နောင်တရစရာ ကောင်းတာကတော နှစ်ရှည်လများ အေးအေးချမ်းချမ်း ဗုဒ္ဓဘာသာဝင်တွေနဲ့ အတူတူနေထိုင်းလာခဲ့ကြတဲ့ မြန်မာမွတ်ဆလင်များဖြစ်ပါတယ်။ သူတို့မှာ ငြိမ်နေကြပါတော့တယ်။ ဇာတ်လမ်းကဆုံးသေးမှာ မဟုတ်လောက်ပါ။ ဗုဒ္ဓဘာသာဝင်တွေဘက်ကနေ လုပ်ပြီးတာတွေအပြင် လုပ်နိုင်စရာတွေ လာနိုင်ပါသေးတယ်။ နောက်ဆုံးသာဓကတခုကတော့ ၂၇-၆-၂ဝ၁၃ နေ့မှာ မိုဘိုင်း တယ်လီဖုန်း လိုင်စင်ကို ကာတာနိုင်ငံက ကုမ္ပဏီတခုကို ချပေးလိုက်တာကို မွတ်ဆလင်နိုင်ငံကဖြစ်တယ်ဆိုပြီး စိတ်ဆိုးသူတွေက ဆိုးကြတာကို ဖေ့စ်ဘွတ်မှ ဖတ်နိုင်ပါတယ်။

၂၇-၆-၂ဝ၁၃ နေ့မှာဘဲ သံဃာတော် ၁၅ဝဝ တက်ပြီး တိုင်းပြည်တဝှမ်း လေးစားအားထားတဲ့ ဆရာတော်တွေပါ တက်တဲ့ အစည်းအဝေးကြီးကနေ (တိုင်းမ်မဂ္ဂဇင်း) ကို ရှုံ့ချလိုက်ပြီး၊ မျိုးစောင့်ဥပဒေကြမ်းဆိုတာကို ထောက်ခံမှုရအောင် လုပ်ဘို့ သန္နိဋ္ဌာန်ချလိုက်ကြပါတယ်။ ဒေသဆိုင်ရာအစိုးရကနေ ဘင်္ဂါလီအမျိုးသမီးတွေကို ကလေး ၂ ယောက်ထက်ပိုမယူရလို့ လုပ်မဲ့သတင်း ထွက်တဲ့အချိန်မှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် လှုတ်ရှားနေသူတွေက ကျယ်ကျယ် လောင်လောင် ကန့်ကွက်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်ကတော့ ဥပဒေတရပ်ဟာ အားလုံးကို ညီတူမျှတူ ဖြစ်သင့်တယ်လို့ မူသဘောကို ထောက်ပြခဲ့ပါတယ်။

ပြင်ဆင်ဘို့ရာ တောင်းဆိုမှုတွေများများလာနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေပြုနိုင်တဲ့ လွှတ်တော်ပေါင်း (၁၆) ခုရှိတာပါ။ မတူခြားနာမှုတွေ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်မူသာ သင့်တယ်လို့ တင်ပြထားတာ ကြာပါပြီ။ လူအမျိုးမျိုး၊ သဘာဝအမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုးနဲ့ လိုအပ်ချက်အမျိုးမျိုးတွေဟာ နေရာဒေသတိုင်းမှာ မတူတာမို့ ဥပဒေတရပ်ဟာ အားလုံးကို လွှမ်းခြုံသင်တယ်ဆိုတာ ဖြစ်နိုင်တာရော မဖြစ်နိုင်တာပါ ရှိပါလိမ့်မယ်။ တတိုင်းပြည်လုံးအတူတူ၊ တကမ္ဘာလုံးအတူတူဆိုတဲ့သဘောဟာ (ယူနစ်ထရီ) တပြည်ထောင်မူနဲ့ သွားတူနေပါတယ်။

ရခိုင်မှာဖြစ်ခဲ့တာအပေါ်မှာ ကမ္ဘာ့တုန့်ပြန်မှုဟာ ထင်မှတ်ထားတာထက် အဆကြီးမားခဲ့ပါတယ်။ ဒါဟာ တရားခံလို့ ယူဆနိုင်တယ်။ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို နိုင်ငံခြားသားတွေကနေ ပြင်ဘို့တောင်းဆိုလာကြတယ်။ ကုလသမဂ္ဂလဲ ပါတယ်။ ဗုဒ္ဓဘာသာဝင် မခံချင်သူတွေဘက်က ကြည့်ရင် “ဗုဒ္ဓဘာသာဟာ ခြိမ်းခြောက်ခံလာနေရပြီ၊ နယ်စပ်တွေကနေ ကျူးကျော်စော်ကားလာနေပြီ” လို့ မှတ်ယူလာကြပြီးသကာလ ဒါကိုကာကွယ်ချိန်ကျပြီလို့ ယူဆလာစေပါတော့တယ်။ သူတို့က ခန္တီနဲ့ မေတ္တာတရားကို တချို့သူတွေကနေ ငွေအင်အားနဲ့ တလွဲအသုံးချနေကြပြီလို့ မှတ်ယူလာကြတယ်။ တိုင်းပြည်အချုပ်အခြာနဲ့ ဘာသာတရားကိုပါ ထိပါးလာနေပြီလို့ ထင်ကြပါတယ်။ အဖြစ်မှန်ထဲမှာ သေကျေ ထိခိုက်ခံရသူတွေထဲမှာ ဗုဒ္ဓဘာသာ မဟုတ်သူတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကြောင့် ဗုဒ္ဓဘာသာကို အကျည်းတန်စေပြီး၊ တိုင်းပြည်နာမည်ကိုပါ ထိခိုက်လာစေပါတော့တယ်။

အဆိုပြုထားတဲ့ မျိုးစောင့်ဥပဒေအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ဟာ ဘာသာခြားကို လက်ထပ်ပေမဲ့ သူ့ဘာသာကနေ အတင်းပြောင်းခွင့်ကို ပိတ်ပင်ထားပါမယ်။ တက်ကြွလှုတ်ရှားသူတွေက ဒါဟာ ခွဲခြားဆက်ဆံမှု ဖြစ်တယ်လို့ ကန့်ကွက်ကြပါတယ်။ လက်တွေ့မှာတော့ ဗုဒ္ဓဘာသာဝင် သတို့သားကနေဖြစ်ဖြစ်၊ သတို့သမီးကနေဖြစ်ဖြစ် သူ့ကိုယူရင် ဗုဒ္ဓဘာသာကိုသာဝင်ရမယ်လို့ လူကိုယ်တိုင်ကရော၊ လက်ရှိတည်ဆဲဥပဒေကပါ အတင်းအကြပ် မလုပ်ပါ။ ပြောင်းပြန်အဖြစ်တွေသာ တကယ်ရှိနေပါတယ်။ ဗုဒ္ဓဘာသာမိသားစုထဲမှာ တယောက်တည်းဖြစ်နေရင် ဖိအားတော့ ရှိချင် ရှိမှာပေါ့။

ဘုန်းတော်ကြီးတွေကနေ “ဒီဥပဒေကြမ်းဟာ အမျိုးသမီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဘက်ကနေ အကာကွယ်ပေးတာ” လို့ ရှင်းထားပါတယ်။ ထောက်ခံတယ်၊ မထောက်ခံဘူး၊ မပြောသေးပါ။ ဝေဖန်သမှုပြုတဲ့အခါမှာ အမေမွေးမျက်စိနဲ့၊ တည့်တည့် ကြည့်သင့်ကြောင်းကိုသာ ရေးပါတယ်။ ကျွန်တော့် (စီနီယာ) တချို့နဲ့လဲ ကွဲလွဲချင် ကွဲလွဲနေပါလိမ့်မယ်။

မြောက်အမေရိကားနဲ့ ဥရောပတိုင်းပြည်တွေမှာ ဘယ်နေရာမှာ ဘာဖြစ်လာလာ ရင်ဆိုင်ကျော်လွှားဘို့အတွက် အားလုံး ပြင်ဆင်ထားပြီးဖြစ်နေကြပါပြီ။ မြန်မာနိုင်ငံကတော့ မပြင်နိုင်သေးပါ။ ဒီကနေ မြန်မာနိုင်ငံဟာ “ယူနီဗာဆယ်စံတွေ”၊ “ဂလိုဘယ် ကိုက်တံတွေ” နဲ့တိုင်းရင် အံမဝင်သေးတဲ့ဘဝမှာသာ ရှိပါသေးတယ်။ အသေခံဗုံးခွဲမှုတွေဖြစ်ဖြစ်၊ (ဒရုမ်း) ဗုံးကျဲတာဖြစ်ဖြစ်ဟာ မြန်မာပြည်မှာ နေရာမရှိသင့်ပါ။ “ထင်မြင်မှတ်ယူနေတဲ့ ဘာသာရေးအန္တရာယ်ဆိုတာ တကယ်မရှိဘူးလို့ သေချာတဲ့နေ့မှာ ဗုဒ္ဓဘာသာတက်ကြွလှုပ်ရှားမှုဟာ အလိုလို အေးဆေးသွားစရာအကြောင်း ရှိပါတယ်။”

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၃