Wednesday, June 26, 2013

ရွေးကောက်ပွဲနဲ့ ဘောလုံးပွဲ အတူတူပါဘဲ

• အုပ်စိုးသူဆိုတာ မယုံရပါလားဆိုတဲ့ ဘဝပေးအသိရှိထားကတဲ့ လူတွေဟာ ဘာဖြစ်ဖြစ် တန်းမယုံကြည်နိုင်တဲ့ အလေ့အထ ရှိနေကြလို့ PR ကိုလဲ မျက်စိဒေါက်ထောက်ကြည့်နေကြတယ်။ နောက်ကွယ်မှာ ဘာရှိသလဲလို့ ဆန်းစစ်နေကြတယ်။ ဘာသာရေးကိစ္စဖြစ်လာတာဟာ အာဏာရှင်စနစ် ပြန်ထူထောင်ချင်လို့ဆိုတဲ့ ပညာရှင် အမြင်တခုဆိုတာ ထွက်လာတယ်။
• PR ရွေးကောက်ပွဲစနစ်ဟာ “နိုင်ငံရေးပါတီဦးစားပေး နိုင်ငံရေးလုပ်နည်း” ဖြစ်တယ်။
• PR ဆိုတာထဲမှာ အမျိုးအစား အလွန်များတယ်။ Party-list proportional representation ပါတီကနေသာ လွှတ်တော်အမတ် ရွေးပေးနည်းစနစ်၊ Open list ဖွင့်ထားတဲ့စနစ်၊ Closed list ပိတ်ထားတဲ့စနစ် စတာတွေ ရှိတယ်။
• စနစ်ဆိုတာတွေ၊ အဆိုးအကောင်းဆိုတာတွေကို လေ့လာဘို့၊ သင့်-မသင့်၊ ကြိုက်-မကြိုက်တို့အတွက် အချိန်တွေ အများကြီးလိုတယ်။ လုပ်ပြီးမှ ပြင်နေရအုံးမယ်။
• ကမ္ဘောဒီးယားမှာ ဒီမိုကရေစီနည်းကျ ပထမဆုံးလုပ်တဲ့ ၁၉၉၈ ရွေးကောက်ပွဲကို လေ့လာခွင့် ရဘူးတယ်။ တာဝန်ကျတာက တောနယ်တွေမှာဖြစ်တယ်။ လူတွေက မဲပေးပြီးနောက် မဲနိုင်အရှုံးသာ သိရပေမဲ့ အမတ်နာမည်ကို မသိရသေးဘူး။ PR စနစ်အရ စောင့်နေကြရတယ်။ ကျွန်တော်လို နိုင်ငံတကာလေ့လာသူ တယောက်တောင်မှ မျက်မှောက်ကုပ်ပြီး စဉ်းစားခဲ့ရတယ်။
• PR စနစ်မှာ ကောင်းချက်တွေလဲရှိပါတယ်။ နိုင်ငံရေးပါတီတွေမှာ ပိုပြီးအခွင့်အဏာရစေတယ်။ ပါတီ ဥက္ကဋ္ဌဟာ (ကင်းမိတ်ကာ) ဖြစ်လာနိုင်တယ်။
• PR ကို တိုင်းရင်းသားပါတီတချို့နဲ့ NLD က လက်မခံလို့ ပြောလိုက်ပြီ။ PR ကို ကြံ့ခိုင်ရေးကလဲ ထိုင်းစနစ်ကကောင်းသလိုလိုဆိုပြီး၊ မျက်စပြစ်ထားပါတယ်။ USDP က လက်ခံတယ်ဆိုရင် တမျိုးဖြစ်မှာ သေချာတယ်။ သူတို့က အာဏာလဲကိုင်ထား၊ အတွက်အချက် ကောင်းသူများလည်းဖြစ်ကြတယ်။
• အမေရိကားမှာ ပညာလဲတတ်၊ ပွင့်လင်းမှုလဲရှိ၊ ဒီမိုကရေစီနိုင်ငံရေးသက်တမ်းကလဲ ရှည်ကြာလာတော့ ဒီအကြောင်းကို အတော်ကြီးကျယ်ကျယ်ပြန့်ပြန့် (ဒီဘိတ်) လုပ်ကြပါတယ်။ သင့်-မသင့် နှစ်ဘက်လုံးမှာ ကျိုးကြောင်းဆီလျှော်တဲ့ ဆင်ခြေဆင်လက်တွေ ရှိကြပါတယ်။
• ပညာသိပ်တတ်သူတွေကနေ ထောက်ပြချက်တခုက လူငယ်တွေ မဲပေးတာနည်းခြင်းဟာ “နိုင်တဲ့သူအကုန်ယူစနစ်” ကိုမကြိုက်လို့ ဖြစ်မယ်ထင်တယ်လို့ ဆိုတယ်။ ဥပမာ (လစ်ဘရယ်) အမတ်လောင်းက ၅၁% ရတော့ ၁ဝဝ% ယူသွားတာ တရားသလားမေးတယ်။
• သူတို့ဆီမှာ ပြဿနာက Election apathy ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုနည်းနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ခုကတည်းက အဖျားတက်နေတယ် မဟုတ်ပါလား။
• PR မှာ အမတ်ဖြစ်သူဟာ နိုင်ငံရေးပါတီကို သစ္စာရှိရတယ်။ နိုင်ငံရေးပါတီကလဲ သူတို့ပါတီကို ငွေကြေးထောက်ပံ့သူတွေအပေါ်မှာ သစ္စာရှိရမယ်။ မဲပေးတဲ့သူကို သစ္စာရှိဘို့ မလိုတတ်ဘူး။
• PR မှာ အအမတ်ကို လူတွေ (မဲပေးသူတွေ) ကနေရွေးတာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံမျိုး သမတကိုလဲ လူတွေ (မဲပေးသူတွေ) ကနေရွေးတာ မဟုတ်ဘူး။ ဒါဆို ဒီမိုကရေစီ ဟုတ်ပါသလား မေးခွန်းထုတ်ရတယ်။
• အမတ်လောင်းတွေကို သူတို့မဲစည်းရုံးနိုင်စွမ်းကိုကြည့်ပြီး အကဲဖြတ်တယ်။ အုပ်ချုပ်နိုင်စွမ်းကို မကြည့်ဘူး။ တနည်းအားဖြင့် အမတ်လောင်းဟာ ဈေးရောင်းတဲ့သူလိုဘဲ ဝယ်သူများအောင် လုပ်နိုင်ရတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်သူ၊ အုပ်ချုပ်နိုင်သူဖြစ်ဘို့ မလိုသလိုသဘော သက်ရောက်နေတယ်။
• ကျွန်တော်တို့နိုင်ငံမှာက အဲလိုမဟုတ်ဘူး။ ၁၉၉ဝ မှာ NLD ကိုအပြတ်မဲပေးခဲ့ခြင်းဟာ အမတ်လောင်းတွေ အရည်အချင်းဆိုတာ နေနေသာသာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်၊ လေးစား၊ အားကိုးလို့ဆိုတာလဲ တဝက်တပျက်သာ မှန်တယ်။ လူတွေက တပါတီစနစ် (အာဏာရှင်စနစ်) ကို ဖြုတ်ချချင်လို့သာ ဖြစ်တယ်။ ၂ဝ၁၅ မှာ ဘာကိုဖြုတ်ချင်နေကြပါသလဲ။
• လက်ရှိမဲပေးနည်းစနစ်အရ ၄၉့၉% သာမဲရသူဘက်ကနေ မဲပေးသူတွေအတွက် ခွက်ခွက်လံအောင် ရှုံးသလို ဖြစ်စေတယ်၊ ဒါကြောင့် မကောင်းဘူးလို့ PR ကနေ ထောက်ပြနိုင်တယ်။
• ရွေးကောက်ပွဲဟာ ရှုံးထွက်ဘောလုံးပွဲလိုဘဲ မဟုတ်လား။ နောက်ဆုံး အနိုင်အရှုံးကို ပင်နယ်တီ သွင်းယူမှသာ ပွဲပြီးတယ်။ ဒီနှစ်ဖလားမရရင် နောက်နှစ်အတွက် ပိုကောင်းအောင် လူရွေးတာ၊ နည်းဗျူဟာချတာ၊ မန်နေဂျာလဲတာ၊ လေ့ကျင့် သင်ကြားတာတွေကို ပိုပြီးကြိုးပမ်းကြရတယ်။ အမြဲတိုးတက် ကောင်းမွန်နေအောင် စဉ်တိုက်ဆက်တိုက် လုပ်ကြရတော့တယ်။ အသင်းကောင်းရမယ်၊ ဒိုင်လူကြီးတွေက မျှတရမယ်၊ ပရိသတ် စိတ်ဓါတ် တက်ကြွ အားပေးမှုရှိရမယ်။ ဒါဆိုရင် ဘောလုံးပွဲကောင်း ဖြစ်ပါတယ်။ ကပ်ရှုံးတဲ့အသင်းလဲ ကောင်းလို့ ဒိုင်းကို ထက်ခြမ်းခြမ်းမပေးပါ။
• PR သဘောမှာကတော့ အေးအေးသက်သာ ကျားထိုးနေယုံပါဘဲ။

မနေ့ကဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ “၁၉၉ဝ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူလူထုက ရှင်းရှင်းလေး သိတယ်။ မဲပြန့်သွားမယ့်ကိစ္စ မလုပ်ဘူး။ မူအပေါ်မှာ အခြေခံပြီး မဲပေးတယ်။ ပြည်သူက သဘောပေါက်တယ်။ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလည်း ဒီအတိုင်းပဲ။ မဲမပြန့်ဘူး။ NLD ကို ပေးတဲ့သူက ပေးတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပေးတဲ့သူက ပေးတယ်။ နောက်တခုက ၁၉၉ဝ မှာရော၊ ၂ဝ၁ဝ မှာရော တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေက နိုင်တာများတယ်။ အဲဒါကလည်း မပြောင်းလဲဘူး။ ပြည်သူမှာ စုစည်းမှုစိတ်ဓာတ် ရှိတယ်။ ပါတီ အသေးလေးတွေကို သိပ်ပြီး ရွေးတဲ့အလေ့အထ မရှိဘူး။”

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၃