Tuesday, June 25, 2013

ဆင်ကို မျက်မှတ်တပ်ပြီး ကြည့်သူများ

ပြည်ပထွက်ရတာ အမြတ်လဲ ရပါတယ်။ ပြည်ပ အတွေ့အကြုံကို ဖေါက်သည်ချချင်လို့မဟုတ်ပါ။ ဒီဖြစ်စဉ်မျိုးအတိုင်း ခပ်ဆင်ဆင် ပြည်တွင်းမှာ ဖြစ်လာတာကိုမြင်လာရလို့ ဖြစ်ပါတယ်။ အပြင်မှာက ယူချင်တဲ့ပညာတွေ၊ အသိတွေကို ရယူနိုင်ကြတယ်။ ဘာသာရပ်တွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကနေစတယ်။ နှစ်တွေကြာလာတော့ ဘာသာရပ်တိုင်းမှာ ဆရာကြီးတွေ၊ ဆရာမကြီးတွေဆိုတာ ရှိလာပါတယ်။ ချီးမွမ်းစရာပါ။ တချို့ကြတော့လဲ နှစ်တွေ ဘယ်လောက်ကြာကြာ ၈၈ အတွေးအမြင်က မတက်ကြပါ။

အမှန်က ပြည်ပအနေအထားဟာ အတော်ပုံမကျပါ။ ပြည်တွင်းမှာလို ပုံမှန်လုပ်မရပါ။ ထောက်ကူမှုပေးသူတွေက လုပ်ငန်းအစီရင်ခံစာနဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေမှာ (ဂရန့်) သဘောတူညီချက်နဲ့ ကိုက်ညီမှ ငွေပေးတယ်။ (ပရောဂျက်) တွေမှာ (ပရောဖက်ရှင်နယ်လ်) အတိုင်းလုပ်မှ ငွေရတယ်။ ဒီတော့ လူတွေလဲ (ပရော်ဖက်ရှင်နယ်လ်) တွေဖြစ်လာကြပြီး၊ ဝေဖန်ကဲ့ရဲ့တာခံလာကြရတယ်။

(ပရော်ဖက်ရှင်နယ်) စကားလုံးကို မြန်မာလိုသုံးရတာ ဒေါသသင့်တယ်။ “အသက်မွေးမှုလို လုပ်တယ်”၊ “စီးပွါးရေးဆန်ဆန် လုပ်တယ်” လို့ အဓိပ္ပါယ်ဆောင်ပေမဲ့၊ “အမြတ်အတွက်လုပ်တယ်”၊ “လုပ်စားတယ်” လို့ ယူချင်သူတွေက ယူကြတယ်။ (အင်စတီကျူးရှင်း) နဲ့ (အင်ဂျီအို) ဖြစ်သွားသူတွေကိုလဲ တမျိုးမြင်ကြရတာဘဲ။

(ပရော်ဖက်ရှင်နယ်လ်) ကျကျလုပ်ရသူတွေဟာ အရင်ကရှိနေပြီးသား အရည်အသွေးတွေအပေါ်မှာ ထပ်ဆင့်တိုးလာတာ ကောင်းပေမဲ့၊ “ရှိပြီးသား အကောင်းတွေ ပြောင်းသွားတာတော့ ကောင်းပါမလား” စဉ်းစားမိပါတယ်။ ရှိပြီးသားဆိုတာ ဒီမိုကရေစီအတွက်၊ တိုင်းပြည်အတွက်သာဖြစ်ပြီး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းကို မစဉ်းစားတာလို့ ယေဘုယျ ပြောနိုင်တယ်။ အဲလိုကြာကြာနေမရပါ၊ (ပရော်ဖက်ရှင်နယ်လ်) ဘဝပြောင်းသွားခဲ့ကြရတယ်။

မြန်မာပြည်မှာ ရွှေတံခါးကြီးလဲဖွင့်လိုက်ရော ဝင်လာတွေက အမျိုးအစား များသလေားမမေးနဲ့။ အသိနယ်ပယ်မှာ ငတ်နေ (ကန်တော့်ဗျာ အင်္ဂလိပ်အသုံးကို တိုက်ရိုက်ဘာသာပြန်ရင် အဲဒီအတိုင်းမို့ပါ) ခဲ့ကြရတဲ့ မြန်မာတွေဟာ နေ့ချင်းပေါက် ဆိုရလောက်အောင် နိုင်ငံတကာ အသိတွေ၊ ပညာတွေ ရလာကြတယ်။ (အင်ဂျီအို) မှိုတွေက မိုးရွာစရာတောင်မလိုပဲ ပေါက်လာကြတော့တယ်။ (အစ်ရှူး) တွေကလဲ (တစ်ရှူး) ထက်ပေါတယ်။ (ဒါလဲ ကန်တော့ဗျာ။) လိုအပ်တာတွေချည်း ဖြစ်ပါတယ်။ ကောင်းတာတွေချည်းလဲ ဖြစ်ပါတယ်။

သူများနိုင်ငံတွေအဆင့်ကို နိုင်ငံရေးကမရောက်သေး၊ စီးပွါးရေးက အဝေးကြီးလိုသေး၊ ပညာရေးအတွက် နောက်မျိုးဆက် စောင့်ဘို့ လိုသေး၊ ကျန်းမာရေးကလဲ မန်းမှုတ်နေရတုံးမှာ တမဟုတ်ခြင်း သူများတွေကို အမီလိုက်နိုင်လာတာ (အင်ဂျီအို) နဲ့ (အိုင်အင်ဂျီအို) တွေပါ။ အစိုးရမဟုတ်တာတွေက တိုးလာတော့ အစိုးရဟုတ်တာက ပြတ်ကျန်နေရစ်တာ သိသာတယ်။

“မျက်မှန်စိမ်းတပ်ကြည့်တယ်” ဆိုတဲ့ ပြောစမှတ်စကားရှိတယ်။ ဒီစကားက မြက်ခြောက်ကို အစိုအစိမ်းထင်အောင် မြင်းကို သခင်ကနေ တမင်မျက်မှန်စိမ်းတပ်ပေးတာပါ။ ကွန်မြူနစ်တွေဟာ အရာရာကို အနီရောင်မျက်မှန်နဲ့သာ ကြည့်တယ်လို့ ပြောမနာဆိုမနာ ရယ်စရာပြောကြတယ်။ နောက်တမျိုး တိုးလာတာကတော့ ကိုယ်ကြိုက်တဲ့မျက်မှန်ကို ကိုယ်တိုင် တပ်ထားသူမျိုး။

လူ့အခွင့်အရေး သမားတွေက ကုလသမဂ္ဂကနေပြဋ္ဌာန်းထားတဲ့ “ယူနီဗာဆယ် လူ့အခွင့်အရေးများ ကြေညာစာတမ်း” ကို “ကျမ်းစာ” လို ကိုင်စွဲကြရတယ်။ သူတို့ကိုသင်ထားတာကလဲ အသိပညာပေးဘို့၊ တိုးတက်အောင်လုပ်ဘို့နဲ့ ခုခံကာကွယ်ဘို့ ဆိုတာတွေ ပါတယ်။ ကြည့်စရာမှန်သမျှ ဒီမျက်မှန်တပ်ကြည့်ကြတော့တယ်။ ကာလံ ဒေသံမထားဘူး။

စံတခုကို အသေဆုပ်ပြီး ဘာလာလာ ဒါနဲ့သာတိုင်းတာဟာ နေရာတကာမှာ သင့်ပါရဲ့လားလို့ ဆန်းစစ်လာနေကြတယ်။ ဝေဖန်သူတွေကပဲ အသိနည်းတာလား၊ ကျဉ်းမြောင်းတာလား၊ လိုက်မမီတာလား။ “မှန်တယ်ဆိုတာ မမှားပေမဲ့၊ မှန်တိုင်း အံဝင်ဂွင်ကျဖြစ်ချင်မှ ဖြစ်ပါတယ်။” အခုတလော ကြားနေတဲ့အတိုင်းပါဘဲ။ လူမှန်ရင်အတူတူလို့ သဘောထားသူများကို လူသတ်လက်နက်ကိုင်ထားထား၊ နှလုံးရည်လက်နက်ကိုင်ထားထား၊ လူတွေလို့ပဲ မြင်ကြသလားဆိုတာ မေးနေကြတယ်။

ဆင်ကိုစမ်းတဲ့ ပုဏ္ဏားခြောက်ယောက်က မျက်မမြင်တွေပါ။ အခုဟာက မျက်မှန်တောင်မှ တပ်ထားကြလို့ သူများတွေထက် အနုစိတ်နဲ့ အဝေးကိုပါ ပိုမြင်နေကြတာ ဖြစ်နိုင်ပါတယ်။

ဒီလိုလေးရေးရတာ မရှင်းလင်းသလို မပြည့်စုံသေးပါ။ လူတွေက စိတ်တိုနေလို့လားမသိပါ။ ဘာမဆို တိုတိုဘဲ။ တိုတဲ့အပြင် ပြတ်ပြတ်ပဲ ဆိုသူတွေကပါသေး။ နိုင်ငံနဲ့ဆိုင်တဲ့အရေးအရာတိုင်းမှာ တခွန်းမေး၊ တခွန်းဖြေနဲ့ မလုံလောက်တာမို့ စိတ်ရှည်ကြစေချင်ပါတယ်။ ပိုဆိုးတာက နိုင်ငံနဲ့ဆိုင်တာထဲမှာ နိုင်ငံတကာကိုက်တံကြီးပါရောက်နေပြီမို့ တမိုက်၊ တထွာ၊ တတောင်သာသိတဲ့ မြန်မာတွေ မီအောင်သာ လိုက်ကြပေတော့။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၃