Monday, June 24, 2013

Comments (ကွန်မင့်) များနှင့် စကားပြောခြင်း

တင်ထားချက် (၁) ၂ဝ၁၅ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာ သမ္မတလောင်း သုံးယောက် အမည်စာရင်း တင်သွင်းပြီးတဲ့အခါ ချက်ချင်း မဲမခွဲသေးဘဲ သမ္မတလောင်းများ အနေနဲ့ ပြည်သူကို Campaign Message ပြောကြစေချင်ပါတယ်။ ပြီးတော့မှ မဲခွဲကြတာပေါ့။ မကောင်းဘူးလား။ Constitution အရ သမ္မတ ရွေးတဲ့ ကိစ္စမှာ ပြည်သူက မဲမပေးရတာကို နားလည်ပါတယ်။ သို့သော်လည်း ပြည်သူကို ဘယ်လို မက်လုံးတွေ ပေးပြီး ဒီနိုင်ငံကို မောင်းနှင်မှာလဲ ဆိုတာကို ပြောဖို့ ဆိုလိုတာပါ ခင်ဗျာ။

ကျွန်တော်။ သမတရွေးဘို့ဆိုတာ လူထုနဲ့မဆိုင်ပါ။ သမတဖြစ်လာရင်လဲ ဒီအတိုင်းသာဆိုရင့့်။ ငယ်တဲ့သူတွေကို စာစီစာကုံး၊ ပြုံးချင်ရင် ကျပန်းစကား၊ ပညာသားပါရင် စကားရည်လုပွဲနဲ့ အပြိုင်နွှဲကြရတယ်။ စီးချင်းထိုး (ဒီဘိတ်) လုပ်တာ ခေတ်မီတယ်။ ဘယ်သူကို ပုဏ္ဏားတိုင်ထားမလဲ။ BBC ဆိုရင် ဒေါ်စုနဲ့ လေပေးဖြောင့်တယ်လို့ထင်မယ်။ MRTV ကတော့ ပြောမနေနဲ့။ CNN က Time နဲ့အတူတူ၊ Aljazeera ကတော့ သိတဲ့အတိုင်း၊ ဒီတော့ ဘာကောင်းမလဲ့။ ကမ္ဘာမှာရော၊ မြန်မာပြည်မှာပါ ကြားကျတာ ဘာရှိသေးလဲ။ ဆရာတော်တွေမှာလဲ ကံဇာတာ နိမ့်နေဆဲကာလ အရှာရ ခက်လှတယ်။

တင်ထားချက် (၂) ကျွန်တော်တို့ သူပုန်ဖြစ်စက စစ်အေးတိုက်ပွဲ ပြီးသွားလို့ဆိုပြီး ဘယ်နိုင်ငံကမှ လက်နက် မထောက်ပံ့တာလို့ ယူဆခဲ့ကြတယ်။ ဘယ်မှာဟုတ်လို့တုန်း။ လစ်ဗျားမှာ အမေရိကန်နဲ့အပေါင်းပါများ ၀င်တီးထဲ့လိုက်တာ ကဒါဖီမျိုးပြုတ် ပါလေရော။ ဟောအခုလဲကြည့် ဆီးရီးယားသူပုန်တွေကို လက်နက် ထောက်ပံ့ကြတော့မယ်။ ယူအင်မှာတရုပ်နဲ့ ရုရှားက ဆီးရီးယား ကိုအရေးယူရေးမှာကန့်ကွက်ကြတော့ တခြားနည်းလမ်းနဲ့ သူပုန်တွေကို ထောက်ပံ့ဘို့လုပ်ကြတာပဲ။ ဒို့တုန်းကလဲ တရုပ်နဲ့ ရုရှားက မြန်မာပြည်ကို အရေးယူဘို့မှာ ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ဘယ်ကောင်မှ လက်နက် ပံ့ပိုးရေးကို စကားတောင်မဟခဲ့ကြဘူး။ ၂ဝဝ၇ အရေးအခင်းမှာ (မကဒတ) က ပြည်သူတွေဘက်က ကာကွယ်မယ်လို့ ကျေညာချက် ထုတ်မိလို့ ထောက်ပံ့ငွေ တွေဖြတ်တောက်ခံရတယ်။ အဖြေကတော့ အကျိုးစီးပွားပါပဲ။ တခြားတဘက်က ပြောရင်တော့ အင်အားကြီးတဲ့ သူတွေဟာ သူတို့အကျိုးစီးပွားအတွက် သူတို့ ကြိုက်သလို ဆုံးဖြတ်ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ မျက်မှောက်ယဉ်ကျေးမှုက အင်အားကြီးသူ အနိုင်ယူတဲ့ အဆင့်က မတက်နိုင်သေးဘူးဆိုတာ ပြနေတာပါပဲ။

ကျွန်တော်။ အင်အားမကြီးလဲ အကျိုးစီးပွါးပါဘဲ။ လုံခြုံရေးကောင်စီမှာ တောင်အာဖရိကကလဲ တရုပ်နဲ့ ရုရှားလိုပဲ မဲပေးခဲ့တယ်။ UNGA, UNCHR နဲ့ ILO တွေမှာ မဲပေးတာကြည့်ပါလား။ ဒါတင်ဘယ်ကမလဲ NAM မှာ အားအလတ်စားနဲ့ သေးသေး မွှားမွှားတွေကလဲ စစ်အစိုးရဘက်ကနေ မဲပေးခဲ့ကြတယ်။ ကိုယ့်မှာ သူများရဲ့ အကျိုးစီးပွါးအတွက် ပေးနိုင်တာ မရှိသေးသရွှေ့ မှန်မှန် မှားမှား ခံပေအုံးတော့။

တင်ထားချက် (၃) လူ့အခွင့်အရေးနဲ့ မသက်ဆိုင်တာတွေ့ရတယ်။ မျက်စိမှိတ် ဇွတ်အော်နေတာလား။ လူ့အခွင့်အရေးအတွက်အော်တာလား ငါ့အခွင့်အရေးအတွက်အော်တာလား။ သေသေချာချာ အဆုံးထိဖတ်မိရဲ့လား။

ကျွန်တော်။ “လူ့အခွင့်အရေး” ဆိုသည် ကုလသမဂ္ဗ တတိယကော်မတီကို တနှစ်တခါ အလုပ်ရစေ၏။ စစ်အစိုးရကလဲ လာလာပြီး ကာကွယ်ရ၏။ ပြည်ပရောက် အစိုးရကလဲ အနှစ် ၂ဝ ကြာ မလုပ်မဖြစ်လုပ်ခဲ့ရတဲ့ အလုပ်ကြီးဖြစ်၏။ အခုတော့ “လူ့အခွင့်အရေး” ဆိုသည်က အတိုက်အခံဆိုသူများကို ရန်ဖြစ်ကြစေ၏။ ဤဟာကို “မြန်မာပြည်မှာ လူ့အခွင့်အရေးရပြီ” ဟု သမုတ်နိုင်၏။ စာတပုဒ်ရေးချင်လာစေ၏။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၃