Sunday, June 23, 2013

ကျည်ဆန်ထွက်မှ လက်နက်မဟုတ်ပါ

ကနေ့ ၂၃-၆-၂ဝ၁၃ ဖေ့စ်ဘွတ်မှာ တဦးကနေ ရေးပါတယ်။ “CIA ဝန်ထမ်းဟောင်း (စနိုဒင်) ရဲ့ ဖွင့်ချချက်ကိုကြည့်ရင် အမေရိကန်အစိုးရဟာ သူ့တိုင်းပြည်ကာကွယ်ဖို့ အစွန်းရောက့့် တွေကို NSA, CIA, FBI, DHS တို့က ထိထိ ရောက်ရောက်ကိုင်နေတာ၊ လူမသိသူမသိ ဗျင်းနေတာ ကြာပြီ။ အမေရိကန်နိုင်ငံထဲ ဗျင်းဖို့ ဥပဒေအရခက်ရင် (ဂွာတာနာမို) တို့၊ တခြားနိုင်ငံတို့က ထောင်တွေမှာထားပြီး ဆော်တယ်။ ဒါပေမဲ့ အများမြင်ကွင်းမှာတော့ လူ့အခွင့်အရေး ဘာသာရေးအခွင့်အရေးတွေကို ပါးပါးနပ်နပ် ကြွေးကြော်နေတာ အားလုံးအသိ ဖြစ်တယ်။ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်တို့လဲ အဲသလိုလုပ်နေတာဘဲ။ ဦးနှောက်ရှိတဲ့အစိုးရတိုင်း၊ တိုင်းပြည်အကျိုးကို တကယ်လိုလားတဲ့ အစိုးရတိုင်း ဒီလိုဘဲ လုပ်ကြတယ်။”

ဖတ်ရင်းနဲ့ စိတ်ကူးရတာလေးကတော့ဗျာ့
တခြားဘက်ကြည့်ရင် မတရားဘူးမြင်တာ မှန်တယ်။ ကိုယ့်တိုင်းပြည်အကျိုးကို နည်းအမျိုးမျိုးနဲ့လုပ်တာဟာ တာဝန်အရလို့ ပြောနိုင်တယ်။ အစိုးရဆိုတာ မဲရဘို့တခုထဲမကြည့်ရဘူး။ တိုင်းပြည်အကျိုးဆိုရင် လက်ညှိုးထိုးတာကို မမှုရဘူး။ Nation တိုင်းပြည်အကျိုးနဲ့ Junta ကိုယ့်အုပ်စိုးသူအကျိုး လုံးဝခြားနားတယ်။

ဟိုခေတ်တုံးက ကိုလိုနီစနစ်နဲ့ ဗြောင်ကျကျလုပ်တယ်။ ဒိနောက် ခေတ်သစ်ကိုလိုနီ ဖြစ်လာပြန်တယ်။ အဲတာလဲ “အောက်” သွားပြန်ပြီ။ လူမသိသူမသိ လုပ်နိုင်အောင် ကြိုးစားလာကြရပြန်တယ်။ အဲတာလဲ မကြာခင် ပေါ်လာတယ်။ ပေါ်တာတွေက ဒီမိုကရေစီနဲ့ နည်းပညာရှေ့ရောက်မှ ပေါ်လွယ်တယ်။ ဒါလဲ အကုန်မပေါ်ဘူး။ နိုင်ငံရေးစနစ်ကြောင့် လက်သယ်မပေါ်တဲ့ နိုင်ငံတွေကိုတော့ သူတော်ကောင်း မထင်သင့်ပါ။

နောက်တခု့
ကျွန်တော်က “မတူတိုင်းတော့ ရန်သူမဟုတ်ပါ” ထဲမှာ “မမြင်ရတဲ့လက်” ဆိုပြီး ရေးထားတယ်။ ဒီမနက် ရေဒီယို ဆွေးနွေးခန်းမှာလဲ ဒီသဘောမျိုးကို ကြားရတယ်။ ဒါပေမဲ့ ဆွေးနွေးသူတွေက ထောက်ပြချက်နဲ့ ကျွန်တော်ပြောချင်တာ မတူပါ။ စစ်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှန်းရေးကနေ လူတွေကို အာရုံပြောင်းစေအောင်၊ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာ အဓိကရုဏ်း စတာတွေ ဖန်တီးခဲ့တယ်လို့ အထောက်အထားတွေနဲ့ တင်ပြပါတယ်။ လူအများလဲ လက်ခံမှာပါ။ အခုဖြစ်နေတာတွေနောက်မှာလဲ အဲလိုဘဲလို့ ကောက်ချက်ဆွဲရင် ကျိုးကြောင်းဆီလျှော်ပါတယ်။

ဒါပေမဲ့ဗျာ့ မြန်မာပြည်မှာ ပြဿနာတွေ ဒီလောက်များနေချိန်မှာ အခုလိုဘာသာရေးပဋိပက္ခကို လုပ်ပါ့မလားလို့ နှစ်ခါပြန်ဆန်းစစ်မိပါတယ်။ ကျွန်တော်သာ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်ရင် နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်း မသောက်ပါ။

နောက်သတင်းတပုဒ်လဲ ဖတ်ရပါတယ့့်

“ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် အမေရိကန်ကူညီမည် 7Day News Journal” အမှတ်ရသေးတယ်ဗျာ။ ဦးနေဝင်းခေတ်တုံးကပေါ့။ ခေတ်ကစစ်အေးခေတ်၊ ဗီယက်နမ်စစ်ဖြစ်နေစဉ်ကပေါ့။ အမေရိကန်ကနေ အဲလို ရန်ကုန်နဲ့ မန္တလေး လမ်းမကြီးဖေါက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအခါ USSR ကနေ အဲဒီလမ်းမကြီး အလယ်မှာ သစ်ပင်တွေ စိုက်ပေးမယ်လို့ စေတနာကောင်းခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာတွေ ခေတ်မစားသေးပါ။ အကြံသမားချည်းပါ။ အမေရိကန်က B2 ဗုံးကျဲလေယာဉ်တွေဆင်းနိုင်လောက်အောင်ကျယ်တဲ့ လမ်းမကြီးလုပ်ချင်တာ။ ဆိုဗီယက်က လေယျာဉ်ဆင်းမရအောင် ဒီအကြံကိုဖျက်ချင်တာ။ အမှတ်ရသေးတယ်ဗျာ့
The Ugly American ဆိုတာ ရုပ်ရှင်လဲရှိတယ်။ TV ဆီးရီးစ် လဲရှိတယ်။ စာအုပ်ပဲ ဖတ်ဘူးပါတယ်။ ဗီယက်နမ်မှာ အမေရိကန်ကနေ ဆန်တွေဝေတယ်။ ဆိုဗီယက်က ဆန်အိတ်တွေမှာ သူတို့တံဆိပ် ကပ်လိုက်တယ်။ အဲဒီခေတ်က ဝါဒဖြန်ချိရေးမှာ အမြိုင်အဆိုင်လုပ်ကြတယ်။ ရန်ကုန်ရှိတဲ့ သံရုံးတွေက စာအုပ်တွေကို လူငယ်တွေက မှာကြတယ်။

ကျွန်တော်ငယ်ငယ်က သံရုံးအစုံကနေမှာတယ်။ ယူအက်စ်၊ ယူကေနဲ့ GDR ခေါ် အရှေ့ဂျာမဏီက စာအုပ်တွေဟာ ကြွေစာရွက်တွေ၊ အရောင်စုံတွေနဲ့ချည်း။ ဆိုဗီယက်နဲ့ ချက်ကိုဆလိုဗက်၊ ကွန်မြူနစ်တရုပ်ကနေလဲ မှာတာဘဲ။ အဲဒီကာလမှာ မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းက လက်ဝဲဘက်ကို အတော်ယိမ်းနေပြီ။ အစိုးရတွေ (ဖဆပလ ရော၊ ဦးနေဝင်းပါ) ကတော့ မြန်မာပြည်ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေးတွေ အားသွန်ခွန်စိုက်လုပ်တယ်။ လူငယ်တွေလဲ ဟိုဘက်၊ သည်ဘက် ရောက်သွားကြတယ်။ အနီတွေကများပါတယ်။ ပန်းနုရောင်မရင့်တရင့်တို့၊ ပန်းရင့်ရောင် မနုတနုတို့ကလဲ ရှိတာဘဲ။

ပြီးခဲ့တာတွေကတော့ နိုင်ငံရေးစနစ်၊ အယူဝါဒ (အိုင်ဒီယိုလောဂျီ) တွေသာဖြစ်တယ်။ မပြီးသေးဘဲ ပိုပိုဆိုးဝါး ပြင်းထံလာနေတာကတော့ ဘာသာရေးဝါဒဖြစ်မယ် ထင်ပါတယ်။ ထိုးစစ်နည်းတွေ တမျိုးဆန်းလာလို့ ခံစစ်နည်းတွေလဲ ဆန်းလာကြရတယ်။ ရိုးလွန်းပြီး အ, တာမဖြစ်ကြဘို့ရာ အသိတရား၊ သတိတရား၊ နှလုံးသားလက်နက်၊ နည်းပညာလက်နက်တွေနဲ့ ကာကွယ်ကြစို့လား။ ဘယ်ဘာသာမဆို တရားစစ်ကိုသာ ရှာကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၃