Thursday, November 7, 2013

ဆေးကုသလို နိုင်ငံရေးလုပ်ခြင်း

“တိုင်းမ်မဂ္ဂဇင်းဟာ မွတ်ဆလင်မဂ္ဂဇင်းလား” အောက်မှာ တယောက်ကနေ မေးပါတယ်၊ “ဘာလုပ်သင့်ပါသလဲခင်ဗျာ” တဲ့။

• ကျွန်တော့်အနေနဲ့ အကြံပေးသလိုတော့ မလုပ်ချင်ပါ။ အဖြစ်အပျက်နဲ့ အခြေအနေတွေကို စေ့စေ့ငုငု သိကြစေအောင်သာ ကြိုးစားနေပါသေးတယ်။ အခြေခံကတော့ တိုင်းပြည်နဲ့ ဆိုင်တာဟာ ကိုယ်ထင်တာ၊ မြင်တာတက် ပိုအရေးကြီးတယ်ဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါ။
• လူ-ရဟန်း အမျိုးမျိုးရှိတယ်။ အဲဒီအထဲမှာ ကိုယ့်ဘာသာ တခုတည်းကသာ အရေးကြီးသူရှိမယ်။ အများနဲ့ဆိုင်တာ တာဝန်ယူနေရသူရှိမယ်။ ကိုယ့်အသိုင်းအဝိုင်းကို ပြန်ကြည့်ရသူရှိမယ်။ ကျောင်းမှာ အလုပ်မှာ ဘာသာမတူသူတွေ ရှိမယ်။ နိုင်ငံရေးပါတီမှာ တာဝန်ရှိနေမယ်၊ ဘာမှထည့်တွက်စရာမလိုသူ၊ စသဖြင့့်။
• နိုင်ငံရေးပါတီတွေက “တိုင်းပြည်အကျိုး”၊ “ပါတီအကျိုး” ဆိုပြီး အဆင့်ခွဲထားပေးတယ်။ ကောင်းပါတယ်။ ချွင်းချက်ရှိတာက နာဇီလို၊ အစွန်းရောက်ကွန်မြူနစ်လိုတွေကတော့ သူတို့နဲ့ဆိုင်တဲ့ အယူဝါဒ (အိုင်ဒီယိုလော်ဂျီ) ကိုသာ ဦးထိပ်မှာထားကြတယ်။ တပါတီစနစ်ကလဲ သူ့ပါတီမှ သူ့ပါတီ။ စစ်အာဏာသိမ်းတာကလဲ တိုင်းပြည်ကို ဘားတိုက် လိုသဘောထားတယ်။
• လူမျိုးနဲ့ဆိုင်တာလဲ မပါမဖြစ်ပါ။ ဒါပေမဲ့ တရားဝင်ပထဝီနယ်နိမိတ်ထဲမှာ တရားဝင်နေထိုင်ကြသူတွေ အားလုံးကို ထည့်စဉ်းစားဘို့လိုတာဟာ ကနေ့ခေတ်မှာ တရားဝင်လက်ခံထားတဲ့ နိုင်ငံတကာဆက်ဆံရေးတခုဖြစ်တယ်။
• ဒါတောင်မှ ကျုးကျော်မှုဆိုရှိနေတာပါ။ နယ်မြေထဲအထိကျူးကျော်တာရော၊ သူများနိုင်ငံပြည်တွင်းရေးမှာ ဝင်စွက်ဖက်တာပါ ရှိတယ်။
• ယဉ်ယဉ်လေး စွက်ဖက်မှုဆိုတာနဲ့ ကနေ့ မြန်မာပြည်က ရင်ဆိုင်နေရတယ်။ “တိုင်းတပါးသားတွေကို နိုင်ငံသားအဖြစ် လက်ခံဘို့ ပြောနေတာမျိုး အခုအစိုးရလက်ထက်မှာ ရှိလာတယ်။”
• ဒါဟာ စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖေါက်မှုကို ထောက်ပြတာနဲ့ ဘယ်လိုမှ မတူဘူး။

• စစ်အစိုးရကနေ ပြောင်းလာတာ ကောင်းသင့်သလောက်တော့ ကောင်းတာ မငြင်းပါ။ ဒါပေမဲ့ -
(၁) ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ထားဘို့မလိုလောက်အောင်အထိ မပြောင်းနိုင်သေးဘူး။
(၂) အထူးကိုယ်စားလှယ် မြန်မာနိုင်ငံအတွက်ရှိနေတုံးမှာ ဒီကိစ္စ ဖွတာလား။ ဘယ်သူတွေက ဖွသလဲ။
(၃) လူအများက (ကင်တားနား) ဘဲ ဆဲနေကြတယ်။ အထူးကိုယ်စားလှယ်ထားခံရအောင် လူ့အခွင့်အရေးတွေ အနှစ် ၂ဝ ချိုးဖေါက်ခဲ့တဲ့ (နဝတ/နအဖ) မှာ အများကြီး တာဝန်ရှိတယ်။ ဒါကိုသိလို့ ဖွဲ့စည်းပုံမှာ “ကိုယ်ကိုယ်ကို တရားသေလွှတ်စေ” ဆိုတဲ့ပုဒ်မထည့်ထားတာဖြစ်တယ်။

• အစွန်းတဖက်ဖက် ရောက်တာကို ဘယ်ဘာသာကမဆို မကောင်းဘူးပြောကြပါတယ်။ ဒါမှာလဲ ချွင်းချက်ရှိတယ်။ ဘာသာရေးအကြောင်းပြုပြီး၊ တတိယကမ္ဘာစစ်ပုံစံ ဖြစ်နေတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဒီနေရာမှာ သူတို့ ဘာသာအတွက် အသေခံပြီး လုပ်ရလောက်အောင် အကြောင်းခံက ဘာလဲ။ မီးမွှေးခဲ့တာဘယ်သူလဲ။ မီးဆိုပြန်ရင် အရင့်အရင်က ဘယ်ကနေ ဘယ်လိုစလဲ၊ မီးခိုးကြွက်လျှောက် ကြည့်မှရမယ်။
• မြန်မာနိုင်ငံမှာဖြစ်နေတာတွေကိုလဲ မျက်စိတဆုံးသာမက ကြည့်ကြပါ။ ရခိုင်မြောက်ပိုင်းကနေစတာနဲ့ မလုံလောက်ပါ။
• ဘာလုပ်၊ ဘာပြော၊ သဘောထားဆိုတာ တဦးနဲ့တဦး တူချင်မှ တူပါမယ်။ မတူတာကို ညှိကြရမယ်။ တမိသားစုထဲမှာတောင်မှ ဒီလိုနေနိုင်ကြရင် ပျော်ရွှင်ချမ်းမြေ့ကြမယ်၊ သူများ အစော်ကားမခံရဘူး။ အခု ကျွန်တော်တို့နိုင်ငံ အစော်ကားခံနေရတယ် မဟုတ်လား။

• Saint “စိန့်” လိုပုဂ္ဂိုလ်တွေသာ လူသားမှန်သမျှ၊ သက်ရှိမှန်သမျှအထိ စဉ်းစားနိုင်ကြတယ်။ ကိုယ်ကသာမန်လူ၊ တွေးတော့ သူတော်စင်လိုတွေးပြီး လျှောက်ပြောနေရင်လဲ ဘယ်သူကယုံမှာလဲ။
• ကျွန်တော် ပုထုဇဉ် ဖြစ်ပါတယ်။ ဘက်လိုက်မှု မကင်းပါ။ နိုင်ငံရေးလဲ လုပ်တာမို့ တတ်နိုင်သလောက် ထိန်းသိမ်းပါတယ်။
• ဆရာဝန်လဲဖြစ်လို့ ကုသရေးရော ကာကွယ်ရေးပါ လုပ်တယ်။ နိုင်ငံရေးသမားရဲ့ လူနာဟာ တိုင်းပြည်နဲ့ လူမျိုးဖြစ်တယ်။ တိုင်းပြည်ထဲမှ လူမျိုးစုံနေပါတယ်။
• ကျွန်တော့်ဆေးခန်းမှာ မြန်မာပြည်က လူတွေကိုသာ ဆေးကုပါတယ်။ စေတနာတော့ရှိပါတယ်၊ ဒါထက် မတတ်နိုင်လို့ပါ။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြုတာ မပြုတာ ထည့်မတွက်ပါ။ မြန်မာနိုင်ငံ မြန်မာမာ့ယဉ်ကျေးမှု သိသူ-ရှိသူတိုင်းကို အခမဲ့ကုသပေးပါတယ်။ UNHCR ကတ်ပြား ကိုင်ထားသူတိုင်းတော့ မယုံပါ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၃