Sunday, May 26, 2013

နုနယ်ခြင်း ဝေဒနာ

အပါတ်စဉ်ဂျာနယ်တခုမှာ ရေးတာကို ဆရာဝန်တဦးကနေ ပြန်ရေးလိုက်တာ ဖတ်ရပါတယ်။ ဆရာဝန်ဖြစ်လို့ ဆရာဝန်တွေဘက်ကနေ လိုက်ပါမယ်။ ဘက်လိုက်မှုဆိုတာ လူ့သဘောပါ။

မြန်မာပြည်ကို ဖွင့်ပေးလိုက်တာနဲ့ နိုင်ငံတကာစံတွေ၊ (ဂလိုဘယ်) ကိုက်တံတွေကို သုံးလာကြတာကို သဘောမတွေ့ပါ။ ဥပမာ လူ့အခွင့်အရေးဆိုတာကို Misuse တလွဲသုံးတာတာမျိုး မဖြစ်သင့်ပါ။ အခွင့်အရေးမှန်သမျှ အကုန်ရရမယ် ဆိုတာလဲ ကာလံဒေသံနဲ့ မညီသေးချိန်လို့ မြင်ပါတယ်။

အလားတူ မီဒီယာလွတ်လပ်လာတာ ကောင်းတာမှန်ပေမဲ့ သတင်းစာထုတ်၊ ဂျာနယ်ထုတ်၊ အယ်ဒီတာလုပ်၊ သတင်းထောက်လုပ်တာတွေမှာ အရည်အတွက်နဲ့ အရည်အသွေးမကိုက်ညီသေးချိန်ဖြစ်တာကိုတော့ သတိပြုမိပါတယ်။

သူများဘက်ပြောပြီး ကိုယ့်ဘက်ကိုယ် ကာကွယ်ပါရစေ။
ကျန်းမာရေးနဲ့ဆေးပညာ နယ်ပယ်ကြီးမှာလဲ ဖွင့်ပေးလိုက်တော့ ကျယ်လာသလား မမေးနဲ့။ အထူးကုဆေးရုံကြီးတွေ၊ အထူးအဆန်းဆေးခန်းကြီးတွေ၊ ကုသရေးမဟာစင်တာတွေဟာ မှိုလိုပေါက်လာကြပါတယ်။ အထူးစပါယ်ရှစ်လစ်တွေကို လူဘယ်လောက် လက်လှမ်းမီပါသလဲ။ ဒါကြောင့် ကုသိုလ်ဖြစ်ဆေးခန်းသေးသေးလေးတွေလဲ မြက်ပေါက်သလို ပေါက်လာရတာဟာ လိုအပ်ချက်အရ ဖြစ်ပါတယ်။ ရွာပေးတဲ့မိုး ကျေးဇူးတင်ပါတယ်။ မှိုလည်းစားကောင်း မြက်လဲ အသုံးကျတယ် မဟုတ်ပါလား။

မြန်မာတွေဟာ ကံတရားနဲ့ ဖူးစာရေစက်ဆိုတာမျိုးကို ယုံကြည်လက်ခံသူများပါတယ်။ အခုရေတွင်းတူး အခုရေကြည် မသောက်ရတဲ့ ဘဝအတွေ့အကြုံဆိုတာလဲ ပြောစရာကို မလိုတော့ပါ။ နိုင်ငံတကာစံတွေ၊ နိုင်ငံတကာနှုန်းတွေ၊ နိုင်ငံတကာ အတွေးတွေ၊ အရေးတွေကို (ကော်ပီ-အင်-ပေ့စ်) မလုပ်သင့်ပါကြောင်း နိုင်ငံရေးလုပ်သူများ၊ (အက်တစ်ဗစ်) များ၊ မီဒီယာလုပ်သူများ၊ ပညာရေး-ကျန်းမာရေး-လူမှုရေးနယ်ပယ်တွေက အားလုံးကို အနူးအညွတ် မေတ္တာရပ်ခံပါရစေ။

ကိုယ့်ဆီမှာ လူအရင်းအမြစ်နည်းသေးတော့ ဟိုကသည်က ခေါ်ရ၊ ငှားရတာ ယာယီသာဖြစ်သင့်တယ်။ ကိုယ့်ဆီမှာ ဝါရင့်၊ လူလေးစား၊ တိုင်းပြည်ကအားထားရတဲ့ သတင်းစာသမားကြီးတွေလိုဘဲ ထူးချွန်တော်တတ်တဲ့ ဆေးပညာရှင်တွေလဲ ရှိတယ်။ အလားတူ ကပ်ပြားလည်ဆွဲမှ မီဒီယာကဆိုတာ သိရသူတွေလဲရှိတယ် မဟုတ်ပါလား။ ကြိုးစားကြတယ် ထင်ပါတယ်။ နားကြပ်တွဲလဲနဲ့ ဆရာဝန်လေးတွေလဲ အတူတူပါဘဲ။ တကယ်ကြိုးစားရှာကြပါတယ်။

အိန္ဒိယနဲ့ ထိုင်းကနေ ပုဂ္ဂလိကဆေးရုံကြီးတွေ မြန်မာပြည်လာဖွင့်နိုင်တာကို ကျန်းမာရေးဘက် တိုးတက်လာတယ်လို့ မမြင်သင့်ပါ။ ကနေ့ မြန်မာပြည်လူတွေနဲ့ထိုက်တဲ့ မီဒီယာနဲ့ စခန်းသွားနေကြရသလို ယနေ့ မြန်မာပြည်ကလူတွေနဲ့တန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့သာ အသက်ဆက်ကြရမှာပါ။ ပိုကောင်းလာရေး အားလုံးကနေ ဝိုင်းဝန်းအားပေးကြစို့လား။

ဒေါက်တာတင့်ဆွေ
(၁၆-၅-၂ဝ၁၃)