Wednesday, May 15, 2013

ပင်တာဂွန်ကပြောတဲ့ တရုပ်စစ်ရေးတည်ဆောက်မှု

အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန်) ရဲ့ “တရုပ် စစ်အင်အားတည်ဆောက်မှု ၂ဝ၁၃ ခုနှစ် အစီရင်ခံစာ” ကို မေလထဲမှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုပ်တို့ဟာ ကနေ့ ကမ္ဘာမှာ စစ်အင်အား အကြီးဆုံး နံပါတ် (၁) နဲ့ (၃) တွေဖြစ်ပြီး ပြိုင်ဆိုင်မှုမှာတော့ အများဆုံးနိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်က နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၆၉ဝ ဘီလျန်သုံးပြီး၊ စစ်သည်အင်အား ၁,၄၇၅,ဝဝဝ ရှိပါတယ်။ တရုပ်က နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၁၃ဝ ဘီလျန်သုံးပြီး၊ စစ်သည်အင်အား ၂,၂၇၅,ဝဝဝ ရှိပါတယ်။

ဒီအင်အားကြီးနှစ်နိုင်ငံလုံးဟာ မြန်မာနိုင်ငံနဲ့ သံတမန်ရေး၊ စီးပွါးရေးနဲ့ စစ်ရေးပါတ်သက်မှုတွေကို ၂ဝ၁၂-၁၃ ခုနှစ်မှာဘဲ သိသိသာသာ တိုးလာနေတာမို့ သူတို့နှစ်နိုင်ငံရဲ့ အနေအထားတွေကို (အီမိုးရှင်း) ကင်းကင်းနဲ့ ရှင်းရှင်းလင်းလင်း၊ အလေးအနက် လေ့လာနေသင့်ပါပြီ။ (ပင်တာဂွန်) ရဲ့ တရုပ်ပြည်စစ်အင်အားအပေါ် အစီရင်ခံစာနဲ့ ပါတ်သက်ပြီး ဘက်နှစ်ဘက်က အမြင်တွေကို ယှဉ်ပြီးလေ့လာနိုင်အောင် တင်ပြပါရစေ။

အမေရိကန်ရဲ့ ထောက်ပြချက်
“(ပင်တာဂွန်) အစီရင်ခံစာကနေ တရုပ်ရဲ့ စစ်အင်အား တည်ဆောက်မှုကို ဖေါ်ထုတ်လိုက်” ဆိုတဲ့ သတင်းကို ၈-၅-၂ဝ၁၃ နေ့ထုတ် တိုကျိုအခြေစိုက်၊ (ဒီပလိုမက်) အာရှ-ပစိဖိတ် အွန်လိုင်းမဂ္ဂဇင်းမှာ (အင်ဒရူး အဲရစ်ဆန်) ကနေရေးလိုက်ပါတယ်။ ပြီးခဲတဲ့နှစ်က တရုပ်စစ်ရေး တိုးတက်မှုများ နှစ်စဉ်အစီရင်ခံစာကို အတော်ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပေမဲ့ ၂ဝ၁၃ DoD အမေရိကန်ကာကွယ်ရေးဌာနရဲ့ အစီရင်ခံစာဟာ ပိုကောင်းလာပါတယ်။ ၂ဝ၁၂ နှစ်က (၄၃) မျက်နှာပါ အစီရင်ခံစာကတော့ (ကွန်ဂရက်) ကနေ တောင်းထားတာထက် အတော်နောက်ကျခဲ့ပြီး၊ အနှစ်သာရ ဒါမှမဟုတ် ကိန်းဂဏန်းသစ်လဲ နည်းနည်းသာပါလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်တာခံခဲ့ရပါတယ်။ ဒီနှစ်မှာ မြန်မြန်ဆန်ဆန် ထွက်လာတဲ့ (၉၂) မျက်နှာပါ မှတ်တမ်းကတော့ “၂ဝ၁၁ ကာကွယ်ရေးဌာနအစီရင်ခံစာ”၊ “၂ဝ၁၁ တရုပ်လေတပ်အပေါ် (NASIC) အမျိုးသားလေကြောင်းနဲ့ အာကာသထောက်လှမ်းရေး အစီရင်ခံစာ”၊ “တရုပ်ရေတပ်အပေါ် (ONI) ရေတပ်ရုံး ထောက်လှမ်းရေးရဲ့ ၂ဝဝ၇-၂ဝဝ၉ အစီရင်ခံစာ” တွေလို ထုံးစံအတိုင်းပါရမဲ့ အသေးစိတ်တွေ၊ ရှုတ်ထွေးမှုတွေအပြင် အများသူငါလဲ လက်လှမ်းမီစေမဲ့ အစိုးရသုံးသပ်ချက်တွေ ပါလာတယ်။

မှတ်တိုင်သဘောရှိတဲ့ တခြားအစီရင်ခံစာတွေလိုဘဲ ဒီနှစ် DoD ရဲ့ထပ်လောင်းတင်ပြချက်ဟာ အမေရိကန်ကာကွယ်ရေး ရှုဒေါင့်ကနေ လာတာဖြစ်ပြီး၊ တရုပ်စစ်တပ်ရဲ့ တိုးတက်လာမှုတွေနဲ့ ဒါတွေဖြစ်လာစေဘို့ မဟာဗျူဟာစိုးရိမ်ချက် တွန်းအားတွေကိုပါ ပြည့်ပြည့်စုံစုံ ပုံပေါ်စေပါတယ်။ ကြည်း-ရေ-လေအခြေစိုက်စွမ်းအင် လက်လှမ်းသက်ရောက်မှုကစပြီး၊ (ဘေဂျင်း) ရဲ့ ဗဟိုစစ်ရေးကော်မရှင်နဲ့ သူတို့ရဲ့ ပညာပိုင်းဆိုင်ရာဆက်ဆံမှုတွေအတွက် “ပထမ စ, မသုံးရေး နယူကလီယာ ဒေါက်ခရင်း” ထဲက သိသာလှတဲ့ မရေရာမှုတွေ၊ အသုံးကျမဲ့အချက်အလက်တွေအထိ ပါဝင်ပါတယ်။

ဒီအကြောင်းအရာတွေဟာ လေးနက်လို့ ထောက်ခံချက် ပေးသင့်ပါတယ်။ ဒါပေမဲ့ ငြင်းစရာတော့ ရှိနိုင်ပါတယ်။ အစီရင်ခံစာကနေ အကောင်းဆုံး ပေးလိုက်တာတွေဟာ တိကျတဲ့နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ တရုပ်လွတ်မြောက်ရေး တပ်မတော် People’s Liberation Army (PLA) ရဲ့ အဓိကတိုးတက်လာမှုတွေအပေါ် သြဇာပါတဲ့ လေ့လာသုံးသပ်မှုတွေ ဖြစ်တယ်။ ဒါဟာ လူထုလမ်းလှမ်းမီတဲ့ ရရှိရာနေရာတွေကနေတဆင့် ဥပမာ လတ်တလော ထုတ်လိုက်တဲ့ (ဘေဂျင်း) ရဲ့ ၂ဝ၁၃ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမျိုး၊ တခြား လူမှုမဟာဗျူဟာ စာရွက်စာတမ်းတွေလိုမျိုး ရေရာသေချာတာ နည်းနည်းပါးပါးသာပါတွေနဲ့ တိုက်ပြီး ဟုတ်မဟုတ် စိစစ်ဘို့ရာ မဖြစ်နိုင်တာ မဟုတ်ရင်တောင်မှ ခက်ခဲလွန်းလှပါတယ်။

တရုပ်အစိုးရ ကိုယ်စားလှယ်တွေကတော့ DoD အစီရင်ခံစာကို ဝေဖန်တာလုပ်ပါပြီ။ “ပါတာတွေဟာ မသေချာမရေရာနဲ့ တမျိုးတမည်ပြောင်းထားတာတွေ ဖြစ်တယ်” လို့ ဆိုကြပေမဲ့ “ခါတိုင်းလိုပါဘဲ ခိုင်ခိုင်မာမာ အထောက်အထားတွေနဲ့တော့ သက်သေမပြနိုင်ကြပါ။ နောက်ပြီး အစီရင်ခံစာရဲ့ အရေးအပါဆုံး အစိတ်အပိုင်းကိုလဲ တန်ပြန်ငြင်းချက်လဲ မထုတ်နိုင်ပါ။” ဒါ့ပြင် ခက်ခဲနက်နဲတဲ့ (ဆိုက်ဘာ) လုပ်ငန်းတွေနဲ့ တခြားတန်ပြန် ထောက်လှမ်းရေး အမျိုးအစားတွေလို တိကျလှတဲ့ နယ်ပယ်တွေမှာ အစိုးရရဲ့ ကြီးမားတဲ့အကူအညီပါမှသာ လေ့လာသူတွှေက ရနိုင်တာမျိုးမို့ မကြာခင်က (ဝေါလ်စထရိ) ဂျာနယ်မှာ ငြင်းချက်ထုတ်ထားသလိုပြောရရင် “ဘေဂျင်းဟာ ရေရှည်မှာ သူပြောသလို လုပ်တယ်၊ အကောင်အထည် ဖေါ်ရာမှာတော့ တိတ်တခိုး သူများမသိအောင်လုပ်ပါတယ်။”

ပဟေဠိဆန်တာ ထောက်ပြထားတာက အမေရိကန်ရဲ့ အငြင်းပွါးစရာမရှိတဲ့ (EEZs) စီးပွါးရေးသီးသန့်ဇုံမှာ တရုပ်ကနေ ရေတပ်မျိုးစုံ (အော်ပရေးရှင်း) တွေလုပ်ခဲ့တယ်။ သူပိုင် (EEZs) မှာတော့ ကာကွယ်ဘို့ရာ ဥပဒေသက်ရောက်ရေး ရေယာဉ်တွေ အများကြီးချထားဘို့ လိုအပ်တယ်ဆိုတယ်၊ နိုင်ငံခြားစစ်တပ်ဆိုရင် အမေရိကန်ဖြစ်ဖြစ် ဆန့်ကျင်သွားမယ် ဆိုတဲ့ သဘာဝ ရှိပါတယ်။ တရုပ်ဟာ ဒီလို EEZs ထဲလှုတ်ရှားမှုတွေကို နိုင်ငံအများမှာ လုပ်နေတာမှာ အသေအချာ ပါတာကတော့ ဂျပန်ပိုင်နက်ဖြစ်ပါတယ်။ အစီရင်ခံစာသုံး တိတိပပစကားလုံးတွေအရဆိုရင် “အမေရိကန်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ (ဂူအမ်) နဲ့ (ဟာဝိုင်ယီ) အနီးအနားက EEZ တွေမှာ တရုပ်ရဲ့အလားတူ လုပ်ရပ်တွေ အများအပြား တွေ့ရှိခဲ့တယ်။ ဥပမာတခုကတော့ ၂ဝ၁၂ ခုနှစ် ဇူလိုင်-သြဂုတ် (RIMPAC) ပစိဖိတ် သမုဒ္ဒရာဘောင် စစ်ရေးလှုပ်ရှားမှု ဖြစ်တယ်။ အမေရိကားကနေ တရုပ်ရေတပ်ရဲ့ စစ်ရေးလှုတ်ရှားမှုကို ဥပဒေနဲ့ ညီသလားလို့ စဉ်းစားနေခြင်းဟာ ဆယ်စုနှစ်တွေနဲ့ရှိနေတဲ့ တရုပ် EEZ နယ်ထဲမှာ နိုင်ငံခြားတပ်တွေ အဲလိုလုပ်တာဟာ ဥပဒေနဲ့မညီဘူးဆိုတဲ့ တရုပ်ရဲ့ အနေအထားကို ထိခိုက်စေပါတယ်။ နောက်တချက်ကတော့ အဲလိုသာဖြစ်လာရင် ဘေဂျင်းက ဘယ်လိုတုံ့ပြန်မလဲ။ ဒီအချက်ကလဲ တရုပ်ရဲ့ အနီးအနားပင်လယ်ခေါ်တဲ့ (ပင်လယ်ဝါ၊ အရှေ့နဲ့ တောင်တရုပ်) မှာ နိုင်ငံခြားတပ်တွေနဲ့ ထိပ်တိုက်မှုရှိတဲ့အခါတိုင်း ဒီနေရာမှာ ပစိဖိတ်နဲ့အာတိတ်လို တခြားဗျူဟာကျတဲ့ နေရာတွေမှာ အစိုးရနဲ့ စစ်ရေး လုပ်ဆောင်မှုတွေက ပိုပြီးဝင်လာတာရှိရင်တော့ တရုပ်ရဲ့ အကန့်အသတ်နဲ့လုပ်ဆောင်မှုကိုတိုးလုပ်တဲ့ ချဉ်းကပ်မှုနဲ့ ဖီလာဖြစ်နေပြန်ပါတယ်။ ဒီလို ရှုတ်ထွေးမှုပေါ်မှာ (ဘေဂျင်း) ရဲ့ လောလောဆယ် ချဉ်းကပ်မှုဟာ “အစီရင်ခံစာကို ယေဘုယျ ရှုံ့ချမယ်၊ တပြိုင်တည်းမှာ ဒီလိုတိတိကျကျ ရှိတာမျိုးတွေကြ ရှောင်ထားမယ်။”

ဒီအစီရင်ခံစာရဲ့ အရေးအကြီးဆုံး အများသူငါသိအောင် အသိပေးချက်ကတော့ “တရုပ်ရဲ့ နယူကလီယာ ရေငုပ်သင်္ဘော အစီအစဉ်တွေ” ဖြစ်ပါတယ်။ အသုံးပြုနိုင်နေတဲ့အဆင့်မှာ ရောက်နေပြီဖြစ်တဲ့ Type 094 (SSBNs) ဂျင်-အတန်းအစား နူကလီယာအားသုံး တိုက်ချင်းပြစ်ဒုံးပျံတပ်ဆင် ရေငုတ်သင်္ဘောသုံးစီးကို နောက်ထပ် တည်ဆောက်မှုအဆင့် အမျိုးမျိုးမှာ ရောက်နေတဲ့ ၂ စီးထပ်ပေါင်းလာစရာရှိပါတယ်။ Type 094 ကနေ PLA ရေတပ်ကို ပထမဆုံး ပင်လယ်အခြပြု နူကလီယာ ကာကွယ်ရေးမှာ ကီလို ၇၄ဝဝ ကျော်အထိပစ်နိုင်တဲ့ ရေငုပ်သင်္ဘောသုံး တိုက်ချင်းပြစ်ဒုံးပျံ တပ်စွဲပြီးတာနဲ့ ရရှိလာတော့မှာပါ။ ၂ဝ၁၂ မှာ စမ်းသပ်မှုအောင်မြင်ထားပြီးလို့ JL-2 ဟာ ၂ဝ၁၃ ထဲမှာ အဆင်သင့် ရှိနေလောက်ပါပြီ။

ဂျင်-အတန်းအစား SSBNs ကို တောင်တရုပ်ပင်လယ်၊ ဟိုင်နန်ကျွန်းမှာ အခြေစိုက်ပြီး နူကလီယာ အကာကွယ် (ပက်ထရို) လှည့်ပါလိမ့်မယ်။ Type 094 SSBNs ၅ စီး တာဝန်ထမ်းနိုင်ပြီဆိုရင် နောက်မျိုးဆက် SSBN (Type 096) ကို နောက် ဆယ်စုနှစ်ထဲမှာ ဆက်လာမယ်လို့ ပြောထားပါတယ်။ ဒီလို ပိုကောင်းလာတဲ့ အမျိုးအစားကနေ တာဝေးအထိ “အသံနဲ့ ကင်းလှည်မှု” ကို လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် Type 093 ရှန်-အတန်းအစား နယူကလီယာအင်အားသုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSN) ၂ စီး နေရာချထားပြီး၊ လေးစီး တည်ဆောက်နေပါတယ်။ နောက်ဆယ်စုနှစ် အတွင်းမှာ တရုပ်ဟာ Type 095 လမ်းကြောင်းထိန်း တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSGN) ကို တည်ဆောက်ပါအုံးမယ်။ ဒီဟာကနေ ရေငုပ်သင်္ဘောသုံးပြီး ကမ်းတက်တိုက်ပွဲစွမ်းရည် ရလာမှာပါ။ ဒါ့ပြင် ပိုကောင်းတဲ့ “ဆိပ်ငြိမ်မှုနည်းပညာ” ကနေ (တိုပီဒို) အကူအညီနဲ့ အစဉ်အလာသုံး (ASCMs) သင်္ဘောတိုက် ခရုစ်ဒုံးပျံတွေ ဖြည့်ဆီးပေးနိုင်ပါမယ်။ အစဉ်အလာသုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေနဲ့ပတ်သက်ပြီး ယွန်-အတန်းအစား (Type 039A) အစီး ၂ဝ အထိ တိုးလာမယ်၊ SSP လို့ ခေါ်တာမို့ “လေလွတ်လပ်မှုပါဝါ” ရှိလိမ့်မယ်။ ဒီတိုးတက်မှုတွေကနေ အင်အားအသစ်ချထားနိုင်ပြီး ရေအောက်စစ်ပွဲနဲ့ တိုက်ခိုက်ရေးစွမ်းအား တိုးလာစေပါမယ်။

နောက်ထပ် အရေးပါတဲ့ အချက်ကတော့ (ASBM) သဘောင်္တိုက်ခိုက်ရေး တိုက်ချင်းပြစ် ဒုံးပျံအစီအစဉ် ဖြစ်ပါတယ်။ ဒါဟာ တရုပ်အာရုံစိုက်တဲ့ ဒုံးပျံတည်ဆောက်ရေး၊ အစဉ်အလာသုံး တိုက်ချင်းပြစ်နဲ့ ခရုစ်ဒုံးပျံ ဖြစ်ပါတယ်။ အရင် (ယူအက်စ်) အစိုးရကြေညာချက်တွေထဲမှာ အသေးစိတ်တွေနဲ့ပါ ပေါင်းလိုက်ရင် ဒါဟာ တိကျလှတဲ့၊ လွှမ်းခြုံမှုရှိတဲ့ အစီအမံရဲ့ ရနိုင်သမျှ လက်ရှိအခြေအနေနဲ့ စွမ်းရည်ဖေါ်ပြချက် ဖြစ်ပါတယ်။ တရုပ်ဟာ ဆက်ပြီး ကီလို ၁၅ဝဝ ကျော် ရောက်နိုင်တဲ့ DF-21D ASBM တွေကို ကိုင်တွယ်ကစားနိုင်စွမ်းရှိတဲ့ လက်နက်ထိပ်ဖူးတွေပါ တပ်ဆင်ပြီး ချထားပါတယ်။ ဒါကို ၂ဝ၁ဝ ကတည်းကလို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ DF-21D ကနေ သင်္ဘောအကြီးစားတွေကို တိုက်ခိုက်နိုင်စွမ်း PLA ကိုပေးပါလိမ့်မယ်။ ဒါတွေထဲမှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းက လေယာဉ်တင် စစ်သင်္ဘောကြီးတွေ ပါဝင်ပါတယ်။

ဒါတင်မကသေးပါ၊ PLA Navy ဟာ သူ့ရဲ့ (OTH) မိုးကုပ်စက်ဝိုင်းအထက် ပစ်မှတ်ရွေးချယ်နိုင်စွမ်းရှိတဲ့ Sky wave နဲ့ Surface wave OTH ရေဒါတွေဟာ စောင့်ကြည့်ရေးဂြိုလ်တုတွေနဲ့ ချိတ်ဆက်ပြီး တရုပ်ကနေ အလွန်ဝေးတဲ့ ပစ်မှတ်ကို ရှာဖွေနိုင်စွမ်းရှိစေပြီး အတိအကျ တိုက်ခိုက်နိုင်စွမ်းကို အထောက်အကူပေးပါမယ်။ ASBMs တွေချထားတာလဲ ပါပါတယ်။ ပိုအဝေးရောက်နိုင်စွမ်းရှိတဲ့ ASBMs တွေလဲ တည်ဆေက်ကောင်း တည်ဆောက်နိုင်တယ်လို့လဲ အစီရင်ခံစာက အမြွက် ပေးထားပါတယ်။ ဘေဂျင်းဟာ “တာဝေး ပါဝါမျှော်မှန်းချက်” အတွက် စစ်ရးအစီအမံနဲ့ လက်နက်ဒီဇိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်လို့ ပြောတာဖြစ်ပါတယ်။ အဓိကစနစ်တွေ နေရာချထားပြီးကောင်းပြီးနေမယ်။ ဒါမှမဟုတ် တည်ဆောက်နေမယ်။ ဒါတွေထဲမှာ တိုက်ချင်းပြစ်ဒုံးပျံတွေ၊ စစ်သဘောင်္ဖျက် လက်နက်တွေ ပါဝင်မယ်။

နယူကလီယာဘက်မှာတော့ ဘေဂျင်းဟာ “ဒုတိယ တိုက်ခိုက်ရေးစွမ်းရည်” ကို ရထားပြီးဖြစ်အောင်/ခိုင်မာပြီးဖြစ်အောင် ကြိုးပမ်းနေပါတယ်။ အရေးပါတဲ့ လုပ်ဆောင်မှုတွေ လွန်ခဲ့တဲ့ဆယ်စုနှစ်ထဲမှာ ရှိခဲ့တယ်။ “စီ-တူး (ကွန်မင်း + ကွန်ထရိုး)၊ ထောက်ပံ့ရေး၊ ဒုံးပျံနဲ့ ရေတပ်တွေအပါအဝင်” သူ့စစ်ရေးအင်အား အားလုံးကို အလုပ်လုပ်နိုင်အောင် ခေတ်မီ ရှေ့ရောက်၊ အနက်ကြီးထဲ မြှုပ်ထားနိုင်တဲ့ အခင်းအကျင်းတွေ တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါဟာ နယူကလီယာနဲ့ “ပထမအကြိမ် တိုက်တာကနေ ရှင်နေနိုင်အောင်” ဖြစ်ပါတယ်။ “ရှိပြီးသားနဲ့ မျှော်မှန်းထားတဲ့ အင်အားတည်ဆောက်မှု တိုးတက်လာခြင်း”၊ ဒါကနေ “ရန်သူစစ်သင်္ဘောတွေကို တရုပ်ကမ်းခြေကနေ အကွာအဝေး နော်တီကယ် မိုင် ၁ဝဝဝ အထိ ရင်ဆိုင်နိုင်တဲ့ စနစ်တွေကို တရုပ်စစ်တပ်ကနေရလာမှာ ဖြစ်ပါတယ်။”

PLAN ဟာ ခရုစ်ဒုံးပျံသုံးပြီး သင်္ဘောအခြေပြု ကမ်းတက်စွမ်းရည်သစ်ကိုလည်း တည်ဆောက်နေပါတယ်။ အစီရင်ခံစာမှာ တရုပ်ကာကွယ်ရေးစက်ရုံကနေ များမြောင်တဲ့အရင်းအမြစ်တွေ သုံးနိုင်စွမ်းကို မှန်းဆထားပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ခေတ်အမီဆုံး မြေပြင်ကဝေဟင် တာဝေးပြစ်ဒုံးပျံစနစ် (SAM) ချထားနိုင်တဲ့အတွက် တရုပ်ကို အမှတ်ပေးထားပါတယ်။ ဆယ်စုနှစ်ကနေ အပြောင်းအလဲတွေ တသီကြီးထဲမှာ တရုပ်တပ်မတော်ရဲ့ ဒုံးပျံနဲ့ တခြားတည်ဆောက်မှုတွေဟာ (တိုင်ဝမ်) ရဲ့ အစဉ်အလာသုံး ကာကွယ်ရေးနည်းပညာ အလေးသာမှုနဲ့ ပထဝီအနေအထားကို အများကြီး ချေဖျက်နိုင်နေပါပြီ။ (တိုင်ပေ) ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ပင်မတရုပ်ပြည်ကြီးရဲ့ ၁ဝ ပုံ၁ ပုံသာရှိတာပါ။

တရုပ်ကာကွယ်ရေးစက်ရုံကြီးရဲ့ သက်ရောက်မှုဧရိယာတွေထဲမှာ ဒုံးပျံ၊ အာကာသနဲ့ သင်္ဘော တည်ဆောက်ရေးတွေ ပါဝင်ပါတယ်။ အစီရင်ခံစာကနေ တရုပ်ကို ကမ္ဘာမှာ သင်္ဘောတည်ဆောက်ရေးမှာ ထိပ်တန်း စာရင်းဝင်နိုင်ငံတွေထဲက တခုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ နောက်ပြီး တရုပ်ရဲ့ တိုက်ချင်းပြစ်နဲ့ ခရုစ်ဒုံးပျံ စက်ရုံတွေဟာလဲ တခြား နိုင်ငံတကာ ထိပ်တန်း ထုတ်လုပ်သူ စာရင်းဝင်တွေနဲ့ ယှဉ်နိုင်ပါတယ်။ ဆက်ပြီး တိုးတက်ဘို့ကောင်းတဲ့အနေအထားမှာလဲ ရှိပါတယ်။ တရုပ်ဒုံးပျံနဲ့ အာကာသစက်ရုံတွေဟာ “မူလ-နောက်ဆုံး တပ်ဆင်မှုနှင့် (ရော့ကက်မော်တာ) ထုတ်လုပ်ရေး အစီအစဉ်များ အဆင့်မြှင့်တင်ရေး” ကနေ အကျိုးကျေးဇူးရခဲ့တယ်။ အများအပြား တိုးပွါးနေတဲ့ အာကာသ လွှတ်တင်ရေး စက်ရုံဟာ ၂ဝ၁၂ ထဲမှာ တခြား စနစ်တွေ၊ အဝေးထိန်းအာရုံခံ အသစ် ၁၁ ခုအပြင် လွှတ်တင်စင် ၁၈ ခုရှိခဲ့ပါတယ်။ တရုပ်သင်္ဘောကျင်းတွေဟာ အရည်အသွေးနဲ့ ဆန်းကျယ်ရှုတ်ထွေးမှုတွေ တိုးတက်လာခဲ့ပါတယ်။ ဥပမာ စီမံခန့်ခွဲမှုနဲ့ (ဆော့ဖဝဲ) တိုးတက်လာခြင်းတွေရှိလာလို့ နိုင်ငံခြားအကူအညီအပေါ် မှီခိုမှုနည်းလာစေပြီး အမျိုးမျိုးသော ပလက်ဖေါင်းတွေနဲ့ စနစ်တွေ ဖြစ်လာစေတယ်။ တခြားတရုပ် သုတေသနလားရာတွေက ထင်ရှားသိသာပါတယ်။ အစီရင်ခံစာကနေ (UAVs) လူမပါတဲ့ လေယာဉ်တည်ဆောက်ရေးကိုလဲ အရေးပါတဲ့ အာရုံစိုက်မှု ပေးထားပါသေးတယ်။ ဒါတွေဟာ လူမပါတဲ့ တိုက်ပွဲဝင် လေယာဉ် (UCAVs) တွေဟာ PLA သုံးဘို့နဲ့ နိုင်ငံခြားတိုင်းပြည်တွေအတွက်လဲ ဖြစ်ပါတယ်။ ဒါတွေဟာ တည်ဆောက်ရေး/ပိုင်ဆိုင်ရေးအတွက် ဖြစ်ပါတယ်။

တရုပ်ရေတပ်မှာ အာရှရဲ့ အကြီးဆုံးတိုက်ခိုက်ရေးတပ်သားတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ ကမ်းတက်စစ်ဆင်ရေး သင်္ဘောတွေ ရှိပါတယ်။ တရုပ်ဟာ နောက် ၁၅ နှစ်အတွင်းမှာ လေယာဉ်တင်သင်္ဘောတွေ အများအပြား ထုတ်လုပ်မယ်လို့ မှန်းဆပါတယ်။ မျှော်မှန်းတာက (ဘေဂျင်း) ဟာ နောက် ၁ဝ နှစ်အတွင်း “ဝင်နိုင်တဲ့နေရာ” များစွာ တည်ထောင်မယ်လို့ ဖြစ်ပါတယ်။ ဖြစ်နိုင်တာတွေက မလက္ကာ၊ လွမ်ဘောက် နဲ့ ဆူးဒါရေလက်ကြားတွေမှာ လက်ရှိ PLA အတွက် အလှမ်းကွာ အော်ပရေးရှင်းတွေအတွက် အကန့်အသတ်ရှိနေသေးတဲ့ လောင်စာဆီဖြည့်တင်းရေး၊ အသစ်မွမ်းမံရေး၊ တပ်ဖွဲ့ပြန်စီစဉ်ရေး၊ အနိမ့်စားကြံ့ခိုင်ရေး သဘောတူညီချက်တွေအတွက် ဖြစ်ပါမယ်။ အစီရင်ခံစာကနေ သတိထားပြီး အာရုံစိုက်မှု ပေးထားတာကတော့ ဒီ (ဆားဗစ်) တွေဟာ အမေရိကန်ပုံစံ သဘောတူညီချက်တွေလို အပြည့်အဝ ထောက်ကူမှုနဲ့ ပြုပြင်ရေးကနေ အင်အားဖြည့်တင်းရေးဆိုတာထက်တော့ နိမ့်ကျပါတယ်။

ဒီလိုတိုးတက်လာနေတဲ့ နယ်ပယ်တွေရှိနေပေမဲ့ PLA ရင်ဆိုင်နေရတာကတော့ ရေရှည်ရှိခဲ့တဲ့ အားနည်းချက်နဲ့ အသစ် ဖြစ်နေတဲ့ စိန်ခေါ်မှုတွေပါဘဲ။ PLA ကနေကျော်လွှားနိုင်အောင်ကြိုးပမ်းနေပေမဲ့ ပစ္စုပ္ပါန်အကန့်အသတ်ကတော့ အစွမ်းထက်တဲ့ ပင်လယ်ရေနက်၊ ရေငုပ်သင်္ဘောဖျက်စွမ်းရည် မရှိသေးတာဖြစ်ပါတယ်။ ဒါနဲ့ဆက်နေတဲ့ မသေချာမှုကတော့ တိကျတဲ့ ပစ်မှတ်ရွေးသတင်းအချက်အလက်တွေ စုဆောင်းပြီး၊ တိုက်ခိုက်ရေး အချိန်မျိုးမှာ ပစ်စင်တွေဆီကို ပထမကျွန်းတန်းကနေကျော်ပြီး ပေးပို့နိုင်မလားဆိုတာဖြစ်ပါတယ်။ တခြားတိုးတက်မှုတွေကနေ သူတို့အင်အားကို ခက်ခဲတဲ့မေးခွန်းတွေနဲ့ PLA ဟာ သူတို့ဖါသာ ရင်ဆိုင်ရစေပါတယ်။ ယေဘုယျပြောရရင် သတင်း အချက်အလက်နည်းနာနဲ့ အမိန့်ပေးနဲ့ထိန်းချုပ်ရေးကို အပြည့်အဝအကောင်အထည်ဖေါ်နိုင်ဘို့ရာ PLA အဖို့ လေ့ကျင့် ထားတဲ့အင်အား မလုံလောက်ခြင်းနဲ့ ဗဟိုထိန်း၊ အသေးစိတ်ကအစ လိုက်ပြီးစီမံရေးယဉ်ကျေးမှုကို ကျော်လွှားဘို့ လိုနေတာဖြစ်ပါတယ်။ ပိုပြီးတိတိပပပြောရရင်တော့ “ပြောင်းရွှေ့နိုင်တဲ့ ICBMs တွေ ပိုပြီး ပိုင်ဆိုင်လာခြင်း နဲ့ SSBN ကာကွယ်ရေးကင်းလှည့်ခြင်း အစပျိုးလာနိုင်ခြင်းတွေကနေ PLA ကို ပိုကြီးမားပြီး ပိုကျယ်ပြောတဲ့ အင်အားအတွက် ပိုပြီးရှုတ်ထွေးတဲ့ အမိန့်ပေးနဲ့ ထိန်းချုပ်ရေးစနစ်တွေနဲ့ နယူကလီယာလွှတ်နိုင်တဲ့ အာဏာကို စိတ်ချလုံခြုံမှုမျိုး ဖြစ်လာစေအောင် တွန်းအားပေးနေပါတော့တယ်။”

နောက်ဆုံးအားဖြင့် တရုပ်တပ်မတော်ရဲ့ တိုးတက်လာမှုတွေကို အပြည့်အစုံ ရှင်းရှင်းလင်းလင်း တင်ပြထားပေမဲ့ အစီရင်ခံဟာကို ခြုံကြည့်လိုက်ရင် အနိဋ္ဌာရုံအမြင်သဘော မဆောင်ပါ။ PLA ရဲ့ နှစ်ဦးနှစ်ဘက်နဲ့ ဘက်ပေါင်းစုံ စစ်ရေး လေ့ကျင့်ခန်းတွေ၊ တရုပ်-အမေရိကန် စစ်ရေးထိစပ်မှုနဲ့ အပြန်အလှန်ရှိမှုတွေကိုလည်း ဖေါ်ညွှန်းထားပါတယ်။ အစီရင်ခံစာ ပြုစုသူတွေဟာ ဘေဂျင်းကနေ နိုင်ငံရေးမတူညီမှုကို ထုတ်ဖေါ်ရာမှာ ကန့်သတ်မှုလုပ်တာမျိုး ဒါမှမဟုတ် တခါတလေ ပယ်ဖျက်မှုလုပ်တာမျိုးတွေဆိုတဲ့ အရှိတရားရဲ့ ဖိအားခံရမလား စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှု တည်ဆောက်ရေး အပြန်အလှန်ရှိမှု ဖြစ်နိုင်ချေတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအလေ့အထကို ဆက်ထိန်းထားနိုင်ဘို့အတွက် ယူအက်စ် အစိုးရပေါ်လစီတရပ်ချမှတ်ဘို့ရာ တာဝန်ရှိမှုဆိုတာ ပါရှိထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တခြားပိုဆိုးတဲ့ (အခုလဲဆိုးတဲ့) ရွေးစရာမျိုးကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဘယ်လိုဘဲ မရေရာမှုတွေနဲ့ စိုးရိမ်စရာကောင်းတာတွေရဲ့ တွန်းအာတွေခံနေရပေမဲ့ ဒီအစီရင်ခံစာရဲ့ ချဉ်းကပ်ပုံဟာ “သုညအဖြေထွက်စေမှာမျိုး” မဟုတ်ပါ။

ယူအက်စ် ထောက်လှမ်းရေး ကွန်မြူနတီကတော့ တိကျတဲ့တိုးတက်မှုတွေရဲ့ ဒေတာတွေမျိုးစုံကို လမ်းလှမ်းမီပါတယ်။ တခြားလေ့လာသူတွေမှာတော့ လူ ဒါမှမဟုတ် အသိုင်းအဝိုင်း နေရာဌာနတွေကြောင့် အဲလို သတင်းအချက်အလက်တွေ မရနိုင်ကြလို့ အစိုးရရဲ့ အများသိစေအောင်ထုတ်ပြန်ချက်တွေအပေါ်မှာ တစိတ်တဒေသ အားကိုးပြီး သိချင်တဲ့ အရေးအရာတွေကို ထုတ်ဖေါ်ကာ သေချာအောင်လုပ်ကြရပါတယ်။ ပြောင်းလဲဖြစ်စဉ်နဲ့ အရေးကြီးမှု အရေးအရာတွေဟာ အထိမခံအောင်ရှိနေချိန်မျိုးမှာ တဦးချင်းပုဂ္ဂိုလ်တွေတလှေကြီးနဲ့ နိုင်ငံခြားအစိုးရအများကြီးကိုပါ အနှစ်ပါတဲ့အစီရင်ခံစာကို လမ်းလှမ်းမီစေပါတယ်။ ယူအက်စ်အခွန်ပေးပြည်သူတွေကိုလဲ စစ်ရေးစွမ်းရည် တည်ဆောက်ရေးနဲ့ ထိန်းသိမ်းရေးအတွက် သူတို့ကို ဘာလို့ ရံပုံငွေတွေတောင်းနေသလဲဆိုတဲ့မေးခွန်းအတွက် အသိပေးအကြောင်းကြားရပါမယ်။ ဒီမိုကရေစီ တခုမှာ မှီတည်နေတဲ့ လူထုရဲ့အပေါ်စီးကကြည့်နိုင်ခွင့်ကိုပါ အသုံးချစေရမယ်။ မဟာမိတ်နဲ့ မိတ်ဆွေအစိုးရတွေနဲ့ သူတို့ရဲ့ တိုင်းသူ ပြည်သားတွေကိုလည်း နှစ်ဦးနှစ်ဖက် အကျိုးစီးပွါးနဲ့ နားလည်မှုအခြေခံပေါ်မှာ ဝါရှင်တန်နဲ့ သင့်တော်တဲ့ တည်ဆောက်မှုတွေနဲ့ စစ်ရေးဆက်စပ်မှုတွေ ဆက်ထိန်းသိမ်းဘို့ရာ အသိပေးနေရမယ်။

ဒါ့ပြင် တရုပ်ကိုယ်တိုင်ကလည်း သူတို့ဆန္ဒရှိသလို သူတို့ရဲ့ ရီပို့တ်တွေ ထုတ်ဝေဘို့ရာ လွတ်လပ်မှုမရှိပေမဲ့ သူ့ရဲ့စစ်ရေး တိုးတက်မှုကို သူများတွေက ဘယ်လိုနားလည်ကြမယ်ဆိုတာ သိသင့်ပါတယ်။ ဒီအချက်တွေကိုထောက်ရှုပြီး DoD ကို ဒီလို အနှစ်သာရပါပြီး အချိန်နဲ့အညီ တရုပ်ရဲ့ စစ်ရေးတည်ဆောက်မှုတွေရဲ့ အစီရင်ခံစာတွေထုတ်ပြန်ဘို့ရာ လမ်းညွှန်မှု ပေးသင့်ပါတယ်။ ဒီထဲမှာပါတာတွေကို တိကျတဲ့အနှစ်သာရအပေါ်မှာ နိုင်ငံရေးဆောင်ပုဒ်တွေ နားလည်မှု လွဲစေမဲ့ မတရား စွဲချက်တွေနဲ့ တံမြက်စီးလှည်းသလိုတွေ မဟုတ်စေဘဲ အပြုသဘော ဆွေးနွေးငြင်းခုံဘို့ လိုပါတယ်။

တရုပ်ရဲ့ တန်ပြန်ချက်
အထက်ကသုံးသပ်ချက်ဟာ အမေရိကန်အမြင်နဲ့ ရေးတာပါ။ တရုပ်ဘက်လဲ တန်ပြန်ရေးသားမှုတွေ ရှိပါတယ်။ “(ပင်တာဂွန်) အစီရင်ခံစာဟာ ယုံကြည်မှုတည်ဆောက်ရေးကို သွေဖီစေသည်” ဆိုတဲ့သတင်းကို ၉-၅-၂ဝ၁၃ နေ့မှာဘဲ (ဆင်ဟွာ) သတင်းဌာနကနေ ရေးသားလိုက်ပါတယ်။

တရုပ်ရဲ့ စစ်ရေးတည်ဆောက်မှုအပ်ါကို လွဲပြီးကောက်ယူထားတဲ့ (ပင်တာဂွန်) အစီရင်ခံစာတခုဟာ အမေရိကန် ပြည်ထောင်စုနဲ့ တရုပ်အကြား တည်ဆောက်နေတဲ့ ယုံကြည်မှုနဲ့ ပုံမှန်ဆက်ဆံရေးကို သွေဖီစေပါတယ်။ တရုပ်ရဲ့ (ဆိုက်ဘာ) လုံခြုံရေးကိစ္စမှာ သံတမန်ဆက်ဆံရေးလုပ်တာနဲ့ ရှေ့နေလိုက်ပေးတာတွေမှာ တိုးတက် လုပ်ဆောင်နေတာကို အသိအမှတ်ပြုထားပေမဲ့ တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်တဲ့ အစီရင်ခံစာထဲမှာ ၂ဝ၁၂ ခုနှစ် အမေရိကန်အစိုးရ ကွန်ပြူတာကွန်ယက်ကို ဦးတည်ပြီး တိုက်ခိုက်မှု တချို့မှာ တရုပ်အစိုးရနဲ့ စစ်တပ်ကနေ တိုက်ရိုက်ပါဝင်ခဲ့နိုင်တယ်လို့ ဆိုထားတာတွေ့ရပါတယ်။

ဒီအစီရင်စခံစာကနေ တရုပ်ဟာ (ဆိုက်ဘာ) သူလျှိုလုပ်ငန်းလုပ်ပြီး သူ့ကာကွယ်ရေးစက်ရုံ၊ စစ်ရေး (ပလင်) ချသူတွေနဲ့ အစိုးရခေါင်းဆောင်တွေအကျိုးအတွက် လုပ်ခဲ့တယ်လို့ ထပ်ပြီးစွပ်စွဲထားပါသေးတယ်။ အစီရင်ခံစာဟာ အဲလို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပြည့်နေပါတယ်။ ဒီလုပ်ဆောင်မှုဟာ နှစ်ဘက်လုံးကနေ လုံးပမ်းနေကြတဲ့ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေးမူနဲ့ ဖီလာဖြစ်နေတာပါ။

ပြီးခဲ့တဲ့နှစ်ကတည်းက တရုပ်-အမေရိကန် ဆက်ဆံရေးဟာ အပြုသဘောဘက်ကို ဦးတည်လာနေခဲ့ပါတယ်။ ထိပ်တန်း ခေါင်းဆောင်တွေ အပြန်အလှန်လည်ပါတ်ကြပါတယ်။ (ယူနိုက်တက် စတိတ်) ကနေ တရုပ်ကို ၂ဝ၁၄ ပစိဖိတ်ကမ်းခြေ လေ့ကျင့်ခန်းအတွက် ဖိတ်ကြားထားပါတယ်။

တလမတိုင်ခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး (ဂျွန် ကယ်ရီ) ကနေ အမေရိကန်ပြည်ထောင်စုက တရုပ်နဲ့ အားကောင်းပြီး ပုံမှန် (စပါယ်ရှယ်) ဆက်ဆံရေး ရှိချင်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော အာရှတိုင်းပြည်ဟာ ကမ္ဘာကိုရှေ့ဆက်တိုးတက်ရေးမှာ စွမ်းဆောင်နိုင်တဲ့ ကြီးမားတဲ့အင်အားဖြစ်လို့ပါဘဲတဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် အစီရင်ခံစာပါ လွဲမှားတဲ့ စွပ်စွဲချက်တွေကနေ အရှိန်ကိုထိခိုက်စေပါလိမ့်မယ်။

တရုပ်ဟာ အစဉ်သဖြင့် ငြိမ်းချမ်းတဲ့လမ်းစဉ်ကို လျှောက်ပါတယ်။ စစ်ရေးဗျူဟာကို ကာကွယ်ရေးအတွက်သာ သုံးပါတယ်။ ဒီလိုကနေ အာရှ၊ ပစိဖိတ်နဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေးစောင့်ရှောက်မှုအတွက် သစ္စာရှိတဲ့အင်အားဖြစ်လာပါပြီ။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတာက ပူးပေါင်းဆောင်ရွက်ရေး ပါတနာဖြစ်မှုနဲ့ (အင်တာ-ပါဝါ) ဆက်ဆံရေး အသစ်ကို စူးစမ်းဖေါ်ဆောင်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဦးတည်ချက်တွေကိုရောက်အောင် နှစ်ဘက်လုံးကနေ တွေ့ဆုံ ဆွေးနွေးရေး အရှိန်မြှင့်ပြီး ဒုက္ခရောက်မှာတွေကို ရှောင်ရှားရေးအတွက် ရိုးသားတဲ့ လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။

အင်တာနက်လုံခြုံရေးကိုပြောရရင် တရုပ်ကိုယ်တိုင်ကလည်း ခံရနိုင်တဲ့အနေအထားမှာသာရှိပြီး မကြာမကြာ (ဆိုက်ဘာ) တိုက်ခိုက်မှုရဲ့ သားကောင်ဖြစ်နေရတာပါ။ (ဆိုက်ဘာ စပေ့စ်) ကို စစ်မြေပြင်အဖြစ် မပြောင်းဘဲ အမေရိကန်ဟာ ပိုပြီး လုံခြုံတဲ့ (ဆိုက်ဘာ) ဖြစ်ရေး တရုပ်နဲ့ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်။

မြန်မာ့အမြင်
ဆွေးနွေးကြစေချင်ပါတယ်။ ကျွန်တော့်အမြင် ပေါ့သေးသေးမထင်ပါ။ “မြန်မာပြည်မှာ အရင်နဲ့မတူတော့တာတွေ ဖြစ်လာတာဟာ (၁) အပြင်ကနေလာတဲ့ဖိအား၊ (၂) အထဲကတွန်းအားတွေနဲ့ (၃) မြန်မာ့ခေါင်းဆောင်တွေရဲ့ မဟာအမှားတွေကြောင့် မလုပ်မဖြစ်လို့ လုပ်လာရတာတွေပါ။” မှားပြီးသားတွေ ပြင်နိုင်အောင်၊ ဆက်မမှားအောင်၊ ထပ်မမှားအောင်ဆိုရင် ဆုံးဖြတ်ချက်ချသူ လူတစုနဲ့တော့မရပါ။ ဦးနှောက်တွေ များများအသုံးပြုရပါမယ်။ လူသားအရင်းအမြစ်ဆိုတာ ကုန်ထုတ်လုပ်ရာမှာသာ လိုတာမဟုတ်ပါ။ တိုင်းပြည်ကာကွယ်ရေးကို လူလေးသိန်းနဲ့တော့ မရနိုင်တာ သိသင့်ပါပြီ။ “လေးသိန်းကလဲ ကာကွယ်ရေးတာဝန်ကိုတော့ မထမ်းချင်၊ နိုင်ငံရေးဦးဆောင်မှုနဲ့ စီးပွါးရေး အုပ်စီးဘို့သာ လုပ်ချင်နေကြတာ ခက်ပါတယ်။”

“စစ်ရေးစွမ်းရည် တည်ဆောက်ရေးနဲ့ ထိန်းသိမ်းရေးအတွက်ရံပုံငွေတွေ သူတို့ကို ဘာလို့တောင်းနေသလဲဆိုတဲ့ မေးခွန်းအတွက် အခွန်ပေးပြည်သူတွေကို အသိပေးအကြောင်းကြားရမယ်။ ဒီမိုကရေစီတခုမှာ မှီတည်နေတဲ့ လူထုရဲ့ အပေါ်စီးက ကြည့်နိုင်ခွင့်ကိုပါ အသုံးချစေရမယ်” ဆိုတာကို မြန်မာသမ္မတ အမေရိကခရီးစဉ်မှာ လေ့လာခွင့်ရခဲ့ပါစေလို့ ဆုတောင်းပါကြောင်း။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၃

ကိုးကားချက်များ
• Pentagon report deviates from building trust http://www.chinadaily.com.cn/china/2013-05/09/content_16486338.htm
• Pentagon report once again falsely criticizes China’s military non-transparency http://www.thechinawatch.com/2012/05/pentagon-report-once-again-falsely-criticizes-chinas-military-non-transparency/
• The Diversified Employment of China's Armed Forces http://news.xinhuanet.com/english/china/2013-04/16/c_132312681.htm
• U.S. Navy Take Notice: China is Becoming a World-Class Military Shipbuilder http://thediplomat.com/2012/11/01/u-s-navy-take-notice-china-is-becoming-a-world-class-military-shipbuilder/
• Pentagon Report Reveals Chinese Military Developments http://thediplomat.com/2013/05/08/back-on-track-pentagon-report-reveals-chinese-military-developments/
• Myanmar: US, China And An Eastern Great Game? – Analysis http://www.eurasiareview.com/20032013-myanmar-us-china-and-an-eastern-great-game-analysis/