Friday, May 17, 2013

ငြိမ်းချမ်းရေးထက် စစ်ရေးက အလေးသာနေသော မြန်မာ

မေလ (၁၄) ရက်နေ့ထုတ် True News Weekly
လူသာလင်း

မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကားထင် ထားသကဲ့သို့မြင်တတ်ခဲလှပါသည်။ ဆိုရလျှင် ပြင်ပကမ္ဘာမှ နားမလည်နိုင်သော နိုင်ငံတစ်ခု ဖြစ်နေဆဲပင်။ မတ်လစောစောပိုင်းတွင် ဥရောပသို့ အလည်အပတ် ခရီးသွားစဉ် မြန်မာ သမ္မတ ဦးသိန်းစိန်က “နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြားမှာဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေကိုကျွန်တော်တို့ အဆုံးသတ်ပစ်နိုင်ခဲ့ပါပြီ”ဟု အခိုင်အမာဆိုခဲ့ပါသည်။

သို့သော်ငြား ပြည်တွင်းတွင်မူ မြန်မာ့မြောက်ဖျားဒေသမှ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို မြန်မာ့တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေဆဲ။ ရှမ်းပြည်နယ်တွင် မြန်မာအာဏာပိုင်များနှင့် ရှမ်းပြည်နယ်တပ်မတော် SSA တို့ ကြားရယူ ထားခဲ့သော ခနော်နီခနော်နဲ့ အပစ်အခတ်ရပ်စဲရေးကြားမှ ထိတွေ့တိုက် ခိုက်မှုများမှာ နေ့စဉ်နေ့တိုင်းလို ဖြစ်ပွားဆဲ။ ကရင်ပြည်နယ်တွင်လည်း ထိုင်းနိုင်ငံနှင့် နယ်ချင်းစပ်လျက်ရှိသော တောင်ကုန်း တောင်တန်းများတွင် အစိုးရတပ်များက စခန်းသစ်များ ပိုမိုရယူနေကြဆဲပင်။

သို့တစေ မြန်မာအစိုးရ၏အပြောနှင့်အလုပ် မညီမှုက အနောက်တိုင်း အန်ဂျီအိုအဖွဲ့များနှင့် ဉာဏ်ကြီးရှင်အဖွဲ့များ၏ အမျိုးမျိုးအထွေထွေသော ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ငန်းများကို အဟန့်အတား မဖြစ်စေခဲ့ပါ။ တစ်ချိန်တည်းတွင် သူတို့နှင့်လုံးဝမတူသော အင်အားကြီး နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြီးမှူးနေပြန်သည်။ နှစ်နိုင်ငံကြား နယ်စပ်ဖြတ် ကျော်ကုန်သွယ်ရေး လုပ်ငန်းအပေါ် အထူးထိခိုက်စေခဲ့သည့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ လူမျိုးစုပဋိပက္ခများ ချုပ်ငြိမ်းသည်ကို မြင်လိုပါကြောင်း သွားလေသူ ဝန်ကြီးချုပ် ဟောင်းဝမ်ကျားပေါင်က မတ် ၁၃ ရက် တွင်ပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဦး ပြည်တွင်းရေကို တစ်ဦးမစွက်ဖက်ရေး အပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်အပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံနှင့် ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများကို ဆက်လက်ဖွံ့ဖြိုးတိုး တက်စေမည် ဖြစ်ကြောင်းလည်း ဝမ်က အာမခံခဲ့သည်။ တကယ့်တကယ်တွင် တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေး၌ ဝင်ရောက် စွက်ဖက်သော ရှည်ကြာသည့် သမိုင်းတစ်ခု ရှိခဲ့ဖူးပါသည်။

ပြန်ပြောင်းကြည့်ရှုလျှင် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ ယခုအချိန်တွင် မရှိတော့ပြီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်တို့ကို စစ်ရေးအထောက်အပံ့ အကြီးအကျယ်ပေးခဲ့ပါသည်။ သို့သော် ကျန်အာရှနိုင်ငံများသို့ တော်လှန်ရေးကို တင်ပို့သည့် တရုတ်နိုင်ငံ၏ပေါ်လစီထက် ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ငြိမ်းချမ်းရေးအမှတ်တံဆိပ် တင်ပို့ရေးက ပို၍အောင်မြင်စရာရှိ ပါလိမ့်မည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုက တရုတ်နိုင်ငံအတွက် တိုက်ရိုက် အကျိုး စီးပွားဖြစ်နေသည်။ အထူးသဖြင့် ဒေသတွင်း ကျောက်စိမ်းရောင်းဝယ်ရေး၊ ဓာတ်သတ္တုတူးဖော်ရေး၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ လက်လီကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ကချင်ပြည် နယ်တွင်ဖြစ်ပါသည်။ ပြဿနာကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ နည်းလမ်းမှာ အနောက်တိုင်းမှ ပါဝင်ပတ်သက်သူများ၏ “တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ သွားသော သတိကြီးကြီး သိမ်သိမ် မွေ့မွေ့ချဉ်းကပ်မှုနှင့် သိသိသာသာ ခြားနားပါသည်။ KIA ကို ဖိအားပေးပြီး မြန်မာစစ်တပ်များကို တရုတ်နယ်မြေထဲမှ ကွေ့ပတ်တိုက်ခွင့်နှင့် ရိက္ခာ ဖြည့်တင်းခွင့်ပေးခြင်းဖြင့် နေပြည်တော်အစိုးရကို မက်လုံးပေးခဲ့သည်။ ထိုသို့တစ်ဖက်က “မုန့်” ပြခဲ့သလို၊ အခြားတစ်ဖက်ကလည်း “တုတ်”ကိုပြခဲ့သေးသည်။

ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော ဂျိန်းသုတေသန အဖွဲ့၏ ထောက်လှမ်းရေး သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး လူမျိုးစုတပ်ဖြစ်သော “ဝပြည်ညီညွတ်ရေး တပ်မတော် UWSA” သို့ လူသယ်ဆောင်နိုင်သော လေကြောင်းကာကွယ်ရေး စနစ်များ MANPADS နှင့် UWSA ၏ ၂၃ နှစ်ကြာသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် တရုတ် နိုင်ငံလုပ် သံချပ်ကာယာဉ်များအပါအဝင် စစ်အသုံး အဆောင်အမြောက်အမြား တရုတ်က ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ UWSA သည် ၁၉၈၉ ခုနှစ် ကတည်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရယူခဲ့ရာ တရုတ်နယ်စပ်နှင့်ကပ်လျက် ဝထိန်းချုပ်ထားရာ စတုရန်းကီလိုမီတာ ၂ဝ,ဝဝဝ နီးပါးရှိ လူမျိုးစုဒေသတွင် တရုတ်က မီးပွား ချရန် ရည်ရွယ်သည်ဆိုပါက အံ့အားသင့်စရာ ဖြစ်ပါလိမ့်မည်။ သို့သော် UWSA ကို လက်နက် အကြီးအကျယ် တပ်ဆင်ခွင့်ပေးလိုက်ခြင်းဖြင့် တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ တိုးမြှင့်နေသော နေပြည်တော်ကိုအခိုင်အမာ သတင်းစကားတစ်ရပ် ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့်ဖြစ်သော အနောက်နှင့် ဆက်ဆံရေးများ တိုးတက်ရန် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မပျော်ပိုက်နိုင်ခြင်းမှာ ယခုအချိန်တွင် အများသိကြပြီ ဖြစ်သည်။
ကချင်ပြည်နယ်တွင်းရှိတရုတ် ကျောထောက် နောက်ခံပြုသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ဧရာမဆည်ကြီး တည်ဆောက်မှုကို ဆိုင်းငံ့ထားရန် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်း မြန်မာအစိုးရ၏ ဆုံး ဖြတ်ချက်နှင့်ပတ်သက်၍ ဘေဂျင်းမှာ မခံချိမခံသာ ဖြစ်နေဆဲပင်။ ထိုမှ ၂ လ အကြာတွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာ၏ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးတွင် တရွေ့ရွေ့ ခွဲခွာမှုဖြစ်စဉ် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အနောက်ကလည်း စိတ်အားထက်သန်မှုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများကို ဖောဖောသီသီကတိ ပြုခဲ့သည်။ တစ်ချိန်တည်းတွင် တိုင်းရင်းသားလူမျိုးစုဒေသများရှိ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဝေဖန်ချက်များ မှာလည်း အနောက်တိုင်းအစိုးရများ၏ အစီအစဉ်မှ ပျောက်ချင်းမလှပျောက်ကွယ် သွားခဲ့လေတော့သည်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုမှာ ဇန်နဝါရီ ၁၉ရက်တွင် စတင်လာခဲ့ပြီး တရုတ် ကမကထ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့၌ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာ အကဲခတ်ရန် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးဟောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် လျူကျောက်ဟွေကို ဘေဂျင်းက စေလွှတ်ခဲ့သည်။ မတ် ၁၁-၁၂ က ပြုလုပ်ခဲ့သော ဒုတိယအကျော့ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ဝမ်ယင်ဖန်တက်ရောက်ခဲ့ပြီး မြန်မာအစိုးရနှင့် ကချင်အစိုးရတို့ကြား နောင်လာမည့် ဆွေးနွေးပွဲများ အားလုံးကို ဝမ်က ကြီးမှူးသွားရန် တာဝန်ပေးထားခဲ့ကြောင်း ရွှေလီမှ သတင်းရပ်ကွက်များက ဆိုကြသည်။ ထိုသတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာအစိုးရနှင့် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တစ်ခုရရှိရေးအတွက် KIA ကိုလည်း တရုတ်က အကြီးအကျယ် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံ ပါဝင် စွက်ဖက်လာခြင်းနှင့်အတူ နိုင်ငံခြားကြားဝင် ဖျန်ဖြေရေး အားထုတ်မှုများ၏ ဖြစ်နိုင်ခြေအပေါ်တွင်လည်း သံသယပွားစရာများ ဖြစ်ပေါ်လာခဲ့သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုပ်ငန်းစုကြီး တစ်ခုသဘော၊ အချို့ဆိုလျှင် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်း တစ်ခုသဘောအဖြစ် ပြောင်းလဲပစ်ခဲ့ကြသည့် အနောက်တိုင်း အဖွဲ့အစည်းများကလည်း တိုးတက်ပွားများလာခဲ့သည်။

ပထမဆုံး နော်ဝေ ကမကထပြုသော မြန်မာငြိမ်းချမ်းရေးအထောက်အကူအဖွဲ့ Myanmar Peace Support Initiative) ၏နောက်တွင် အလားတူအဖွဲ့များ တသီကြီး ပေါ်ပေါက်လာခဲ့သည်။ ဆွစ်ဇာလန်အခြေစိုက် Center For Humanitarian Dialog ဂျပန်မှ Nippon Foundation နောက် ဦးသိန်းစိန်အစိုးရက အလုံးစုံ ဖန်တီးထားသော မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှတစ်ဆင့် ဥရောပသမဂ္ဂ ကမကထ ပြုသည့်အဖွဲ့များ ရောက်လာသည်။ ဆွီဒင်ဉာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်သော The Institute For Security and Development Policy က တိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု” အတွက်အီးယူမှငွေကြေး ထောက်ပံ့မှုရရှိထားစဉ်၊ ဖင်လန်အန် ဂျီအိုတစ်ခုဖြစ်သည့် Pxcta ကလည်း တစ်နည်းတစ်ဖုံ ပါဝင်ခဲ့ပြန်သည်။ ထို့ပြင်ဖနွမ်းပင် အခြေစိုက် Center for Peace and Conflict Studies ကလည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အခွင့်အလမ်း ရှာနေကြသည်။ လူပုဂိ္ဂုလ် အနည်းဆုံး ၆ ဦးကလည်း သူတို့ကိုယ် ပိုင်တစ်ဦးချင်း အစီအစဉ်များဖြင့် ရောက်ရှိလာကြရာ ဤသို့သော ကြိုးပမ်းမှုအစုစုတို့ အတွက်ဒေါ်လာနှင့် ယူရိုငွေ သန်းပေါင်းများစွာရင်းနှီး မြှုပ်နှံထားကြသည်။ အကျိုးဆက် အားဖြင့် လုပ်ဆောင်ချက်များ ထပ်ကုန်ခြင်း၊ အဖွဲ့အစည်းအသီးသီးကြား အပြိုင်အဆိုင်ဖြစ်ခြင်း၊ ပဋိပက္ခ၏ အရင်းခံ အကြောင်းများကို မဆုပ်ကိုင်မိကြသော အတွေ့အကြုံနည်းသည့် “ငြိမ်းချမ်းရေး အကျိုးဆောင်များ” ၏ နားလည်မှု မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ရသည်။

ဧပြီ ၂၂ ရက်တွင် ဘရပ်ဆဲ(လ်) အခြေစိုက် International Group (ICG) က ဦးသိန်းစိန်ကို နယူးယောက် နှစ်ပတ်လည် ငြိမ်းချမ်းရေး ညစာစားပွဲ၌ ငြိမ်းချမ်းရေးရှာဖွေသူ ဆုချီးမြှင့်ခဲ့ကြသည်။ ဤဆုကို ပဋိပက္ခဖြေရှင်းရေး ဦးတည်သူ ပြိုင်ဘက်များကြားတွင် နေပြည်တော်ကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဝေဖန်သူတို့က ရှုမြင်ကြသည်။ အနောက်တိုင်းဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လောလောဆယ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံ၏ မအောင်မြင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ရှည်ကြာသောသမိုင်းကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြသည်။ လူမျိုးစုနှင့် နိုင်ငံရေးသူပုန်တပ်များ ၁၂ ဖွဲ့နှင့်အတူ KIA သည် ၁၉၆၃ ခုနှစ်ကကျင်းပသော ပထမဆုံး အကျယ်အပြန့် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွင် ပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများမှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်းပိုက်ခဲ့သော စစ်အစိုးရက သူပုန်များအတွက် နိုင်ငံရေးလိုက်လျောမှုမပါဘဲ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်ထူထောင်ရေးသာ ပေးခဲ့သောအခါ မျက်နှာစာပေါင်းစုံမှာ အလျင်အမြန်ပြိုကွဲပျက်စီးသွားခဲ့ရပါသည်။

တစ်ဖန် ၁၉၇၂ ခုနှစ်တွင် ထိုအချိန်က တရုတ်-မြန်မာနယ်စပ် တစ်လျှောက်လုံး သြဇာဖြန့်ကြက်လာသည့် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ကိုခုခံရန် KIA က အစိုးရကို ချဉ်းကပ်ခဲ့ပြန်ပါသည်။ အစိုးရက ထိုကမ်းလှမ်းချက်ကို ၂ လ တာမျှစဉ်းစားပြီး ပယ်ချခဲ့သည်။ လေးနှစ်ကြာသော် ကေအိုင်အေက CPB နှင့် ငြိမ်းချမ်းရေးတည် ဆောက်ခဲ့သဖြင့် အစိုးရတပ်များကို ဆက်လက်တိုက်ခိုက်နိုင်ရန် ကွန်မြူ နစ်များထံမှ တရုတ်လုပ်လက်နက်များ ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်မူ အရှေ့တောင် အာရှတစ်လွှား ကွန်မြူနစ်သူပုန်များကို ထောက်ပံ့ကူညီသည့် ပေါ်လစီ ဟောင်းကိုဘေဂျင်းက စွန့်ပစ်ခဲ့ပြန်ရာ CPB အပြင် KIA နှင့် မြန်မာအစိုးရအကြား လျှို့ဝှက်တစ် ပိုင်းဆွေးနွေးပွဲများ တရုတ်ကမကထ ပြုမှုဖြင့် ပေါ်ပေါက်ခဲ့သည်။ KIA ခေါင်းဆောင် ဘရန်ဆိုင်းကိုယ်တိုင် ထိုစဉ်က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းကို တွေ့ဆုံရန် ရန်ကုန်သို့ခရီးထွက်ခဲ့သော်လည်း နိုင်ငံရေးသဘောတူညီမှု တစ်စုံတစ်ရာမျှမရရှိ ခဲ့ပါ။

တစ်ချိန်တည်းတွင် အစိုးရသတ် မှတ်ချက်အလိုအရ ဖြစ်စေကာမူ၊ အတိုက်အခံ တစ်ရပ်လုံးကို တိုင်းပြည်သို့ပြန်လာစေရန် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်တစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်ပရောက် အထင်ကရ မြန်မာတိုင်းရင်းသား အများစု အတိုက်အခံနိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ကချင် သို့မဟုတ် အခြားတိုင်းရင်းသားလူမျိုးစုများက အနည်းစုမျှသာ လက်ခံခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ်တွင် ကေအိုင်အေက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ စစ်အစိုးရနှင့် ကချင်တို့ကြားဆွေးနွေး ပွဲပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုကို စစ်အစိုးရက ငြင်းပယ်ခဲ့ပြန်ပါသည်။ စစ်တပ်၏ ဗဟိုအာဏာချုပ်ကိုင်မှုကို လက်ခံပြီး ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက်အားလုံး စွန့်လွှတ်မှသာငြိမ်းချမ်းရေး ရနိုင်ပါသည်။

ယခုအခါ ဦးသိန်းစိန်အစိုးရက အတိတ်မှ စစ်အစိုးရများ၏ ပျော့ပျောင်းမှုမရှိသော အလားတူအနေအထားဖြင့် ၁၉၆၃၊ ၁၉၇၂၊ ၁၉၈ဝ နှင့် ၁၉၉၄ ငြိမ်းချမ်းရေး မောင်းနှင်မှုများကို ထပ်ကျော့လာခဲ့ပြန်ပါပြီ။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီသော တိုင်းရင်းသားလူမျိုးစု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင်အနောက် တိုင်းရော တရုတ်နိုင်ငံပါ မကျွမ်းကျင် မလိမ်မာမှုကို ပြခဲ့ကြပြီဖြစ်သည်။ ၁၉၄၈ခုနှစ် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ခဲ့ပြီးကတည်းက တိုင်းပြည်ကို ကပ်ဆိုက်စေခဲ့သော ပြည်တွင်းစစ်ပွဲများမှာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမှတစ်ဆင့် အမျိုးသားရင်ကြားစေ့ရေး ပြုလုပ်လိုသည့် ရည်ရွယ်ချက်ကို ဦးသိန်းစိန် ပထမဆုံး ကြေညာခဲ့သည့် ၂ဝ၁၁ ခုနှစ် အခြေအနေထက် ကြာရှည်ခံမည့် အဖြေတစ်ရပ်ရရှိရန် ပို၍နီးစပ်လာခြင်းမရှိပါ။ အစိုးရ၏ စကားတန်ဆာနှင့် နိုင်ငံတကာက ကျောထောက်နောက်ခံပြုသည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိပေသော်ငြား စစ်ကြောင့်ကြေမွခဲ့ရ သောမြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှာမူ စိတ်ပျက်စဖွယ် ကောင်းလောက်အောင်ပင် ယခင်အတိုင်းရှိနေဆဲ။ အရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမှာလည်း ယခင်လိုပင် ဝေးဆဲကွာဆဲ။

ဤစာစုကိုရေးသားသူ Bertil Lintne ဘာတေးလ် လင့်တနာသည် ယခင်က အရှေ့ဖျားဒေသ စီးပွားရေးစာစောင် (Far Eastern Economic Review) ၏ သတင်းထောက်ဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားနေသည့် စာရေးသူတစ်ဦးလည်း ဖြစ်ပါသည်။)

War trumps peace in Myanmar http://www.atimes.com/atimes/Southeast_Asia/SEA-01-190313.html#.UZaqMSV6qfQ.facebook