Monday, April 22, 2013

(အီးယူ) နဲ့ မြန်မာ အတိုအထွာ

(အီးယူ) ကနေ (ဆန်ရှင်) တွေ ရုပ်သိမ်းလိုက်တယ်။ လက်နက်ရောင်းချမှု ပိတ်ပင်တာတော့ ဆက်ရှိနေအုံးမယ်။ လူ့အခွင့်အရေး အဖွဲ့တွေက သဘောမကျဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောက်ခံချက်ပေးတယ်ဆိုတဲ့ သတင်းတွေ မနေ့ကထွက်ပါတယ်။

• EU (အီးယူ) ဥရောပယူနီယန် ရဲ့ မြန်မာ့အရေးမှာ ဘယ်လို ရပ်တည်ခဲ့ပါလည်း။ ကျေးဇူးတင်စရာတွေ များပါတယ်။ ဒါပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာ အတည်မဖြစ်ခင်ကတည်းကနေ လေသံရော၊ လုပ်ဆောင်တာတွေပါ အစိုးရဘက်မှာ အားသာသွားခဲ့ပါတယ်။
• ဒိနောက် အစိုးရနဲ့ ဒေါ်စုကိုဆက်ဆံရေးမှာ အစိုးရကို အမြဲတစေ (၁) နေရာမှာသာ ထားလာတယ်။ US (ယူအက်စ်) နဲ့ မတူတဲ့အချက်တခုဖြစ်ပါတယ်။
• ဒီမိုကရေစီလှုတ်ရှားမှု အနှစ် ၂ဝ အတွင်းမှာ ငွေကြေးထောက်ကူမှုဟာ အမေရိကန်က အဖွဲ့အစည်းတွေနဲ့ စာရင် (အီးယူ) က အတော်ကြီး နည်းပါးခဲ့တယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ နိုင်ငံကြီးတွေသာမကပါ စပိန်၊ အီတလီ၊ ပေါ်တူကီ နိုင်ငံတွေကလည်း တပြားတချပ်မှ ဒီမိုကရေစီရေးအတွက် ပေးတာ မရှိခဲ့ပါ။ (ဂျာမဏီ ကတော့ တချို့ရှိပါတယ်။)
• (အီးယူ) အနေနဲ့မဟုတ်တဲ့ (စကင်ဒီနေဗီးယား) နိုင်ငံတွေကတော့ ကောင်းကြပါတယ်။ နော်ဝေနိုင်ငံကတော့ စံပြနိုင်ငံ ဖြစ်တယ်။ ဒိန်းမတ်၊ ဆွီဒင်နဲ့ အိုင်ယာလန် နိုင်ငံတွေကလည်း ကောင်းကြပါတယ်။ နယ်သာလင်၊ ဖင်လန်၊ ချက်၊ ပိုလန်တို့ကလည်း စာနာမှုရှိကြပါတယ်။
• မှတ်ချက် (၁)။ အာရှတိုက်က ဘယ်နိုင်ငံကမှ မကူညီကြပါ။ နိုင်ငံရေးအရ အဆိုးဆုံးနိုင်ငံကြီး ၃ ခုဖြစ်တဲ့ တရုပ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ UN (ယူအင်) တို့ ILO (အိုင်အယ်လ်အို) တို့မှာ စစ်အစိုးရဘက်မှာသာ တလျှောက်လုံး မဲပေးခဲ့ကြပါတယ်။
• အပြောင်းအလဲဆိုတာနဲ့အတူ ကူညီတာတွေ မနည်းမနော ရှိလာပါတယ်။
• (အီးယူ) ကငွေတွေ ဘာအတွက် သုံးနေပါသလဲ။ “သီးသန့် အရေးတခုတည်း အတွက်သာ သုံးရပါတယ်။” “လူအများစု မပါစေရမူ” နဲ့သာ သုံးပုံရပါတယ်။
• ဥပမာ ကွန်ဖရင့်လုပ်ရင် NLD ကိုမဖိတ်ပါ။ ဝတ်ကျေတန်းကျေ ဖိတ်တဲ့အခါ NLD မတက် (နိုင်) ပါ။ ၁၉၉ဝ ရွေးကောက်ပွဲက တခြားပါတီတွေလည်း မကပ်ရပါ။ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ပြစ်ပယ်ရေးမှာ EU သဘောထား စစ်အစိုးရနဲ့ မခြားသလိုပါဘဲ။
• မှတ်ချက် (၂)။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို စပြီးတင်ခဲ့ချိန်မှာ တိုင်းရင်းသားတွေကို ကူညီဘို့ အမှန်တကယ် လိုအပ်တယ်ဆိုတဲ့ မူကိုချပြီး အကူအညီတွေ ရနိုင်၊ ပေးနိုင်အောင် NCGUB အဝေးရောက် အစိုးရကနေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ “ငွေထုပ်” နဲ့ EBO “ယူရို-ဗာမား-အော့ဖစ်” ဖြစ်လာတဲ့ အချိန်ကစပြီး အဝေးရောက်အစိုးရ ခြေလက် တစတစနဲ့ ပါလို့မရ ဖြစ်လာပါတယ်။
• အခုနောက်ပိုင်းမှာ “ငြိမ်းချမ်းရေး” ခေါင်းစဉ် ခေတ်စားလာတော့ (အီးယူ) သာမကတော့ပါ။ (ယူရို၊ ခရိုနာ၊ ဒေါ်လာ၊ ယန်း) သန်း ရာနဲ့ချည်ရှိလာပြီ။
• သခင်ကိုယ်တော်မှိုင်းခေတ်ကနဲ့တော့ မတူတာ တွေ့နေရသလို ဒဂုံတာရာ ပြောနေတာနဲ့လည်း ခြားနားတယ်ထင်ပါတယ်။
• အနည်းစုကို အကူအညီပေးတာ မှန်တော့မှန်တယ်။ အားပေးပါတယ်။ ဒါပေမဲ့ “ခွဲခြားမှု နည်းစေပြီး၊ အားလုံးကို တတန်းတည်း၊ တညီတည်းဆိုမှသာ ပြည်ထောင်စုသဘောအမှန် ဖြစ်ပါမယ်။” အနည်းထဲလည်း ခွဲနေသလားလို့ သံသယရှိပါတယ်။
• European Union (အီးယူ) ငွေနဲ့ “Exclusive Union (Myanmar) အိတ်စကလူးဇစ်ပ် ယူနီယန် (မြန်မာ)” လုပ်နေသလား မသိပါ။ (သမိုင်းရှည်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ နားလည်ကြတယ်လို့ မှန်းကြည့်မိပါတယ်။)
• မသိတာကို ရေးတာပါခင်ဗျား။ (စတိတ်ဟိုးလ်ဒါး) ကာယကံရှင်များ သဘောကသာ အဓိက ကျပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၃