Sunday, April 21, 2013

“ကျွန်တော် မသိတဲ့မေးခွန်းတွေ” နဲ့ “ဖေ့စ်ဘွတ် နိုင်ငံရေး လိုက်မမီသေး” ကွန်မင့်ပေးသူများသို့ -

ရေးထားတာလေးတွေကို ခပ်မြန်မြန်ဖြစ်ဖြစ် အချက်အလက်စုံစေ့အောင် ဖတ်မိသူဆိုရင် “မွေးနေ့ဆုတောင်းတာ မကောင်းဘူး”၊ “သမတကို ရှုတ်ချနေတယ်”၊ ဆိုတဲ့ ပြန်လှန်မေးခွန်းမျိုးတွေ လာမယ်မထင်ပါ။ လာနေလို့ ဒါကိုရေးပါတယ်။

ဦးသိန်းစိန်ဟာ ဦးနေဝင်း၊ ဗခမက စောမောင် နဲ့ ဗခမက သန်းရွှေတို့ထက် အများကြီး ပိုကောင်းတဲ့ခေါင်းဆောင် ဆိုတဲ့အချက်ကို မငြင်းပါ။ သမ္မတ ဒေါက်တာမောင်မောင်ဟာလည်း ဦးနေဝင်း၊ ဦးစိန်လွင်တို့ထက် ပိုကောင်းတာမှန်ပေမဲ့ (မဆလ) ကသာ ဖြစ်ပါတယ်။ လူထုဟာ ဒေါက်တာမောင်မောင်ကို ချီးမွမ်းခန်း မဖွင့်ခဲ့ကြဘဲ၊ သူပြုတ်ကျအောင်သာ လုပ်တာလည်း မဟုတ်ဘဲ၊ (မဆလ) တပါတီစနစ် ကျဆုံးအောင်သာ အသက်သွေးချွေးတွေ စတေးခဲ့ကြတယ်။

နိုင်ငံရေးမှာ စနစ်ကအရေးကြီးတယ်။ ဘယ်ပါတီကဆိုတာလည်း အရေးကြီးတယ်။ ကွက်ကြည့်ရင် အမှားများမယ်။ တချက်တလေးသာကြည့်ပြီး အကဲဖြတ်တာလဲ အလွဲများမယ်။

“တည့်တည့်ပြောလိုက်ပါရစေ၊ ဦးသိန်းစိန်ထက် အဆ ၁ဝဝ သာသူဖြစ်ပါစေ၊ မပြင်ဆင်သေးတဲ့ ၂ဝဝဂ ဖွဲ့စည်းပုံအရ တက်လာသူ၊ လက်ရှိ ကြံ့ခိုင်ရေးပါတီကတင်လာသူ၊ လူထုကရွေးတာ မဟုတ်သူ မှန်သမျှ ပန်းစည်း မပို့နိုင်ပါ။ ပန်းခွေသာ ပို့ပါမည်။”

ဆေးကုရာမှာ လူနာမှန်သမျှကိုပြုံးပြနိုင်ပေမဲ့ နိုင်ငံရေးမှာတော့ အားလုံးကို ပြုံးမပြနိုင်ပါခင်ဗျား။

စိတ်ဝင်တစား (ကွန်မင့်) ပေးကြတာတွေကို တလေးတစား (ကွန်မင့်) ပြန်ပေးထားပါတယ်။

• ဒေါက်တာမောင်မောင်ဆိုရင် စစ်တပ်ကနေ တက်လာတာမဟုတ်၊ ဥပဒေပညာရှင်သာ ဖြစ်တယ်။ ၁၉၈၈ မှာ “ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပျော်ပျော်ကြီးဆောက်ကြရအောင်” လို့ တောင်မှ စည်းရုံးခဲ့သူဖြစ်တယ်။ ဖေ့စ်ဘွတ် မပေါ်သေးလို့ လားတော့ မသိဘူး မွေးနေ့ ဆုတောင်းပေးတာ မရလိုက်ရှာဘူး။ တရားသူကြီးချုပ် ဦးတင်အောင်ဟိန်းကလည်း လူဖြောင့်လို့ သတ်မှတ်ခံရတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ (မဆလ) ဖြစ်နေတော့ လူထုက လုံးဝလက်မခံပါ။ လူတဦးချင်းကို မကြည့်နဲ့ဆိုတဲ့ သင်္ခန်းစာကို အဲဒီကတည်းက ရှိထားပြီးသား ဖြစ်ပါတယ်။

• နိုင်ငံရေး (နိုင်ငံ့အရေး) ဆိုတာ ဘယ်သောအခါမှ မပြီးပါ။ ဒီမိုကရေစီမှာ ပွဲထိုင်ကြည့်နေသူ များရင် မကောင်းလှပါ။ ဘယ်ပါတီမှ ထာဝရကောင်းတယ်လို့ မရှိတတ်ပါ။ ကျွန်တော် NLD ပါ။ ဒါပေမဲ့ ကောင်းအောင် မထိန်းနိုင်ရင် ကျွန့်တော့်ပါတီလည်း ကောင်းပါတယ်လို့ ကြွားရင် ဘယ်သူကမှ ယုံကြမှာ မဟုတ်ပါ။

• ဘယ်ပါတီကို ဝင်ပါလို့အခုချိန်မှာ အကြံမပေးချင်ပါ။ ကိုယ်တိုင်သာ ဆုံးဖြတ်သင့်ပါတယ်။ ပါတီမဝင်လဲ ဖြစ်တာပါဘဲ။ မဲပေးရာမှာတော့ ပါတီဖြစ်ဖြစ်၊ ပါတီခေါင်းဆောင်ဖြစ်ဖြစ်၊ အရွေးခံသူဖြစ်ဖြစ် ကြည့်ပြီး မဲပေးတာထက် လာမဲ့ လွှတ်တော် နဲ့ အစိုးရ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာကိုသာ ကြည့်သင့်တယ်လို့ ထင်ပါတယ်။

• အီရတ်ခေါင်းဆောင် (ဆဒမ်ဟူစိန်) တို့ မြောက်ကိုရီးယားခေါင်းဆောင် (ကင်မ် ဂျုံအန်) တို့မှာလည်း သဲသဲလှုတ် ထောက်ခံကြသူတွေ သန်းနဲ့ချည်ပြီး ရှိပါတယ်။ သူတို့မှာလည်း အဲလိုရွေးချယ်ခွင့် ရှိကြပါတယ်။ ဒီမိုကရေစီ နည်းသေးရင်တော့ ဓါတ်ပုံမှာမြင်ရတာ တကယ့် သူတို့ရဲ့ ရွေးချယ်မှုမှ ဟုတ်ရဲ့လားလို့ မေးစရာရှိမယ်။ နိုင်ငံရေး လေ့လာမှု နည်းသေးရင်တော့ ရွေးချယ်မှုမှာ အားနည်းမယ်။ ကြံ့ခိုင်ရေးပါတီဟာလည်း ပါတီကြီး ဖြစ်လို့ ထောက်ခံကြသူတွေ သန်းနဲ့ချည်ပါတယ်။ ဒီမိုကရေစီမှာ အပြန်အလှန် လေးစားမှုနဲ့ ရိုးရိုးသားသား ယှဉ်ပြိုင်ကြရမှာပါ။ ကနေ့ ဟိုဘက်မှာ နေသူတွေလည်း ပြောင်းလာတတ်ပြီး၊ ကိုယ့်ဘက်လူတွေ ဟိုဘက် ပြေးကြမှာလည်း ရှိတာပါဘဲ။

• အပြင်မှာနေခဲ့သူတွေထဲက အထဲပြန်ဝင် (ပြန်လည်ပတ်) သူတွေကို ဘယ်လိုသဘောထားကြသလဲ သိပ်မသိပါ။ အားဖြစ်ပါသလား သိပ်မသိသေးပါ။ ပိုလုပ်ပေးနိုင်ကြသလား သိပ်မသိသေးပါ။ ဘယ်သူ့အတွက် လုပ်ပေးကြသလဲ မသဲကွဲသေးပါ။ ငါကရော ဘာမိုလို့လဲ မေးနေပါတယ်။

• "စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရမည်" ဆိုတာနဲ့ အတူတူပါခင်ဗျား။ ၁၉၈၈ မှာ တပါတီစနစ် ကျဆုံးပါစေလို့ လမ်းပေါ်ကနေအော်ခဲ့ကြတယ်။ (ဆောရီး၊ ရေးထားတာကို သိအောင် မဖတ်ဘဲ ကိုယ်လိုရာဘဲ ဝင်ထောက်တာတွေကို တွေ့တော့ စိတ်တိုသွားတယ်ဗျာ။ ဆောရီးဗျာ။)

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၃