Saturday, April 20, 2013

ဖေ့စ်ဘွတ် နိုင်ငံရေး လိုက်မမီသေး

၂ဝ-၄-၂ဝ၁၃ မှာ သမ္မတအတွက် မွေးနေ့ဆုတောင်းတာတွေ ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရတော့ ငါမသိတာတွေ အများသားကလားလို့ သိလိုက်ပါတယ်။ မသိတာတွေကတော့ -
• သမ္မတကြီး ဦးသိန်းစိန်နဲ့ ဆွေမျိုး-မိတ်ဆွေရင်းခြာဖြစ်လို့ မွေးနေ့ဆုတောင်းပေးကြသလား မသိပါ။
• စစ်ခေါင်းဆောင်မှန်သမျှကို ကြည်ညိုလို့ စစ်အာဏာသိမ်းကတည်းက တိုင်းပြည်ရဲ့ ထိပ်ဆုံးနေရာကို ရယူထားသူတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး (ဦး) နေဝင်း၊ ဦးစန်းယု၊ ဦးမောင်မောင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက်ပါ မွေးနေ့ဆုတောင်း ပေးခဲ့ကြသူတွေကနေဘဲ ဦးသိန်းစိန်အတွက် ဆက်ပြီး မွေးနေ့ဆုတောင်း ပေးသလား မသိပါ။
• ဦးသိန်းစိန်ရဲ့ ကျေးဇူးတရားတွေကိုသာ အသိအမှတ်ပြုချင်လွန်းလို့ သူ့ကြမှ တကူးတက ဆုတောင်းပေးတာလား မသိပါ။
• ဆုတောင်းပေးသူတွေဟာ ကြံ့ခိုင်ရေးပါတီကဆိုရင်တော့ တာဝန်သိတာ မှန်ကန်ပါတယ်။ “သူတို့ရဲ့ အမေ-အဖေ၊ ဆရာသမား၊ ညီအကိုမောင်နှမများရဲ့ မွေးနေ့တွေမှာ ဆုတောင်းပေးကြသလားဆိုတာ မသိပါ။”

လူတဦးအတွက် မွေးနေ့ဆုတောင်းတာ ကောင်းတဲ့လုပ်ရပ်မှန်ပါတယ်။ ဒါပေမဲ့ အဲလောက်ထိ သဲသဲလှုတ် ချစ်ခင်လေးစား။ အားထားကြည်ညိုထိုက်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော် သဘောမတူနိုင်သေးပါခင်ဗျား။

သမ္မတတဦးအတွက် ဆုတောင်းတာဖြစ်ဖြစ်၊ မကျေမချမ်းပြောတာဖြစ်ဖြစ် “နိုင်ငံရေး” ဖြစ်ပါတယ်။ လူမှုရေးမှာ စရိုက်နဲ့ ဝါသနာကိုကြည့်ရသလို နိုင်ငံရေးမှာ စနစ်နဲ့ အကျင့်ဆိုတာကို ကြည့်ရပါမယ်။ ရှေ့ကြောင်းနောက်ကြောင်း စဉ်းစားရပါတယ်။ “လက်ရှိအနေအထားဟာ အရင်က စစ်အစိုးရလုပ်သမျှ ဆန့်ကျင်ဆန္ဒပြခဲ့ရာကနေ ဆန္ဒပြဘို့ သိပ်မလိုတော့တာထက်တော့ မပိုသေးပါခင်ဗျား။”

“အပေါ်ယံသာ ကြည်တာဟာ ဘာနဲ့တူသလဲ ဆိုတော့ (ဘော့စတွန်) မှာ ဗုံးခွဲခဲ့သူ လူငယ်လေးကို ရုပ်ရည်ဆိုတာလေးသာ ကြည့်ကြရင်တော့ လူချောပေါ့။ အပေါ်ယံသမားများ စဉ်းစားကြစေချင်ပါတယ်။”

အင်္ဂလိပ်လို Sop ဆိုတာရှိတယ်။ မူရင်းအဓိပ္ပါယ်ကတော့ စွပ်ပြုတ်ရည်ထဲမှာ နှစ်စိမ်ပြီး စားရတဲ့ ပေါင်မုံ့ကို ခေါ်ပါတယ်။ တင်စားပြီး တဖက်သားကို စိတ်သက်သာရာရသွားအောင်ပေးတဲ့ လက်ဆောင်၊ ငြိမ်သွားအောင် လာဘ်ထိုးတာကိုလည်း ခေါ်ပါတယ်။ လူတွေဆီကနေ မဲရချင်လာရင်၊ ရွေးကောက်ပွဲ နီးလာရင် တမင်တကာ လူများအကြိုက် ထုတ်ပြန်တာမျိုး လုပ်လေ့ရှိတာကို နိုင်ငံရေးအသုံးတခုအနေနဲ့ Sop ခေါ်ပါတယ်။ “သည်းခြေကြိုက်၊ မဲလိုက်ဝယ်ခြင်း” ဖြစ်ပါတယ်။

၂ဝ၁ဝ ကနေစလာတဲ့ မြန်မာပြည်က ပြောင်းအလဲတွေကတော့ Sop လို့မခေါ်သေးပါ။ လစာတိုးပေးတာ၊ ပင်စင်တိုးတာတွေဟာ ကုန်ဈေးနှုန်းတွေတက်လို့ တိုးပေးရတဲ့သဘောသာ ဖြစ်ပါတယ်။ ၂ဝ၁၅ မတိုင်ခင်ကြမှာ Sop တွေ လာပါလိမ့်မယ်။ ဆုတောင်းဘို့သာပြင်ထားကြပေတော့။

ကားတွေ ပါမစ်ချပေးတာမျိုး၊ မိုဘိုင်းဖုန်းဈေးချတာမျိုးတွေက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာနဲ့ ခပ်ဆင်ဆင်ပါ။ အစကတည်းက ဖမ်းဘို့မသင့်သလို SIM ဈေးကို အစကတည်းက ဘယ်နိုင်ငံမှာမှ မရှိတဲ့ဈေးမျိုး တင်ထားခဲ့တာကို သင်တင့်လျှောက်ပတ်အောင် လုပ်တာသာ ဖြစ်တယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာနဲ့ ဗခက ခင်ညွန့် ရာထူးချတာ တွဲနေခဲ့သလို၊ ဖုန်းဈေးနှုန်းမှာလည်း ဦးသိန်းထွန်းကို နည်းနည်းပါးပါးလေး အရေးယူပြီးနောက် ဖြစ်လာရတာပါ။ အခုအဲဒီပုဂ္ဂိုလ်ကြီးတွေ ဘယ်မှာလဲ။ ဝန်ကြီးချုပ်ဟောင်းဆိုရင် ဖေ့စ်ဘွတ်မှာ သင်္ကန်းဝတ်တဲ့ပုံ တင်ပေးသူ၊ ဘုန်းကြီးနဲ့ တွဲတဲ့ပုံ တင်ပေးသူ၊ သူ့ပရိသတ်နဲ့သူ ဟန်ကိုကြလို့။

အိန္ဒိယမှာတော့ 2G spectrum scam ဆိုတဲ့ (မိုဘိုင်း-တယ်လီဖိုနီ) လိုင်စင်ချပေးတဲ့ အမှုအကြီးဟာ ဒေါ်လာ ၃၂ ဘီလျန် တန်ဘိုးရှိပါတယ်။ ဝန်ကြီး၊ နိုင်ငံရေးသမားတွေနဲ့ အစိုးရအရာရှိတွေကို လာဘ်စားလို့ အရေးယူပါတယ်။ မြန်မာပြည်မှာလို ရုပ်ပြလောက်သာ အရေးယူတာမဟုတ်ပါ။

ကျွန်တော်တို့တိုင်းပြည်မှာတော့ ဆက်သွယ်ရေးဝန်ကြီးလည်း အေးအေး ဆေးဆေးဘဲ။ အပြစ်ရှိသူကို အရေးမယူရဲတဲ့သမ္မတကိုကြ ဖေ့စ်ဘွတ်မှာ အသက် ၁၂ဝ ရှည်စေသော်ဝ်တဲ့။ သူများတိုင်းပြည်မှာတော့ အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီတရားရင်ဆိုင်စေတဲ့ ဝန်ကြီးချုပ်ရဲ့ မွေးနေ့မှာ ဖေ့စ်ဘွတ် ကနေ ဆုတောင်းတာ မတွေ့ရပါ။ မြန်မာ့ ဖေ့စ်ဘွတ် နိုင်ငံရေးကို လိုက်မမီသေးပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၃