Wednesday, April 10, 2013

မြန်မာ့လေဒီ သွားရှာပြီလို့ ခုအနေမှာ မတွက်ပါနဲ့

Don't Count Burma's Lady out... Yet ဆောင်းပါးဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မိန်းခွန်းရေးသားသူ (ယခင်) Rena Pederson (ရေနာ-ပီဒါဆင်) ကနေ ရေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမတိုင်းပြည်အဘို့ အင်မတန် ကြမ်းတမ်း ခက်ခဲလှတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဗယ်ဆုရှင်ဟာ အခုထိ စစ်တုရင်ကစားနည်းလို မြန်မာ့နိုင်ငံရေးပွဲမှာ စောင့်ကြည့်ရမဲ့ ကစားသမားတယောက် ဖြစ်ပါတယ်။

သူမတိုင်းပြည်လူထု သန်းပေါင်းများစွာက “လေဒီ” (အမေစု) လို့ခေါ်တဲ့ (ဒေါ်အောင်ဆန်း) စုကြည်ဟာ စစ်တုရင် ကစားကွက်ပေါ်က ဘုရင်မနဲ့ အလားတူပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ကစားရာမှာ (နိုက်)၊ (ဘစ်ရှော့)။ (မန့်ခ်) တွေလိုဘဲ ရွေ့ရှားနိုင်တဲ့ (ပါဝါ) အတူတူ ရှိပါတယ်။ သူမဟာ လေးနက်တဲ့ တွက်ချက်မှုနဲ့ ခေါင်းသုံးပြီး နောက်ဆုံးရလဒ်ကိုတွက်ကာ၊ ခက်ခဲလှတဲ့ကစားပွဲမှာ နွှဲနေရတာပါ။ ဘယ်နည်းနဲ့နိုင်မလည်းဆိုတာ ဒီ ရွေ့ကွက် (၃) ကွက်အပေါ်မှာ မူတည်ပါတယ်။
၁။ စစ်တပ်က ကြီးစိုးထားတဲ့ လွှတ်တော်ကနေ ဖွဲ့စည်းပုံကို ပိုပြီးဒီမိုကရေစီကျအောင် ပြင်ဆင်ရေး၊
၂။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူမပါတီကနေ နေရာတွေများများရရှိရေး နဲ့
၃။ သူမကိုယ်တိုင် သမ္မတဖြစ်လာရေး ဆိုတာတွေ ဖြစ်ပါတယ်။

ခက်ခဲလှမဲ့အတိုင်းအဆက ကြီးမားလွန်းပါတယ်။ ဒါပေမဲ့ နေ့တဓူဝပြဿနာတွေကိုသာ အာရုံစိုက်နေရသူတွေအဖို့တော့ (ဒါကလည်း နည်းလှတာတော့ မဟုတ်ပါ) ဒေါ်စုအနေနဲ့ သူမရဲ့အခြေခံကို အင်အားကြီးမားလှတဲ့ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်အပါအဝင် ပိုခိုင်မာလာစေအောင် (စမတ်ကျကျ) ကြံဆောင်နေရသလည်းဆိုတာကို သဘောပေါက်နိုင်ကြမှာ မဟုတ်ပါ။

တပ်မတော်နေ့မှာ ပေါ်လာတဲ့ (ပရိတ်သတ်နေရာရှေ့တန်းက) သူမရဲ့ဓါတ်ပုံတွေမှာ သူမကိုတချိန်က နေအိမ်မှာ အကျယ်ချုပ်ချထားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အတူထိုင်နေတာကို မြင်လိုက်ရတာဟာ လျှပ်စစ်ဓါတ်လိုက် ခံလိုက်ရသလား အောက်မေ့ရပါတယ်။ သူမနဲ့ စစ်ဗိုလ်ချုပ်တွေကနေ လူအများသိအောင်ပေးလိုက်တဲ့ သတင်းစကားကတော့ “ဒို့အတူ တွဲလုပ်လို့ရနေပြီ” ဆိုတာပါဘဲ။

မကြာသေးခင် ရက်သတ္တပါတ်တွေက မြန်မာပြည်ထဲမှာ ကျမရခဲ့တဲ့ အင်တာဗျူးကို အခြေခံပြောရရင် ဟယ်လရီ ကလင်တန် ရဲ့ မှတ်စုစာအုပ်ထဲက သူမ အမေရိကန် ပြည်ထောင်စု ဆီနေတာ ဖြစ်လာတဲ့ စာမျက်နှာကို ဒေါ်စုက ရယူနေသလားလို့ ထင်နိုင်ပါတယ်။ အဲဒါကတော့ “သင့် ကော်မီတီအစုအစည်းမှာ သတိကြီးကြီးထားပြီးသကာလ၊ သင့် အထက်မှာ ရှိနေသူတွေရဲ့ ရှေ့ကနေလည်း ထွက်မသွားပါနဲ့” ဆိုတာပါဘဲ။

ဒေါ်စုဟာ သူမတချိန်မှာ တကယ်လိုအပ်လာမဲ့ စစ်တပ်ကြီးစိုးမှုကနေ ပြေလျှော့လာအောင် မဲရဘို့ရာအတွက် လွှတ်တော် အမတ်တွေနဲ့ ကြားကကွာဟချက်တွေကို တံတားခင်းပြီး ကျဉ်းစေဘို့ရာ တာဝန်ကျေကျေ လုပ်ဆောင်နေပါတယ်။ သူမဟာ ကျိကျိတက်အောင် ချမ်းသာနေသူတွေဆီလဲ လက်လှမ်း ဆန့်တမ်းနိုင်နေပါပြီ။ သူတို့ဟာ စစ်တပ်ရဲ့ ခရိုနီတွေ ဖြစ်ကြပြီး၊ ဒီမိုကရေစီအရေးကို အတားအဆီးမလုပ်စေဘဲ ကူညီသူတွေဖြစ်လာစေအာင် ဒေါ်စုကဆွဲယူနေတာပါ။

ဒီလိုလုပ်တာကို လူတိုင်းကနေ သြဘာပေးကြတာတော့ မဟုတ်ပါ။ ဒေါ်စုက လှည့်ကွက်လုပ်တယ်၊ ရောင်းစားတယ်ဆိုပြီး စွပ်စွဲကြတာတွေလည်း ရှိပါတယ်။ ဒိထက်ဆိုးတာက သူမဟာ တကယ့်နိုင်ငံရေးသမားဖြစ်သွားပြီဆိုတာပါဘဲ။ (လန်ဒန် ဂျွန်ဆင်) ကတော့ သဘောကျနေပါလိမ့်မယ်။ (ဘာသာပြန်သူရဲ့မှတ်ချက်။ “လန်ဒန် ဂျွန်ဆင်” ဆိုတာ “ဂျွန်-အက်ဖ်၊ ကနေဒီ” လုပ်ကြံခံရပြီးနောက်မှာ တက်လာတဲ့ အမေရိကန်သမတဖြစ်ပါတယ်။)

သူမကို ဝေဖန်သမှုပြုလာတဲ့ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတခုကတော့ သူမဟာ နေအိမ်အကျယ်ချုပ်ဘဝမှာ မဟုတ်တော့တာပါဘဲ။ သူတော်စင်ဆိုတာ သူတကာမမြင်ရတဲ့ နေရာမျိုးမှာသာ ရှာလို့လွယ်ကူတယ် မဟုတ်ပါလား။ တချိန်တည်းမှာ ပြည်တွင်းမှာ ဂျာနယ်လစ်တွေကလည်း နှောင်ကြိုးတွေကင်းလာကြပါပြီ။ ၁၉၆၄ ကတည်းက ပိတ်ထားခံရတဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေလည်း ခွင့်ပြုချက်ရလာပါပြီ။ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေလည်း သတင်းစာထုတ်ပါတော့မယ်။ (အေပီ) သတင်းဌာနကလည်း ရန်ကုန်မှာ ဗျူရိုရုံးဖွင့်နိုင်လာပါပြီ။ သတင်းပို့တာတွေ များလာခြင်းဟာ စကာတင်ခံရမှုတွေ ပိုလာမယ်၊ အနုတ်သဘောဆောင်တာတွေလည်း ကဲလာပါမယ်။

သက်သေပြချက်တခုကတော့ ရက်သတ္တပါတ် အနည်းငယ်တုံးက စစ်တပ်ပိုင်ကုမ္ပဏီကနေ လယ်မြေတွေ သိမ်းယူတာ ခံခဲ့ကြရတဲ့ လယ်သမားတစုကနေ ဒေါ်စုကို ဝိုင်းပြီး ကန့်ကွက်တားဆီးမှု လုပ်ခဲ့ကြပါတယ်။ ဒေါ်စုကို အမှုအခင်းဖြေရှင်းရေးမှာ တာဝန်ပေးထားတာပါ။ ဥပဒေအရ လယ်သမားတွေရဲ့နေအိမ်တွေကို ပြန်ပေးလို့ မဖြစ်နိုင်ပါ။ ဒေါ်စုကို မီဒီယာမှာ ဆုံးရှုံးမှုဘဲ၊ ကျဆုံးမှုဘဲလို့ ဝိုင်းဆော်ကြပါတယ်။

သူမရဲ့ လက်ရှိကိုင်တွယ်ရတဲ့ ပေါက်ကွဲလွယ်တဲ့ အရေးအခင်းကတော့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်အဓိကရုဏ်းဖြစ်ပါတယ်။ မြန်မာပြည်အနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေကြောင့် မွတ်ဆလင်တွေ ထောင်နဲ့ချည်ပြီး နေအိမ်တွေကနေ ထွက်ပြေးကြ ဒုက္ခသည်စခန်းတွေမှာသာ နေကြရတယ်။ တိုင်းပြည်အလယ်ပိုင်းမှာလည်း ဘာသာရေး အဓိကရုဏ်းကြောင့် အနည်းဆုံး မွတ်ဆလင် ၄ဝ သေဆုံးကြရပြန်တယ်။ အပိုင်းပိုင်းဖြတ်တာ၊ မီးတင်ရှို့တာလည်း ခံကြရတယ်။ ခရစ်ယန်အများအပြားနေတဲ့ မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေကြောင့် ထောင်ဂဏန်းရှိသူတွေ ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးကြရတယ်။

ဒေါ်စုကို အကြမ်းဖက်မှုတွေနဲ့ လူနည်းစုတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရေးအတွက် ဒိထက်ကျယ်ကျယ် ပြောလာဘို့ကို ဖိအားပေးတာတွေ တိုးလာနေပါတယ်။ သမတဦးသိန်းစိန်ကတော့ ထူးထူးခြားခြား တီဗွီကနေ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မိန့်ခွန်းပြောကြားပါတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့ စိတ်ပိုင်းဆိုင်ရာသြဇာနဲ့ အသံကပိုပြီး ကူညီနိုင်ပါလိမ့်မယ်။

စစ်တပ်နောက်ခံပေးထားတဲ့ လူစု (မမြင်ရတဲ့လက်မည်းကြီး) ကနေ ဒီလိုအကြမ်းဖက်မှုနောက်မှာ ပါနိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကြောင့် အခြေအနေကို ပိုပြီး ရှုတ်ထွေးလာစေပါတယ်။ ချက် ကစားရာမှာ ဘုရင်ကြီးကနေ သူ့နောက်မှာ တချို့ဟာတွေကို ကွယ်ပေးထားနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါသလား။

ဒေါ်စုအနေနဲ့ လွှတ်တော်အမတ်အနေနဲ့ ပိုပြီး ခြေကုပ်ရနိုင်ပြီး ငြိမ်းချမ်းရေး ရွက်ဆောင်ပေးသူအဖြစ် အသံပေးနိုင်ပါမယ်။ မြန်မာနိုင်ငံဟာ တရုပ်နဲ့ အိန္ဒိယကြားမှာ မြားပြစ်စက်ဝိုင်းလိုနေရာမှာရှိတဲ့ ဒီလို ပြိုင်ပွဲကြီးမှာ အခယာကျတဲ့နေရာမှာ ရှိနေပါတယ်။

ခုနောက်ဆုံးခရီးစဉ်အတွင်းမှာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြသူ အမြောက်အများကနေ မတူညီတဲ့ စိုးရိမ်ချက်တွေ ပေးခဲ့ကြပါတယ်။

ဇင်မာအောင်ဟာ ကောလိပ်ကျောင်းသူဘဝမှာ နိုင်ငံရေးကဗျာဖြန့်ဝေလို့ ၁၁ နှစ်တာ အကျဉ်းချခံခဲ့ရသူပါ။ သူမက အခုတော့ မြန်မာနိုင်ငံထဲမှာ အမျိုးသမီးတွေ အသံထွက်လာကြဘို့ စည်းရုံးပြီး ကွန်ဖရင့်ခေါ်ဘို့ရာ မိုဘိုင်းဖုန်းကို အသုံးပြုနေပါတယ်။ သူမဟာ ပန်းပွင့်ဓါတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ပေးပါတယ်။ သူမရဲ့ကားမှာလည်း ပန်းပုံတွေ ကပ်ထားတယ်။ ဘာလို့လဲဆိုတော့ ၁၁ နှစ်တာသူမ အဲဒါမျိုးနဲ့ ကင်းဝေးနေခဲ့ရလို့ပါဘဲ။ အခုဟာက ကွဲလွယ်ပဲ့လွယ်တဲ့ အကူးအပြောင်းကာလပါဘဲ။ ကျမတို့က လူ့အသိုင်းအဝိုင်းသစ်တခုကို တည်ဆောက်နေကြတာပါ။ သူမနဲ့အဖေါ်တွေဟာ အမုန်းတရားအခြေခံရာဇဝတ်မှု ဆန့်ကျင်ရေးအတွက် ခရီးလှည့်လည်ပြီး ဒဏ်ခံထားရသူတွေကို အားပေးနေကြပါတယ်။

ဦးဝင်းတင်ကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဂျာနယ်လစ်တဦးလို့ ယူဆထားပါတယ်။ သူ့ရဲ့ ၈၃ နှစ်မြောက်မွေးနေ့ကို မကြာသေးခင်ကမှ ကျင်းပပြီး သူ့ထောင်တွင်းကာလကရခဲ့တဲ့ ကျန်းမာရေးအတွက် ဆေးရုံလည်းသွားခဲ့ရပါသေးတယ်။ သူဟာ အပြာရောင် အင်္ကျီကို အမြဲဝတ်ဆင်နေသူပါ။ ဘာလို့လဲဆိုတော့ ပါလီမန်မှာ စစ်တပ်ကကြီးစိုးနေသမျှ တိုင်းပြည်ဟာ လွတ်လပ်သေးဘူး ဆိုတာကို ထောင်ထဲမှာ သူဝတ်ခဲ့ရတဲ့အရောင်နဲ့ သတိပေးနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်းဆန်းစုကြည် တယောက်တည်းကသာ ပါတီကို ၂ဝ၁၅ အထိချီတက်ဘို့ရာ စုစည်းထားနိုင်သူဖြစ်တယ်လို့ သူကယုံကြည်ပါတယ်။ သူမဟာ စုစည်းနိုင်တဲ့စွမ်းအားဘဲ။ သြဇာပြည့်တယ်။ လူတိုင်းကသဘောကျပြီး လိုအပ်ချက်လည်း ဖြစ်တယ်။

နေဖုန်းလတ်ဟာ တိုင်းပြည်ထဲက ထိပ်တန်း ဘလော့ကာဖြစ်ပါတယ်။ ဆံပင်ကိုခေတ်ဆန်အောင် ထားပြီး Iowa Writer's Workshop အိုင်အိုဝါ စာရေးဆရာများ ဝပ်ရှော့မှာ သင်ယူဘူးသူလည်း ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သတင်းဓါတ်ပုံတွေကို အနောက်တိုင်း သတင်းဌာနတွေဆီပို့ပေးခဲ့လို့ ထောင်ကျထားသူလည်း ဖြစ်ပါတယ်။ အခု အသက် ၃၃ နှစ်ရှိပါပြီ။ သူဟာ နောက်မျိုးဆက်သစ်တွေကို တနေကုန်သင်တန်းမျိုး ပေးနေပါတယ်။ လူတိုင်းက ဘာလော့ကာ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ဂျာနယ်လစ်ဆိုတာဘာလဲ မသိကြဘူး။ တချို့ဟာတွေ ပြောင်းနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြောင်းစရာတွေက များလှတယ်ဗျာ။

(ဦး) ခွန်းထွန်းဦးကတော့ ရဲရဲဝံ့ဝံ့နဲ့ ရှမ်းလူမျိုးစုရဲ့အခွင့်အရေးကို ပြောနေသူဖြစ်ပါတယ်။ မနှစ်ကမှ ထောင်က လွတ်လာရသူပါဘဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးမရရင် မြန်မာနိုင်ငံဟာ ဘယ်လိုလုပ် ဆက်သွားလို့ရမှာလဲ။ သမတကအပြစ်ရပ်ဘို့ပြောတယ် စစ်တပ်ကဆက်တိုက်နေတယ်။ ကိုယ်ပြောတဲ့စကားကို မလိုက်နာတဲ့အကျင့်က အခုထိ ပါနေကြတယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်စခန်းသွားမလည်း။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ကြိုးစားမှာဘဲ။ အင်တာဗျူးပြီးလို့မှ မကြာခင် မြန်မာစစ်တပ်ဟာ ရှမ်းဒေသကို တိုက်ပါတယ်။

ဦးတင်ဦးဟာ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ ၁၉၈၈ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး NLD ကိုထူထောင်ခဲ့သူပါ။ သူမအတွက် အနီးကပ်ဆုံး အကြံပေးတွေထဲက တယောက်အဖြစ် ဆက်ရှိနေပါတယ်။ သူဟာ ထောင်ထဲမှာ နှစ်တွေအကြာကြီးနေခဲ့ရပြီး အသက်ကလည်း ၈၆ နှစ်ရှိနေပြီဖြစ်ပေမဲ့ အားကျစရာကောင်းလောက်အောင် တက်ကြွနေသေးသူဖြစ်ပါတယ်။ ဦးတင်ဦးကတော့ အရေးပါလှတဲ့ ၂ဝ၁၅ မတိုင်ခင် ဖွဲစည်းပုံကိုပြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အရင်နဲ့စာရင် အခြေအနေတွေက အလင်းရောင်မြင်နေရပါပြီ။ သူတွက်တာက ဒေါ်စုဟာ အသက် ၆၇ နှစ်မို့ နောက်ထပ် ၁ဝ နှစ် တိုင်းပြည်ကို ဦးဆောင်နိုင်ပါသေးတယ်။ အဲဒီအချိန်မှာ နောက်မျိုးဆက်သစ်ကလည်း အဆင်သင့်ဖြစ်နေလောက်ပါပြီ။ ဒီကြားထဲမှာ ဝန်ထုပ်ကြီးက ဒေါ်စုအပေါ်မှာကျနေတယ်။ ဒေါ်စုက စမတ်ကျတဲ့ အမျိုးသမီးပါ။ သူက တိုင်းပြည်က ဘာလိုတယ်ဆိုတာ ကောင်းကောင်းသိတယ်။

အနောက်တိုင်းသံတမန်တွေကတော့ ဒေါ်စုဟာ ပါလီမန်နဲ့ ၂ဝ၁၅ ကိုအာရုံစိုက်နေရလို့ ပြီးခဲ့တဲ့လတွေမှာ သီးခြားလို ပိုဖြစ်လာတာကို စိုးရိမ်ကြပါတယ်။ နောက်တပါတ်ထဲမှာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဘို့ရာ ဂျပန်ကိုလည်းသွားလည်ပါမယ်။ ရန်ကုန်မှာ အင်တာဗျူးတွေကို မပေးနိုင်ဘဲ သူမဆီဝင်နိုင်ထွက်နိုင်တဲ့ စက်ဝိုင်းကိုလည်း ကျဉ်းပြစ်ထားပါတယ်။ နေအိမ်တံတိုင်းကလည်း သူမနေအိမ်ခြံဝမှာ နေ့တိုင်းဓါတ်ပုံလာရိုက်နေကြတဲ့ (တိုးရစ်) တွေဘေးက အေးအောင် ကာရံထားလိုက်ပါတယ်။ “ဂရေ့စ်လင်း” ကိုလာကြည့်ကြသလိုပေါ့။ (ဘာသာပြန်သူမှတ်ချက်။ “ဂရေ့စ်လင်း” ဟာ “အဲလ်ဗစ်ပရက်စလေ” ရဲ့နေအိမ်ဖြစ်ပါတယ်။)

ဘယ်လိုဘဲ ရှုတ်ချတာတွေ ပြစ်တင်ဝေဖန်မှုတွေ ရှိနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ ချီးမွမ်းအံ့သြစရာ ပုဂ္ဂိုလ်တဦးအဖြစ် ဆက်ရှိနေပါတယ်။ တကယ်လို့များ သူမနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ဆန္ဒမဲနဲ့ ယှဉ်ရွေးရမယ်သာဆိုရင် ပြိုင်စရာတောင် မလိုတော့ပါ။ ထောင်တွေကို ချုပ်ကိုင်ကြီးကြပ်ခဲ့သူတွေထက် ပြောစရာလေး နည်းနည်းတော့ရှိနေမဲ့ ဘုရင်မတပါးဟာ မသာလွန်ပါလား။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၃

http://www.huffingtonpost.com/rena-pederson/dont-count-burmas-lady_b_3048779.html?utm_hp_ref=fb&src=sp&comm_ref=false