Monday, March 11, 2013

NLD ညီလာခံ နဲ့ အသံတွေ

NLD ညီလာခံနဲ့အတူ အသံတွေကြားရတယ်။ နိုင်ငံရေး သက်ဝင်မှုကို ကိုယ်စားပြုတာလို့ မှတ်ယူပါတယ်။

မြန်မာပြည် ကျွန်သဘောက်ရောက်ခဲ့ရတဲ့ ၁၈၈၅ ကတည်းကဖွဲ့ခဲ့တဲ့ Indian Congress Party အိန္ဒိယကွန်ဂရက်ပါတီဟာ ကမ္ဘာမှာ သက်တမ်း အရှည်ဆုံး နိုင်ငံရေးပါတီဖြစ်ပါတယ်။ နိုင်ငံရေးသဘာဝ၊ လောကဓမ္မတာအရ အပြောင်းအလဲတွေ အများကြီး ဖြတ်သန်းရတယ်။

ကွန်ဂရက်ပါတီမှာ အကွဲအပြဲဆိုတာ မနည်းပါ။ ပါတီတွင်းမှာ နေရာလုကြတာလဲ ခုံနံပါတ်မပါပဲ ဘောလုံးပွဲတိုးကြည့်ရသလိုပဲ။ အဂတိလိုက်စားလို့ အထုတ်ခဲ့ရသူဆိုတာ မရေတွက်နိုင်ဘူး။ ရာဇဝတ်မှုတွေ တသီချည်းနဲ့ နိုင်ငံရေးသမားတွေ၊ လူမှုရေးနာမည်ပျက်နဲ့ ထွက်ရသူတွေ ဒုနဲ့ဒေး ရှိသေးတယ်။ ဒါလဲပဲ Party ticket ပါတီတီးကက်ဆိုတဲ့ ရွေးကောက်ပွဲဝင်ဘို့ လက်မှတ်ရရေး ငွေကုဋေနဲ့ပေးမှ ရမယ်။

၂ဝဝ၈ နိုဝင်္ဘာလထဲမှာ ကွန်ဂရက်ပါတီ အထွေထွေအတွင်းရေးမှူးတဦးဖြစ်သူကနေ စွဲဆိုချက်တခု တင်ခဲ့တယ်။ အမတ်နေရာအတွက် Meritocratic appointment တော်တဲ့အရည်အချင်းကို ကြည့်ရွေးတာ မဟုတ်ပဲ Bidding ငွေအပြိုင်ပေးနိုင်သူမျိုးကို ရွေးတယ်လို့ (မာဂရက် အယ်လ်ဘာ) ကစွဲချက်တင်တာပါ။ သူ့ကို ပါတီဥက္ကဌ မစ္စစ်ဆိုနီယာ ဂန္ဒီကနေ ထုတ်ပြစ်လိုက်ပါတယ်။ အဲဒီတုံးက ပါတီမှာ အခုလိုနေရာကြီးကြီးအထိ ရောက်မလာသေးတဲ့ ရာဟုဂန္ဒီက မှတ်ချက်ပေးပါသေးတယ်။ Democracy in political parties is non-existent in India. You cannot enter unless you are well connected. “အိန္ဒိယမှာ ပါတီတွင်းဒီမိုကရေစီဆိုတာ ဘယ်မှာမှ မရှိဘူး။ အဆက်အသွယ်ကောင်းကောင်းမရှိရင် ဝင်လာလို့ မရဘူး” တဲ့။ အိန္ဒိဟာ ဒီမိုကရေစီ ဘိုးအေပါ။ ကျွန်တော်တို့ဆီက စီကာစရှိပါသေးတယ်။

အာဏာရပါတီတို့ ပါတီကြီးတို့မို့ အဲလိုဟာတွေရှိတာ မဟုတ်ပြန်ပါ။ ခြောက်ပြစ်မပြောနဲ့ တပြစ်ကင်းတဲ့ပါတီဆိုတာ ဘယ်မှာရှိပါသလဲ။ ၁၇-၇-၂ဝဝ၈ နေ့ နယူးဒေလီကနေ ဝါရှင်တန်ကို လှို့ဝှက်ပို့တဲ့ အစီရင်ခံစာ ကေဘယ်မှာ ကွန်ဂရက်ပါတီ အတွင်းလူ ဆတစ်ရှ်-ရှားမားရဲ့ လက်ထောက် နာချီကေတာ-ကပူးက အမေရိကန်သံတမန်တဦးကို ထုတ်ပြောတာတခု ပါတယ်။ “ကွန်ဂရက်ပါတီ လွှတ်တော်တဲမှာ အယုံအကြည်မရှိအဆိုကို မဲခွဲတော့ အတိုက်အခံပါတီအမတ် ၄ ယောက်ကို ရူးပီး ၁ဝ ကုဋေစီပေးပြီး မဲဝယ်ခဲ့တယ်” လို့ ဆိုပါတယ်။

အာဏာရပါတီတခုတည်းမဟုတ်တာ သတိပြုစေချင်ပါတယ်။ ကွန်ဂရက်ပါတီပြီးရင် ဒုတိယ အင်အားအကြီးဆုံး (ဘီဂျေပီ) ပါတီမှာ ရာဇဝတ်မှုမကင်းတဲ့ အမတ်ဦးရေ အများဆုံး ရှိပါတယ်။ အာဏာမရသေးလဲ ကောင်းသေးတယ် မထင်ပါနဲ့။ ကွန်မြူနစ်ဆိုတိုင်း လူထုတို့ ဆင်းရဲသားတို့ ဟောပြောရေးသားတိုင်း အကောင်းချည်း မမြင်ပါနဲ့။ ကွန်မြူနစ်ပါတီကြီးနှစ်ခုလုံးမှာ ရာဇဝတ်မှုမကင်းတဲ့ အမတ်တွေရှိတာပါပဲ။

၂ဝဝ၄ Lok Sabha (အောက်လွှတ်တော်) ကို စစ်တမ်းထုတ်ထားတာခု ကြည့်ပါ။ ရာဇဝတ်မှုရှိနေသူ အမတ်ဦးရေက ဒီလိုရှိပါတယ်။
• BJP (လက်ရှိအတိုက်အခံပါတီ) = 29
• INC (လက်ရှိအာဏာရပါတီ) = 24
• SP = 11
• RJD = 8
• CPM (ကွန်မြူနစ်ပါတီ တခု) = 7
• BSP = 7
• NCP (ကွန်ဂရက်ခွဲထွက်) = 5
• CPI (ကွန်မြူနစ်ပါတီ တခု) = 2

ဒီမိုကရေစီရဲ့သဘောကိုက သူ့ထက်ကောင်းတာ မရှိသေးသ၍ အကောင်းဆုံး ထင်တာကိုသာ ရွေးကြရတယ်။ ဒီလို ခပ်ညံ့ညံ့တွေ များလေလေ လူထုက မဲပေးဘို့ စိတ်မဝင်စားလေလေ ဖြစ်တယ်။ ခုထိတော့ မြန်မာပြည်မှာ မဲပေးပွဲတွေ (ရွေးကောက်ပွဲတွေ၊ ဆန္ဒခံယူပွဲတွေ) မှာ မဲလာပေးသူတွေ အလွန်များနေတုံးပဲ။ ပါတီဝင်အင်အား သန်းပေါင်းများစွာ USDP ကြံ့ခိုင်ရေးမှာရော NLD မှာပါရှိတယ်။

နေရာလုသတင်း၊ အကွဲအပြဲသတင်းဟာ နိုင်ငံရေးပါတီတိုင်းရဲ့ ဖြစ်ရိုးစဉ်လာ နိယာမတွေသာ ဖြစ်တယ်။ တကြိမ်ထက် တကြိမ် ပိုကောင်းလာရေးကိုသာ မျှော်လင့်နိုင်ကြပါမယ်။ မဲမလိုပဲ လွှတ်တော်တက်ရသူတွေလဲ “ယူနီဖေါင်းဝတ် ကမ်းနားသစ်ပင်” တွေသာ ဖြစ်ကြတယ်။ ထောက်ပြဝေဖန် ဆဲရေးသံတွေ လုပ်ကြသူများက စေတနာ အားကောင်းပါမှ တိုင်းပြည်တခုလုံး ပိုကောင်းလာမှာကို မျှော်လင့်နိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၃